မေဒေး သို့မဟုတ် ကမ္ဘာ့အလုပ်သမားနေ့

မေဒေး သို့မဟုတ် ကမ္ဘာ့အလုပ်သမားနေ့
Published 30 April 2021

လူသားဖြစ်တည်မှုကို မြှင့်တင်ပေးတဲ့ အလုပ်မှန်သမျှ ဂုဏ်သိက္ခာရှိပြီး အရေးပါတယ်။ အကောင်းဆုံးဖြစ်အောင် အပတ်တကုတ် လက်ခံဆောင်ရွက်ရမယ်။

မာတင်လူသာကင်း ဂျူနီယာ (၁၉၂၉ - ၁၉၆၈)

အမေရိကန်အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်

 မေဒေးဟုခေါ်သော မေလ ၁ ရက်သည် မြောက်ကမ္ဘာခြမ်းတွင် နွေဦးပွဲတော်နေ့ဖြစ်ပြီး အများပြည်သူ အားလပ်ရက် ဖြစ်ခဲ့သည်။ များစွာသော ယဉ်ကျေးမှုတို့၌လည်း အစဉ်အလာအရ နွေဦးအားလပ်ရက် ဖြစ်ခဲ့သည်။ မေဒေးနေ့ကို ကျင်းပရာတွင် ကခုန်မှုများ၊ တေးသီချင်း သီဆိုမှုများနှင့် ကိတ်မုန့်များ ပါဝင်ခဲ့သည်။ ရှည်လျားအေးစက်ခဲ့သည့် ဆောင်းရာသီကို နှုတ်ဆက်ကာ ပူနွေးသည့် ရာသီအစကို ပျော်ရွှင်စွာကြိုဆိုခြင်း ဖြစ်သည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ချီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သည့် ဟေးမတ်ကတ် အရေးအခင်းကို ဂုဏ်ပြုသောအားဖြင့် ဆိုရှယ်လစ်များနှင့် ကွန်မြူနစ်များက မေ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် ရွေးချယ်ခဲ့ကြသည်။ အဆိုပါ နိုင်ငံများတွင် ယင်းနေ့ကို မေဒေးဟုပင် ရည်ညွှန်းခေါ်ဆိုလေ့ ရှိသည်။ သို့သော် ယခင်အစဉ်အလာအတိုင်း ကျင်းပခဲ့သည့် မေဒေးနေ့နှင့် အနှစ်သာရချင်း ကွဲပြားခြားနားလှသည်။

၁၉ ရာစုနှောင်းပိုင်းတွင် ကုန်သွယ်ရေးယူနီယံနှင့် အလုပ်သမားလှုပ်ရှားမှုများ ကြီးထွားလာသည့်အခါ အဆိုပါ ကုန်သွယ်ရေးယူနီယံအဖွဲ့ဝင် နိုင်ငံများက အလုပ်သမားများအတွက် နေ့တစ်နေ့အဖြစ် နေ့အမျိုးမျိုးကို ရွေးချယ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတွင် စက်တင်ဘာ အားလပ်ရက်တစ်ရက်ကို အလုပ်သမားနေ့အဖြစ် ခေါ်ဆိုရန်အတွက် ၁၈၈၀ ပြည့်လွန်နှစ်များအတွင်း ပထမဆုံးအဆိုပြုခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် စက်ပြင်ဆရာတစ်ဦးဖြစ်သော မက်သရူးမက်ဂွိုင်းယားက နယူးယောက်မြို့၏ ဗဟိုအလုပ် သမားယူနီယံ (CLU) ၏ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်စဉ်အတွင်း အလုပ်သမားနေ့တစ်နေ့ကို အားလပ်ရက်အဖြစ် သတ်မှတ်ရေးအတွက် ပထမဆုံး အဆိုတင်သွင်းခဲ့သည်။ အချို့ကလည်း ယင်းကဲ့သို့ ပထမဆုံးအဆိုတင်သွင်းသူမှာ အမေရိကန်အလုပ်သမား ဖက်ဒရေးရှင်းမှ ပီတာဂျေမက်ဂွိုင်းယားဖြစ်ပြီး ၁၈၈၂ ခုနှစ် မေလတွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပသည့် နှစ်ပတ်လည် အလုပ်သမားပွဲတော်သို့ တက်ရောက်ပြီးနောက် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ၁၈၈၇ ခုနှစ်တွင် အော်ရီဂွန်ပြည်နယ်သည် အလုပ်သမားနေ့ကို တရားဝင်အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်သော အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးပြည်နယ် ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း ၃၀ က အလုပ်သမားနေ့ကို တရားဝင်ကျင်းပလာသည်။ သို့သော် မြောက်အမေရိကတိုက်၌ ၁၈၈၇ ခုနှစ်အထိ အလုပ်သမားနေ့အဖြစ် သတ်မှတ်ထားသောရက်မှာ စက်တင်ဘာလအတွင်း ဖြစ်ပြီး မေ ၁ ရက် မဟုတ်ပေ။

မေ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟု သတ်မှတ်ခြင်းမှာ ၁၈၈၆ ခုနှစ် မေ ၄ ရက်တွင် ဖြစ်ပွားခဲ့သော ချီကာဂိုမြို့မှ ဟေးမတ်ကတ် အရေးအခင်းကို ဂုဏ်ပြုရန်ဖြစ်သည်။ ယင်းအရေးအခင်း၌ တစ်နေ့အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ရေးအတွက် အထွေထွေသပိတ် ဖြစ်ပွားစဉ်အတွင်း ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးပမ်းရာ အမည်မသိလူတစ်ဦးက ရဲတပ်ဖွဲ့အတွင်းသို့ ဗုံးတစ်လုံး ပစ်ပေါက်ကာ ခွဲခဲ့သည်။ ရဲတပ်ဖွဲ့က ပြန်လှန်ပစ်ခတ်သောကြောင့် ဆန္ဒပြသူအလုပ်သမားလေးဦး သေဆုံးခဲ့ရသည်။ အမှန်တကယ်၌ မေဒေးခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သည် အလုပ်သမားများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို သိရှိကာ မိမိတို့ အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့အတူ အလုပ်သမားတို့၏ အခွင့်အရေးကို ကာကွယ်ပေးရန်အတွက် အလုပ်သမားသမဂ္ဂများလည်း ကမ္ဘာအနှံ့အပြား၌ ပေါ်ထွန်းလာခဲ့ရသည်။

ထို့ကြောင့် အလုပ်သမားများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိတို့အခွင့်အရေးကို မိမိတို့ကိုယ်တိုင်သိရှိကာ မိမိတို့ဘာသာ ကာကွယ်နိုင်ကြပါစေကြောင်း မေဒေးနေ့နှင့်အတူ The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

မေ ၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent