တရားဥပဒေစိုးမိုးရေး (The Rule of Law)

တရားဥပဒေစိုးမိုးရေး (The Rule of Law)
Published 25 April 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားတင်ပြရာတွင် အကြောင်းအရာမှာများစွာ ကျယ်ပြန့်ပြီး ဖြာထွက်လျက်ရှိနေပါသဖြင့် စာရေးသူတင်ပြမည့် ရှုထောင့် (angle) ကိုပထမဦးစွာ ရှင်းလင်းတင်ပြလိုပါသည်။ စာရေးသူသည် ဥပဒေပညာရှင် မဟုတ်ပါ။ထို့ကြောင့် အကြောင်းအရာကိုတင်ပြရာတွင် ဥပဒေဘာသာရပ်ကို အခြေခံပြီး တင်ပြခြင်း မဟုတ်ဘဲ သာမန်နိုင်ငံသားတစ်ဦး၏ ရှုထောင့်အနေဖြင့် စာရေးသူ၏သိမြင်၊ နားလည်မှု၊ အတွေ့အကြုံကို အခြေခံကာ မိမိ၏ကိုယ်ပိုင် အမြင်ဖြင့်သာ တင်ပြသွားမည်ဖြစ်ပါသည်။

တရားဥပဒေစိုးမိုးရေး (The Rule of Law) ဟု ပြောဆိုသည်နှင့် တစ်ပြိုင်နက် အနက်အဓိပ္ပာယ်မှာ တိကျစွာဖော်ပြရှင်းလင်းရန် မဖြစ်နိုင်သည့်အပြင် အခြားသောအရေးကြီးသည့် အကြောင်းအရာ၊ အချက်အလက်များစွာနှင့်လည်း ဆက်စပ်ပတ်သက်နေသည့်အတွက် စာရေးသူအနေဖြင့် ယခုဆောင်းပါးတွင်တင်ပြမည့် ကျောရိုးအကြောင်းအရာကို ဦးစွာရှင်းလင်းတင်ပြလိုပါသည်။

တရားဥပဒေစိုးမိုးရေး (The Rule of Law) ကို ဖော်ပြရှင်းလင်းနိုင်စေရန်အလို့ငှာ ကမ္ဘာပေါ်တွင် ဖွဲ့စည်းဖြစ်ပေါ် တည်ရှိလျက်ရှိနေကြသည့် တိုင်းပြည်နိုင်ငံတော်တည်ဆောက်ပုံများကို အနည်းငယ် ရှင်းလင်းတင်ပြပါမည်။ တရားဥပဒေစိုးမိုးရေး (The Rule of Law) ကဲ့သို့ပင် အရေးပါလျက်ရှိသည့် ငြိမ်ဝပ်ပိပြားရေး သို့မဟုတ် ငြိမ်ဝပ်ပိပြားစေရေး (Law and Order) ကိုရှင်းလင်းတင်ပြမည်ဖြစ်ပြီး ဆက်စပ်ပတ်သက်လျက်ရှိသည့် ဥပဒေများကို အသုံးပြုအုပ်ချုပ်ခြင်း (Rule by Law) ၊အမိန့်ဒီဂရီဖြင့်အုပ်ချုပ်ခြင်း (Rule by Decree)၊ အင်အားအသုံးပြုအုပ်ချုပ်ခြင်း (Rule by Force)၊ လူပုဂ္ဂိုလ်တစ်ဦး၏ဆန္ဒသဘောဖြင့် အုပ်ချုပ်ခြင်း (Rule by Man) နှင့်စစ်အုပ်ချုပ်ရေး (Martial Law) စသည်တို့ကို မိမိတို့ တိုင်းပြည်နိုင်ငံတွင် အသုံးပြုခဲ့ကြသည့် အခြေအနေများကို စာရေးသူ လက်လှမ်းမီသိရှိသမျှ ရှင်းလင်းတင်ပြပါမည်။

တရားဥပဒေစိုးမိုးရေး (The Rule of Law) နှင့်ပတ်သက်သည့် သဘောတရားများ၊ ငြိမ်ဝပ်ပိပြားစေရေး (Law and Order) နှင့် ပတ်သက်သည့်သဘောတရားများနှင့် သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံ၏သမိုင်းကြောင်း အခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏သဘောတရားများတို့အား မည်ကဲ့သို့ ပေါင်းစည်းကျင့်သုံးသည်ဆိုသည့် အခြေအနေအပေါ်မူတည်ကာ ကမ္ဘာပေါ်ရှိတိုင်းပြည် နိုင်ငံများ၏နိုင်ငံရေးစနစ်များ၊ အုပ်ချုပ်ရေးစနစ်များ ဖြစ်ပေါ်လာခြင်းကို ပုံတွင်ဖော်ပြထားပါသည်။

ရောမတို့၏သမ္မတနိုင်ငံတော် (The Republic) အမျိုးအစားကို အချိုးအစားများစွာ ထည့်သွင်းပေါင်းစည်းသည့် နိုင်ငံအမျိုးအစားဖြစ်လျှင် စည်းကမ်းပြည့်ဝခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ဦးစားပေးသည့် အုပ်ချုပ်ရေးစနစ် တစ်နည်းအားဖြင့် တင်းကျပ်သည့်ဗဟိုဦးစီးစနစ်ကို ဖြစ်ပေါ်စေပြီး ဂရိတို့၏ ဒီမိုကရေစီနိုင်ငံတော် (Democratic State) အမျိုးအစားကို အချိုးအစားများစွာ ထည့်သွင်းပေါင်းစည်းသည့် နိုင်ငံအမျိုးအစားဖြစ်လျှင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေးတန်းတူညီမျှခြင်းစသည်တို့ကို ဦးစားပေးသည့် အုပ်ချုပ်ရေး စနစ်ဖြစ်ပေါ်လာစေပါမည်။ သက်ဆိုင်ရာတိုင်းပြည် နိုင်ငံ၏သမိုင်းကြောင်းအခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏ သဘောတရားများကို ဦးစားပေးခဲ့ပါလျှင် သက်ဆိုင်ရာ နိုင်ငံအလိုက်သီးခြားအုပ်ချုပ်ရေး စနစ်ပုံစံတည်ရှိဖြစ်ပေါ်နေမည် ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အမေရိကန်ပြည်ထောင်စုကို ဥပမာပေးလိုပါသည်။အမေရိကန်ပြည်ထောင်စုသည် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တိုင်းပြည်နိုင်ငံ၏သမိုင်းကြောင်း အခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏သဘောတရားများကို ဦးစားပေးခဲ့ခြင်းမရှိဘဲ ဂရိတို့၏ဒီမိုကရေစီနိုင်ငံတော် (Democratic State) အမျိုးအစား နှင့် ရောမတို့၏ သမ္မတနိုင်ငံတော် (The Republic) အမျိုးအစားကို အခြေအနေအချိန်အခါအရ အချိုးအစားအမျိုးမျိုး ပြောင်းလဲကာ ပေါင်းစည်းကျင့်သုံးစေခဲ့ပါသည်။နိုင်ငံရေးပါတီအမျိုးအစားမှာလည်း ဂရိတို့၏ဒီမိုကရေစီနိုင်ငံတော် (Democratic State) အမျိုးအစားကို အခြေခံသည့် ဒီမိုကရက်တစ်ပါတီနှင့် ရောမတို့၏သမ္မတနိုင်ငံတော် (The Republic) အမျိုးအစားကိုအခြေခံသည့် ရီပတ်ပလီကန်ပါတီအမျိုးအစား စုစုပေါင်းနှစ်မျိုး၊ အဓိကအားဖြင့် နှစ်ပါတီသာ တည်ရှိနေပါသည်။ အထက်ဖော်ပြပါ အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီနိုင်ငံတော်နှင့် သမ္မတနိုင်ငံတော် သဘောတရားနှစ်ရပ်အပေါ်တွင် အခြေခံတည်ဆောက်ထားရှိသည့် ကမ္ဘာပေါ်ရှိ နိုင်ငံများကို စာဖတ်သူအနေဖြင့် လေ့လာစေလိုပါသည်။

ဒုတိယပေါင်းစည်းသည့် အမျိုးအစားမှာ သမ္မတနိုင်ငံတော်နှင့် သက်ဆိုင်ရာတိုင်းပြည်နိုင်ငံ၏သမိုင်းကြောင်း အခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏ သဘောတရားများနှစ်ရပ်ကို အခြေခံထားခြင်းပင် ဖြစ်ပါသည်။ဥပမာအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။သို့သော်အချို့သော နိုင်ငံများသည် သမ္မတနိုင်ငံတော် အမျိုးအစားတစ်မျိုးတည်းကိုသာ အခြေခံထားရှိပြီး တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ကျင့်သုံးအကောင် အထည်ဖော်လျက်ရှိသည့် နိုင်ငံများလည်း တည်ရှိနေပါသည်။မည်သည့်နိုင်ငံများဖြစ်ပြီး တိုင်းပြည်နိုင်ငံတော်၏ အမည်များကို စာဖတ်သူများကပင် စဉ်းစားဖော်ပြစေလိုပါသည်။

တတိယပေါင်းစည်းခြင်း အမျိုးအစားမှာ ဒီမိုကရေစီနိုင်ငံတော်နှင့် သက်ဆိုင်ရာတိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏ သဘောတရားများနှစ်ရပ်ကို အခြေခံထားခြင်းပင် ဖြစ်ပါသည်။ အဆိုပါကဲ့သို့ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းပြည်နိုင်ငံများတွင် နိုင်ငံရေးပါတီအမြောက်အမြား ပေါ်ထွက်လာလေ့ရှိပြီး ပါတီစုံဒီမိုကရေစီဟုပင်ခေါ်ဝေါ် လေ့ရှိကြပါသည်။

အဓိပ္ပာယ်မှာ သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံ၏သမိုင်းကြောင်း အခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏သဘောတရားကိုအခြေခံခဲ့ပါလျှင် နိုင်ငံရေးပါတီအမြောက်အမြား ပေါ်ထွက်လာစေမည် ဖြစ်ပါသည်။

စတုတ္ထပေါင်းစည်းခြင်း အမျိုးအစားမှာ ဒီမိုကရေစီနိုင်ငံတော်၊ သမ္မတနိုင်ငံတော်နှင့် သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံ၏သမိုင်းကြောင်း အခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၏သဘောတရားများ သုံးရပ်ကို အခြေခံထားခြင်းပင် ဖြစ်ပါသည်။ ဥပမာအနေဖြင့် ယနေ့မိမိတို့တိုင်းပြည်နိုင်ငံတွင် ရေးဆွဲပြဋ္ဌာန်းထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပင်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ရေးဆွဲပြဋ္ဌာန်းရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ပညာရှင်သုခမိန်များ ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိနေရပါသည်။ ပါဝင်ခဲ့ပါသည်ဟု ပြောဆိုရှင်းလင်းခဲ့ပါမူ အဆိုပါပညာရှင်သုခမိန်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတွက် (Contribution) အကျိုးဖြစ်ထွန်းစေရန် အကြံပြုဆွေးနွေးခြင်းများ မဆောင်ရွက်ကြဘဲ စေတနာ မရှိကြဘဲပါဝင်ခဲ့ခြင်းသာ ဖြစ်ပါလိမ့်သည်။ အထူးသဖြင့် စာရင်းအင်းပညာရှင် သုခမိန်များ၏ (Contributions) အကျိုးဖြစ်ထွန်းစေရန် အကြံပြုဆွေးနွေးခြင်းများ လုံးဝမပါဝင်ခဲ့ခြင်းပင်ဖြစ်ပါသည်။အကယ်၍ စာရင်းအင်းပညာရှင် သုခမိန်တစ်ဦးသာပါဝင်ခဲ့ပါမူ (Unit of Analysis) အပိုင်းကို စတင်စဉ်းစားသုံးသပ်မည်ဖြစ်ပြီး ပေါင်းစပ်ကျင့်သုံးနိုင်မည့် နယ်ပယ်များ၊ အချက်အလက်များ၊ အချိန်ကာလနှင့် မဟာဗျူဟာများ၊ နည်းဗျူဟာများကို စနစ်တကျချမှတ် ပြဋ္ဌာန်းခြင်းတို့ကို အကျိုးဖြစ်ထွန်းစေရန် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ဖော်ပြပါအချက်များ ပါဝင်ခြင်းမရှိသဖြင့် အန္တရာယ်ကြီးလှပါသည်။

စာရေးသူအနေဖြင့် အကြံပြုတင်ပြလိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ဆက်လက်ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါလျှင် ပညာရှိသုခမိန်များကို ရှာဖွေဖော်ထုတ်၊ စုဖွဲ့စုစည်းထားရှိပြီး မိမိတို့ တိုင်းပြည်နိုင်ငံနှင့် အသင့်တော်ဆုံး၊ အဖြစ်နိုင်ဆုံး၊ အကောင်း မွန်ဆုံးလမ်းပြမြေပုံ (Road Map) ကိုတစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်အဆိုပြုပါသည်။အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင်လည်း အဆက်မပြတ် လေ့လာဆန်းစစ်စောင့်ကြည့်နေစေပြီး အချိန်နှင့်တစ်ပြေးညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ကိုလည်း အဆိုပြုပါသည်။ အချိန်လွန်ပြီး အလုံးစုံပျက်သုဉ်းမည့် အချိန်အခါသို့ ရောက်ရှိသည့်အခါတွင်မှသာ ထိန်းသိမ်းဆောင်ရွက်ခြင်းမျိုးကိုလည်း ရှောင်ရှားကြစေလိုပါသည်။ထိုကဲ့သို့ ဆောင်ရွက်ခဲ့ရပါလျှင် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူလူထုမှာ နစ်နာလှပါသည်။

ယခုအချိန်မှစတင်ကာ ပေါင်းစပ်ကျင့်သုံးရာတွင် အရေးကြီးသည့် ဂရိတို့၏ ဒီမိုကရေစီနိုင်ငံတော် သဘောတရားက ဖော်ထုတ်ထားရှိသည့် ‘တရားဥပဒေစိုးမိုးရေး’ (The Rule of Law) ၏သဘော သဘာဝနှင့်ကျင့်စဉ်များ၊ ရပ်တည်ချက်များကို ရှင်းလင်းတင်ပြပါမည်။ဤနေရာတွင် စကားရပ်၊ စကားလုံးအရ ဖော်ပြရပါမူအပိုင်းသုံးပိုင်းပါဝင်ပြီး ၁။ တရား ၂။ ဥပဒေနှင့် ၃။စိုးမိုးရေးတို့ဖြစ်ကြပါသည်။ ပထမဦးစွာ တရားနှင့် ပတ်သက်သည့် မိမိတို့တိုင်းပြည်နိုင်ငံရှိ ပြည်သူပြည်သားလူအများစု၏တရားမျှတခြင်းအား ရှာဖွေသည့်ပုံစံကို အနောက်နိုင်ငံများဖြင့် နှိုင်းယှဉ်ကာ ဆွေးနွေးတင်ပြပါမည်။

တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင်  တရားမျှတမှုရှိခြင်းဆိုသည့် စံချိန်၊ စံညွှန်း၊ စံသတ်မှတ်ချက်ကို ပြည့်မီရရှိနိုင်စေရန် အရေးကြီးလှပါသည်။ အနောက်နိုင်ငံများရှိ ပြည်သူပြည်သားလူအများသည် တရားမျှတခြင်းကို တရားရုံးများ၊ ဥပဒေရုံးများ၊ ရှေ့နေရုံးများ၊ ရဲစခန်းများကိုအခြေခံသည့် တရားသူကြီးများ၊ ဥပဒေကျွမ်းကျင်သူများ၊ ရှေ့နေများ၊ ရဲဝန်ထမ်းများကို တွေ့ဆုံဆွေးနွေးကာ ရှာဖွေဖော်ထုတ် ရယူလေ့ရှိကြသော်လည်း၊ မိမိတို့ တိုင်းပြည်နိုင်ငံတွင်မူ ပြည်သူပြည်သားအများစုသည် တရားမျှတခြင်း သဘောတရားကို လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကြောင်းအရာများကို မှတ်တမ်းတင် ရေးသားတင်ပြထားရှိသည့် တရားဓမ္မစာပေများ၊ ဟောကြား၊ ဟောပြော၊သင်ပြ လမ်းညွှန်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများထံတွင် ရှာဖွေရယူလေ့ရှိကြပါသည်။

စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ တိုင်းပြည်နိုင်ငံတော်ကို တာဝန်ယူကြမည့် ပုဂ္ဂိုလ်ကြီးများနှင့် ပြည်သူပြည်သားများ အနေဖြင့်ကွာဟချက်၊ ခြားနားချက် (Gap) ကိုသိမြင်ပြီးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ကြစေရန် တင်ပြအပ်ပါသည်။ စနစ်တကျ လေ့လာခဲ့ပါလျှင် ကွာဟချက်၊ ခြားနားချက် (Gap) မှာ ကြီးမားလှပါသည်။

ဒုတိယအချက်အနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် ဥပဒေများကို ဥပဒေပညာရှင်အမြင်ဖြင့် မဟုတ်ဘဲ သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ဆွေးနွေးတင်ပြလိုပါသည်။မိမိတို့တိုင်းပြည်နိုင်ငံတွင် ဥပဒေနှင့် ပတ်သက်ပြီး အဓိကစိန်ခေါ်မှုကြီး နှစ်ခုကို ရှင်းလင်း၊ တင်ပြဆွေးနွေးလိုပါသည်။

ပထမစိန်ခေါ်မှုမှာ အထက်တွင် ဖော်ပြခဲ့သည့် ဂရိတို့၏ ဒီမိုကရေစီနိုင်ငံတော်၊ ရောမတို့၏သမ္မတနိုင်ငံတော်နှင့် မိမိတို့ တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများစသည်တို့ကို သဟဇာတရှိစွာ ပေါင်းစည်းနိုင်စေရန် ရေးဆွဲပြဋ္ဌာန်းထားရှိသည့် ဥပဒေများကို ထင်ရှားစွာမတွေ့ရှိရခြင်းပင် ဖြစ်ပါသည်။ သတိပြုရမည့်အချက်မှာ ဂရိတို့၏ ဒီမိုကရေစီနိုင်ငံတော်ကို အခြေခံသည့် အချို့သော စံချိန်၊ စံနှုန်း၊ စံသတ်မှတ်ချက်တို့သည် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အသုံးပြုလျက်ရှိနေသည့်အပြင် အပြည်ပြည်ဆိုင်ရာ အဆင့် (Universal Level) အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားရှိသည့်အတွက် တိုင်းပြည်နိုင်ငံများ၏ အချုပ်အခြာအာဏာထက်ပင် ကျော်လွန်လျက်တည်ရှိနေပါသည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

ဒုတိယစိန်ခေါ်မှုမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးခဲ့ကြသည့်ဘုရင်များ၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်၊ အင်္ဂလိပ်တို့၏ကိုလိုနီအုပ်ချုပ်ရေးစနစ်၊ ပါလီမန် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ ဆိုရှယ်လစ်အုပ်ချုပ်ရေးစနစ်၊ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ခဲ့ရသည့် အုပ်ချုပ်ရေးစနစ်၊ ယခုပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် စသည်ဖြင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းလား ရာမတူညီသည့် အုပ်ချုပ်ရေးစနစ် အမျိုးမျိုးအောက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြသည့် ဥပဒေများကို စနစ်တကျ ရှင်းလင်းသုတ်သင်ရန် မပြုလုပ်နိုင်သေးသည့်အပြင် စွမ်းရည်ထက်မြက်ပြီး လွယ်ကူရှင်းလင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေမည့် ထိရောက်သည့် ဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်ရန် မဆောင်ရွက်နိုင်သေးခြင်းပင် ဖြစ်ပါသည်။

စာရေးသူ၏ တင်ပြချက်ကို စာဖတ်သူများအနေဖြင့်လည်း စဉ်းစား၊ ဝေဖန်၊ သုံးသပ်စေလိုပါသည်။

အထက်ဖော်ပြပါ နှစ်ချက်ဖြစ်သည့် ၁။ တရားနှင့် ၂။ ဥပဒေတို့သည် တိုင်းပြည်နိုင်ငံတော်ကို တာဝန်ယူထားသူများက စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အပိုင်းဖြစ်ပြီး ယခုတည်ရှိနေသည့် အခြေအနေမှာ တရားမျှတခြင်း၊ တရားမမျှတခြင်းကို သိပ္ပံနည်းကျခွဲခြမ်း စိတ်ဖြာနိုင်ခြင်း မရှိနိုင်သေးသည့်အတွက် တရားသည့် ဥပဒေ (Just Law)၊ မတရားသည့် ဥပဒေ (Unjust Law) အဖြစ် တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန်ပင် လွန်စွာခက်ခဲသည့် အခြေအနေဖြစ်ပါသည်။

တတိယအချက်ဖြစ်သည့် ‘စိုးမိုးရေး’ အပိုင်းကိုတင်ပြလိုပါသည်။ ယခုတင်ပြရမည့်အချက်မှာ ပြည်သူပြည်သားအားလုံးတို့က သိမြင်၊ နားလည်၊ သဘောပေါက်ပြီး လိုက်နာဆောင်ရွက်ရမည့် အပိုင်းလည်း ပါဝင်နေပါသည်။ လက်တွေ့အခြေအနေအရ ပြည်သူပြည်သားများအား သိမြင်၊ နားလည်သဘောပေါက်စေရန် တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်သူများမှာ အထက်တွင် ဖော်ပြခဲ့သည့် တိုင်းပြည်နိုင်ငံတော်ကို တာဝန်ယူထားကြသူများပင် ဖြစ်နေပါသည်။ ပြည်သူပြည်သားများ၏ သိမြင်၊ နားလည် သဘောပေါက်စေသည့် အရည်အချင်းမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အတွက် မိမိတို့တိုင်းပြည်နိုင်ငံတော် တည်ရှိနေသမျှ၊ ပြည်သူ ပြည်သားတို့အသက်ရှင်ရပ်တည်နေသမျှ ကာလပတ်လုံး ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အခြေအနေအရပ်ရပ်အပေါ်တွင် ဝေဖန်သုံးသပ်ရမည်ဆိုပါလျှင် စာရေးသူတို့၏တိုင်းပြည်နိုင်ငံတွင် ‘တရားဥပဒေစိုးမိုးရေး’ နှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံများ (Infrastructure) စနစ်တကျတည်ဆောက်ထားရှိခြင်း မရှိသေးပါဟု ပြောဆိုရမည်ဖြစ်ပါသည်။

‘တရားဥပဒေစိုးမိုးရေး’ နှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံများ တည်ရှိမဖြစ်ပေါ်နိုင်သေးပါလျှင် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ ရောမတို့၏သမ္မတနိုင်ငံတော်တွင် အသုံးပြုရသည့် ‘ငြိမ်ဝပ်ပိပြားစေရေး’ သို့မဟုတ် ‘ငြိမ်ဝပ်ပိပြားရေး’ (Law and Order) ပင်ဖြစ်ပါသည်။

စာရေးသူအနေဖြင့် စာဖတ်သူတို့ အလွယ်တကူ သိမြင်နိုင်စေရန်အလို့ငှာ ‘တရားဥပဒေစိုးမိုးရေး’ သဘောတရားနှင့် ‘ငြိမ်ဝပ်ပိပြားရေး’ သဘောတရားတို့၏ကွဲပြားခြားနားသည့် အခြေအနေများ၊ ပေါင်းစည်း ဆောင်ရွက်ရမည့် နယ်ပယ်အချို့ကို အနည်းငယ်တင်ပြလိုပါသည်။ သတိပြုရမည့်အချက်မှာ ‘ငြိမ်ဝပ်ပိပြားမှု’ မရှိဘဲ ‘တရားဥပဒေစိုးမိုးရေး’ အပြည့်အ၀ရရှိစေရန် မဖြစ်နိုင်ဆိုသည့်အချက်ပင် ဖြစ်ပါသည်။

အောက်ဖော်ပြပါအချက်များသည် ‘တရားဥပဒေစိုးမိုးရေး’ နှင့် ‘ငြိမ်ဝပ်ပိပြားရေး’ တို့၏ ကွဲပြားခြားနားသည့် အချက်အချို့ကို တင်ပြပါသည်။ (Reference: pp-15-36)

၁။ တရားဥပဒေစိုးမိုးရေးသည် စံသတ်မှတ်ချက် (Norm) ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေးသည်အမိန့်ဖြင့် ကွပ်ကဲ အုပ်ချုပ်ခြင်း (Command) ဖြစ်ပါသည်။

၂။ ငြိမ်ဝပ်ပိပြားရေး လုပ်ငန်းစဉ်များတွင် တရားဥပဒေစိုးမိုးရေး၏ အကျိုးသင့်အကြောင်းသင့်မဟုတ်သော လုပ်ငန်းစဉ်များလည်း (Pathological of the rule of the law) ပါဝင်နေပါသည်။

၃။ တရားဥပဒေစိုးမိုးရေးသည် ပန်းတိုင် (Ends) ဖြစ်ပြီးငြိမ်ဝပ်ပိပြားရေးသည်စတင်ခြင်း (Begin) ဖြစ်ပါသည်။

၎။ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အပြန်အလှန်ပိတ်ပင်ခြင်း (Not Mutually Exclusive) မရှိပါ။ တစ်ပြိုင်နက်တည်းပါဝင်နိုင်ပြီး တူညီနေသည့် အချက်များစွာ တည်ရှိနေပါသည်။

ငြိမ်ဝပ်ပိပြားစေရေး (Law and Order) ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် တည်ရှိဖြစ်ပေါ်နေသည့် ပြင်းထန်မှုအမျိုးအစား အခြေအနေများအရ ဥပဒေများကိုအသုံးပြုအုပ်ချုပ်ခြင်း (Rule by law)၊ အမိန့်ဒီဂရီဖြင့်အုပ်ချုပ်ခြင်း (Rule by Decree)၊ အင်အားအသုံးပြုအုပ်ချုပ်ခြင်း (Rule by Force)၊ လူပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒသဘောဖြင့်အုပ်ချုပ်ခြင်း (Rule by Force) နှင့် နောက်ဆုံးအဆင့် စစ်အုပ်ချုပ်ရေး (Martial Law) ကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ရသည့် အခြေအနေသို့တိုင် ရောက်ရှိသွားတတ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တရားဥပဒေစိုးမိုးရေးသည် အလိုအလျောက်သူ့အလိုလို ဖြစ်ပေါ်ရရှိနိုင်စေမည့်သဘောတရား ဖြစ်စဉ်ဖြစ်ရပ်အမျိုးအစား မဟုတ်ပါ။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ ရှင်သန်သက်ဝင်ပြီး အပြည့်အ၀လည်ပတ်နေစေရန်မှာ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အအုံများကို တိုင်းပြည်နိုင်ငံတော် တည်ရှိနေသရွေ့၊ ပြည်သူပြည်သား များအသက်ရှင်ရပ်တည်နေသရွေ့၊ စဉ်ဆက်မပြတ်တည်ဆောက်၊ ဖြည့်ဆည်း၊ ပြုပြင်ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်များသာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference: Nick Cheesman (2015),“Opposing the Rule of the Law: How Myanmar’s Courts Make Law and Order”,Cambridge Studies in Law and Society,Cambridge University Press.

Most Read

Most Recent