COVID-19 တတိယလှိုင်းအန္တရာယ်

COVID-19 တတိယလှိုင်းအန္တရာယ်
Published 27 April 2021

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတွင် စတင်ကူးစက်ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကူးစက်ခံရသူ ၁၄၇ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၁ သန်းအထိ မြင့်တက်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ စံချိန်တင် မြင့်တက်နေသည့် အခြေအနေအပေါ် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာတွင် အလျင်အမြန် ကူညီပေးသွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ဆေးရုံများတွင် လူနာကုတင်များနှင့် အောက်စီဂျင် ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် သုဿာန်များတွင်လည်း အလောင်းများ စုပုံများပြားနေသည်။ မကြာသေးမီ ရက်များအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ပိုမိုမြင့်တက်လာသောကြောင့် လူနာများ၏ မိသားစုဝင်များသည် လူမှုကွန်ရက်များတွင် ကုတင်ရရှိနိုင်သော ဆေးရုံများ၏ တည်နေရာများကို မေးမြန်း စုံစမ်းနေကြသည့်အပြင် အောက်စီဂျင် အထောက်အပံ့များကိုလည်း  တောင်းဆိုနေကြသည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ များပြားသောကြောင့် နယူးဒေလီမြို့တော်တွင် သီတင်း တစ်ပတ်ကြာ Lockdown ချ မှတ်ခဲ့သည်။ ချမ်းသာသော နိုင်ငံများသည် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် လူဦးရေ ၁.၃ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံသည် ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရသည်။ နိုင်ငံအများအပြားက အိန္ဒိယအား ကူညီထောက်ပံ့ ပေးသွားမည်ဟု ကတိပြုထားစဉ် အမေရိကန်နှင့် ဗြိတိန်သည် အိန္ဒိယ၏ ကျန်းမာရေးအကျပ်အတည်းကို ကူညီပေးရန် အသက်ရှူ ကိရိယာများနှင့် ကာကွယ်ဆေးများကို အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်လည်း လျင်လျင်မြန်မြန် ကူးစက်နှုန်း မြင့်တက်လာသည့် တတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့အလိုက် လူသေဆုံးမှု ထပ်မံ စံချိန်တင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၅ ဦး ရှိခဲ့ပြီး ကူးစက်ခံရသူ ၂,၁၇၉ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်များအတွင်းက စတင်ခဲ့သည့် လတ်တလော ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို တားဆီးရန် အာဏာပိုင်များက  ဧပြီလ ၂၆ ရက်တွင် မြို့တော် ဘန်ကောက်နှင့် အခြားဒေသများ၌ ကန့်သတ် ပိတ်ပင်မှုအသစ်များ ချမှတ်ခဲ့ရပြီး အိန္ဒိယနိုင်ငံမှ ခရီးသွား ဝင်ရောက်မှုများကိုလည်း ပိတ်ပင် ကန့်သတ်မှုများ လုပ်ဆောင်ထားရသည်။ ထိုင်းနိုင်ငံသည် အခြားနိုင်ငံများထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်ဟုန်ထိုး မြင့်တက် မလာအောင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လတ်တလော ကူးစက်ပျံ့နှံ့မှုများကြောင့် ရက်၃၀ ခန့်အတွင်း ကူးစက်သူ ၅၇,၅၀၀ ကျော်နှင့် သေဆုံးသူ ၁၄၈ ဦး ရှိလာခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ပင် အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း တစ်သန်းကျော် ရှိလာနေစဉ် ကျန်းမာရေး တာဝန်ရှိသူများက COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက်များ ဆက်လက် ချမှတ်ထားရန် သတိပေးထားသည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉,၀၀၀ ရှိခဲ့ခြင်းကြောင့် နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁,၀၀၆,၄၂၈ ဦးအထိ ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁၆,၈၅၃ ဦးရှိကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအမြင့်ဆုံး ဖြစ်နေသည့် ဖိလစ်ပိုင်၌ ရောဂါပိုးစစ်ဆေးမှု နည်းပါးနေသည့်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်အမှန်မှာ ပိုမို များပြားနေနိုင်ဖွယ် ရှိသည်။ မတ်လကုန်တွင် မြို့တော်နှင့် အနီးဝန်းကျင်ရှိ ပြည်နယ် လေးခု၌ Lockdown ချမှတ်ခဲ့ခြင်းက ကူးစက်မှုနှုန်းကို လျော့ကျစေရန် အကူအညီပေးခဲ့ဖွယ် ရှိသည်။ သို့သော် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စီမံချက်များကို ဖြေလျှော့လိုက်ပါက ကူးစက်မှု နောက်တစ်ကြိမ် မြင့်တက်လာမည် ဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံ၌ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများပင် ကောင်းစွာ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးရာ COVID-19 တတိယလှိုင်း အန္တရာယ်အတွက် အထူးစိုးရိမ်ဖွယ် အနေအထားတွင် ရှိနေပါကြောင်း The Daily Eleven သတင်းစာက သတိပေး ရေးသားအပ်ပါသည်။

ဧပြီလ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent