မန်ယူအသင်းကို လက်ရှိတန်ကြေး၏ (၂) ဆကျော်ဖြစ်သော ပေါင် (၇)ဘီလီယံအထိတန်ဖိုးရှိလာစေရန် ဂလေဇာမိသားစုကြိုးပမ်းမည်

မန်ယူအသင်းကို လက်ရှိတန်ကြေး၏ (၂) ဆကျော်ဖြစ်သော ပေါင် (၇)ဘီလီယံအထိတန်ဖိုးရှိလာစေရန် ဂလေဇာမိသားစုကြိုးပမ်းမည်
Photo: Getty Images
Photo: Getty Images
Published 6 May 2021

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် အသင်းအား  လက်ရှိတန်ကြေး၏ (၂)ဆကျော်ပမာဏဖြစ်သော ပေါင် (၇)ဘီလီယံအထိ တန်ကြေးရှိလာစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Guardian က ဖော်ပြခဲ့သည်။

လက်ရှိ ဥရောပကလပ်အသင်းများ၏ တန်ဖိုးသတ်မှတ်ချက်များအရ မန်ယူအသင်း၏ တန်ကြေးမှာ ပေါင် (၃.၀၅)ဘီလီယံခန့်ရှိကြောင်း သိရှိရသည်။

ဂလေဇာညီအစ်ကိုများအနေဖြင့် အသင်း၏တန်ဖိုး တဖြည်းဖြည်းမြင့်တက်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ပေါင် (၇)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ)တန်ကြေးရှိသည့် ပထမဆုံးအသင်းဖြစ်လာစေရန် ရည်ရွယ်ထားကြောင်းသိရှိရသည်။

လက်ရှိတွင် မန်ယူအသင်းအားပေးသူပရိသတ်များက ဂလေဇာမိသားစုအား အသင်းနှင့်လမ်းခွဲစေရန် ဖိအားပေးမှုများ ပြုလုပ်နေပြီး ဆန္ဒပြတောင်းဆိုမှုများကို အရှိန်မြှင့်နေသော်လည်း ဂလေဇာမိသားစုအနေဖြင့် မန်ယူအသင်းကို လက်လွှတ်ရန် မစဉ်းစားထားကြောင်း Guardian က ဖော် ပြခဲ့သည်။

၎င်းတို့အနေဖြင့် မန်ယူအသင်းကို ရေရှည်ချုပ်ကိုင်သွားရန် ရည်ရွယ်ထားပြီး အသင်းတန်ဖိုး တဖြည်းဖြည်းမြင့်တက်လာရေးကိုသာ အာရုံစိုက်နေကြောင်း သိရှိရသည်။

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဝယ်ယူခဲ့ပြီး ထိုစဉ်က အသင်း၏တန်ဖိုးမှာ ပေါင်သန်း (၇၉၀)သာရှိခဲ့သည်။

သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် (၁၆)နှစ်အတွင်း တန်ဖိုး (၄)ဆနီးပါးမြင့်တက်လာခဲ့ပြီး မကြာသေးမီက ဂလေဇာမိသားစုသည် ပေါင် (၄)ဘီလီယံရရှိပါက အသင်းအားရောင်းချဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ဂလေဇာမိသားစုအနေဖြင့် အသင်းအား မည်ရွေ့မည်မျှရရှိလျှင် ရောင်းချမည်ဆိုသည့် ပြောဆိုမှုများကို တရားဝင်ထုတ်ပြောခြင်းမရှိဘဲ အသင်းအား ဆက်လက်ချုပ်ကိုင်ထားလိုသည့် ၎င်းတို့၏သဘောထားကိုသာ ပြသခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂလေဇာဆန့်ကျင်သောလှုပ်ရှားမှုများအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းသို့ အကြမ်းဖက်ဝင်ရောက်ခဲ့သည့် ပရိသတ်များကိုလည်း အရေးယူမှုပြုလုပ်ရန် ဂလေဇာမိသားစုက စီစဉ်လျက်ရှိနေကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့သည်။

ယခုအခါ ဂလေဇာမိသားစုသည် အိုးလ်ထရက်ဖို့ဒ်ကွင်း၏ လုံခြုံရေးစနစ်များအား ပြန်လည်ဆန်းစစ်လေ့လာမှုများပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။

ယင်းနေ့က မန်ယူ - လီဗာပူးလ်ပွဲပျက်စေရန် အကြမ်းဖက်ခဲ့ကြသည့် ပရိသတ်များအား ပွဲကြည့်ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ်များချမှတ်ရန် မန်ယူအသင်းက စီစဉ်နေကြောင်း Euro Sport သတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent