ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် အေစီမီလန်နှင့် တွေ့ဆုံနေသည့်အတွက် ဝမ်းသာကြောင်း ဆိုးလ်ရှား ပြောကြား

ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် အေစီမီလန်နှင့် တွေ့ဆုံနေသည့်အတွက် ဝမ်းသာကြောင်း ဆိုးလ်ရှား ပြောကြား
Published 26 February 2021

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် အေစီမီလန်အသင်းနှင့် တွေ့ဆုံနေသည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ (၂၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် မဲခွဲပွဲတွင် မန်ယူအသင်းသည် အေစီမီလန်အသင်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပထမအကျော့ပွဲစဉ်ကို မတ်လ (၁၁)ရက်တွင် မန်ယူအသင်း၏အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ကစားရမည်ဖြစ်သည်။

မန်ယူနည်းပြ ဆိုးလ်ရှားက မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို နှစ်သက်သည့်အတွက် အေစီမီလန်နှင့် ဆုံတွေ့ရခြင်းကို သဘောကျကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ရှားက "ကျွန်တော်တို့အနေနဲ့ မဲခွဲပွဲတွေမှာ ကံမကောင်းလေ့ရှိတဲ့ အစဉ်အလာအတိုင်းပါပဲ။ မန်ယူနဲ့ အေစီမီလန်တို့ရဲ့ တွေ့ဆုံမှုက ပရိသတ်တွေကို ချန်ပီယံလိဂ်ပွဲလို ခံစားရစေပါလိမ့်မယ်။ အေစီမီလန်အသင်းရဲ့ သမိုင်းလည်း အစဉ်အလာအရမ်းကိုကြီးမားပါတယ်။ အဲဒီလိုအသင်းမျိုးနဲ့ ကစားခွင့်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အေစီမီလန်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေအတွက် စိတ်လှုပ်ရှားနေပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက မန်ယူအသင်းတွင် (၂)ရာသီကစားခဲ့ဖူးသည့် အေစီမီလန် ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် (၃၉ နှစ်) ၏ ခြေစွမ်းကိုလည်း ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent