ဆက်လက်ထိုးနှံနေသည့် COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်များ

ဆက်လက်ထိုးနှံနေသည့် COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်များ
မြန်မာနိုင်ငံတွင် ထိုးနှံပေးလျက်ရှိသော COVID-19 ကာကွယ်ဆေး COVISHIELD ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ထိုးနှံပေးလျက်ရှိသော COVID-19 ကာကွယ်ဆေး COVISHIELD ကို တွေ့ရစဉ်
Published 21 February 2021
အိသဉ္ဇာကျော် (Ref:AFP)

ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၁) ၌ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများမှ အရာထမ်းများကို COVID-19 ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့သည်။

 ဖေဖော်ဝါရီ ၁၈ ရက်တစ်ရက်တည်းတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနခုနစ်ခုမှ အရာထမ်း ၄၁၉ ဦးကို COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သည်။ ဆက်လက်၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနခြောက်ခုမှ အရာထမ်း ၄၅၀ ကျော်ကို COVID-19 ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခဲ့သည်။

နေပြည်တော်နည်းတူ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ အသက် ၆၅ နှစ်နှင့် အထက်ပြည်သူများအား COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေပြီး လူဦးရေ ၇၂၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသည် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ မှော်ဘီမြို့နယ်တွင် ၁၇၁ ဦး၊ မင်္ဂလာဒုံမြို့နယ်တွင် ၅၄၀ နှင့် မရမ်းကုန်းမြို့နယ်တွင် ၁၄ ဦးတို့အား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးပြီး ဖြစ်သည်။

အသက် ၆၅နှစ်နှင့်အထက် ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန် အသက် ၁၈ နှစ်အထက် လူဦးရေ ၅၉ သိန်းကျော်ရှိကြောင်းနှင့် အသက် ၆၅ နှစ်အထက် သက်ကြီးဦးရေ ၃၈၀၀၀၀ ကျော်ရှိသည် ဟုသိရသည်။

ဖေဖော်ဝါရီ ၅ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် ၊ ပန်းဘဲတန်းမြို့နယ်တို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရန် ဒဂုံမြို့နယ်၌ အ.ထ.က(၁) ဒဂုံ၊ ပန်းဘဲတန်းမြို့နယ်၌ အ.ထ.က(၁)ပန်းဘဲတန်း၊ ဗိုလ်တထောင်မြို့နယ်၌ အ.ထ.က (၄) ဗိုလ်တထောင်တို့တွင် စီစဉ်ဆောင်ရွက်ထားပြီး ကာကွယ်ဆေးထိုးနှံကြသည့် သက်ကြီးများ အရေးပေါ်ကျန်းမာရေး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရန် ကျန်းမာရေးဌာနမှဆေးအဖွဲ့များ အရေးပေါ်လူနာတင်ယာဉ်များ အောက်ဆီဂျင်အိုးများကို စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Stay at Home အစီအစဉ်တွင်ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါ ရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တွင် ကနဦးစတင်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်ကာ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။ 

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိနှုန်းများ သိသိသာသာကျဆင်းလာရာ လက်ရှိ ပိုးတွေ့နှုန်း တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပြီး ပြီးခဲ့သည့် ၁၀ ရက်ကျော်အတွင်း သေဆုံးလူနာ ၂၄ ဦးရှိခဲ့၍ လက်ရှိပိုးတွေ့သေဆုံးလူနာ ၃၁၉၄ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် COVID-19 ဓာတ်ခွဲနမူနာ ၁၁၁၇ ခု စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာသစ် ၁၉ ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်မှ ၁၉ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၁၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၉ ဦးတွေ့ရှိခဲ့ ကြောင်းနှင့် ဖေဖော်ဝါရီ ၁၉ ရက်အထိ ဓာတ်ခွဲနမူနာ ၂၄၈၁၄၁၁ ခု စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁၇၂၈ ဦး ရှိပြီဖြစ်သည် ။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၃၈ ဦးရှိသဖြင့် စုစုပေါင်း ၁၃၁၂၀၉ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်းနှင့် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ဖေဖော်ဝါရီ ၁၉ ရက်အထိသေဆုံးသူ စုစုပေါင်း ၃၁၉၄ ဦးရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၇ ရက်မှ ၁၉ ရက်အထိ COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၄ ဦး ရှိခဲ့ပြီး အချို့ရက်များတွင် သေဆုံးလူနာမရှိသည့် ရက်များရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန် ကြေညာထားသည်။

COVID-19 ရောဂါစစ်ဆေးမှုပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် အားနည်းလျက်ရှိ၍ ပုံမှန်အတိုင်း စစ်ဆေးပေးနိုင်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ ညှိနှိုင်းဆောင်ရွက်ရန် ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက လက်ရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့  ပြန်လည်ဝင်ရောက်လာသည့် ဝန်ထမ်းများ အဆင်ပြေစေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအရေးပါသည့်လုပ်ငန်းစဉ် ဖြစ်သည့်အတွက် ကာကွယ်ဆေးများထိုးနှံနိုင်ရေးကို မူလကစီစဉ်ထားသည့်အတိုင်း ဆောင်ရွက်နိုင်ရေး၊ ကာကွယ်ဆေးများကို စနစ်တကျ သိုလှောင်ထားရှိနိုင်ရေး၊ စနစ်တကျဖြန့်ဖြူးသွားနိုင်ရေး စသည်တို့ ကြပ်မတ်ဆောင်ရွက် သွားစေလိုကြောင်းနှင့် လက်ရှိတွင် COVID-19 ရောဂါပိုးစစ်ဆေးမှုပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် အားနည်းလျက်ရှိရာ ပုံမှန်အတိုင်း စစ်ဆေးပေးနိုင်မှုများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ယင်းပွဲတွင်ပင် COVID-19 ကာကွယ်ဆေးကို ပုဂ္ဂလိကကဏ္ဍမှ ဝယ်ယူတင်သွင်းနိုင်ရန် FDA က တင်သွင်းခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး စီစဉ်နေသည်ဟု ပြောကြားထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ တွင် ပြည်သူလူထုအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုထားကြောင်း ထည့်သွင်းပြောကြားထားသည်။

COVID-19 ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် အသက် ၁၈ နှစ်အထက် လူဦးရေ ၃၈ ဒသမ ၃၅ သန်းရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ အိန္ဒိယကဝယ်ယူထားသည့် COVISHIELD ကာကွယ်ဆေး Dose သန်း  ၃၀ အနက် ကနဦးအနေဖြင့် နှစ်သန်း ဖေဖော်ဝါရီ ၁၁ရက်က ရောက်ရှိလာခဲ့ပြီဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးလူအုပ်စုများ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် သေဆုံးမှုကိုလျှော့ချရန်၊ ရောဂါကူးစက်ပျံ့နှ့ံမှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်စေရန်၊ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ အဆင့်ဆင့်တိုးချဲ့ထိုးနှံသွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ်ပေးအပ်သော COVID-19 ကာကွယ်ဆေး  COVISHIELD ၁ ဒသမ ၅ သန်း ရရှိထားပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ Serum Institute of India (SII) မှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး  COVISHIELD သန်း ၃၀ သည် လစဉ်အသုတ်လိုက် ရောက်ရှိရန်ရှိကြောင်းနှင့် Gavi COVAX Facility က ထောက်ပံ့သည့် ကာကွယ်ဆေး ၂၇ သန်းခန့်သည်လည်း မတ်လမှစတင်၍ လစဉ်အသုတ်လိုက် ရောက်ရှိရန်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်  ကျဆင်းမှုနှင့် အတူ လွန်ခဲ့သည့်လက ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ထက်ဝက်နီးပါးလျော့ကျခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာန၏ အချက်အလက် စစ်တမ်းတွင် ဖော်ပြထားသည်။  

လွန်ခဲ့သည့်လက ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၄၄ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကပ်ရောဂါစတင် ကူးစက်ပျံ့နှံ့ချိန်ကတည်းက ကူးစက်မှုနှုန်း အများဆုံးကျဆင်းမှုဖြစ်ကြောင်း၊ လွန်ခဲ့သည့်လကကူးစက်ခံရသူဦးရေ ဆက်တိုက်ကျဆင်းခဲ့ကာ နေ့အလိုက်ကူးစက်ခံရသူ ပျမ်းမျှစံချိန်တင် ၄၁၂,၇၀၀ ဦးရှိခဲ့ပြီး ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အတွင်း နေ့အလိုက်  ကူးစက်ခံရသူဦးရေ စံချိန်တင် ၇၄၃,၀၀၀ ရှိခဲ့ပြီး ယခုကူးစက်ခံရသူအသစ်ဦးရေသည် အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ 

 ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက်သည် ၁၆ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂ ဒသမရ သန်းရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

သီတင်းပတ် တစ်ပတ်ချင်းအလိုက် သေဆုံးသူနှုန်းမှာလည်း ၁၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး ၈၁,၀၀၀ ရှိခဲ့သည်ဟု WHO က ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်သည့် အပတ်စဉ် စာရင်းဇယားတွင် ဖော်ပြခဲ့သည်။

WHO ၏ ကမ္ဘာ့ဒေသတွင်း ခြောက်နေရာအနက် ငါးနေရာတွင် ရောဂါကူးစက်ခံရမှုနှုန်းသည် ရာခိုင်နှုန်း ဆယ်ဂဏန်းသို့ ကျဆင်းခဲ့ပြီး အရှေ့မြေထဲပင်လယ်ဒေသတစ်ခုတည်းသာ ခုနစ်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဖရိကနှင့် အနောက်ပစိဖိတ်တွင် ရောဂါကူးစက်ခံရသူသစ် ၂၀ ရာခိုင်နှုန်း၊ ဥရောပတွင် ၁၈ ရာခိုင်နှုန်း၊ အမေရိကတွင် ၁၆ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှတွင် ၁၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။

ယင်းသို့ ရောဂါကူးစက်ခံရသူသစ် ကျဆင်းမှုသည် သီတင်းငါးပတ်ဆက်တိုက် ကျဆင်းမှုဖြစ်ပြီး ဇန်နဝါရီ ၄ ရက်က သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်ခံရသူသစ် ငါးသန်းကျော်ရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး လျော့ကျသွားခြင်းဖြစ်သည်ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအက်ဟာနွန်ဂေဘရီယေဆုက ဖေဖော်ဝါရီ ၁၅ ရက်တွင်ပြောကြားထားသည်။

ပြည်ပနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း COVID-19 ပိုးတွေ့လူနာများ ဆက်တိုက်ကျဆင်းလာပြီး ဖေဖော်ဝါရီ ၁၉ ရက်အထိ ပြန်လည်သက်သာကောင်းမွန်သူ ၁၃၀၀၀၀ ကျော်ရှိရာ ကုသရေးဌာနအချို့တွင် ကုသဆဲလူနာ အနည်းငယ်သာ ကျန်ရှိတော့၍ ကုသရေးစင်တာအချို့ကို ပိတ်သိမ်းနေပြီဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဗြိတိန်- ဆွီဒင်ဆေးဝါးကုမ္ပဏီနှင့် အောက်စဖို့ဒ်တက္ကသိုလ်ထုတ် AstraZeneca COVID-19 ကာကွယ်ဆေးမူကွဲနှစ်မျိုးကို အရေးပေါ်သုံးစွဲရန် ဖေဖော်ဝါရီ ၁၅ ရက်က အတည်ပြုခဲ့ပြီး COVAX အစီအစဉ်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

ယင်း COVID-19 ကာကွယ်ဆေးမူကွဲနှစ်မျိုးကို တောင်ကိုရီးယားနိုင်ငံတွင် AstraZeneca SKBio ဆေးဝါးကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ Serum အင်စတီကျုတို့က  ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါကာကွယ်ရေးအတွက် ၆၃ ဒသမ ၀၉ ရာခိုင်နှုန်းခန့် ထိရောက်မှုရှိကြောင်းနှင့် ယင်း COVID-19 ရောဂါကာကွယ်ဆေးသည် လွယ်လင့်တကူ သိုလှောင်နိုင်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် သုံးစွဲရန်သင့်တော်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ကြေညာထားသည်။

အမေရိကန်နှင့် ဂျာမနီဆေးဝါးကုမ္ပဏီထုတ် Pfizer-BioNTech COVID-19 ရောဂါကာကွယ်ဆေးကို အရေးပေါ်သုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက အတည်ပြုခဲ့ပြီးနောက် AstraZeneca COVID-19 ရောဂါကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်သုံးစွဲရန် အတည်ပြုထားသည့် ဒုတိယမြောက် COVID-19 ရောဂါ ကာကွယ်ဆေးဖြစ်လာပြီ ဖြစ်သည်။

စမ်းသပ်နေသည့် သို့မဟုတ် အရေးပေါ်အသုံးပြုရန် အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေး ၂၀ ကျော်ရှိပြီး လက်ရှိရောင်းချမှုစာရင်းအရ ချမ်းသာသော နိုင်ငံများသည် ကာကွယ်ဆေးများ၏ ရာခိုင်နှုန်း ၇၀ အထိ ဝယ်ယူထားကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

လက်ရှိရောင်းချမှုစာရင်းအရ ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းသာရှိသည့် ချမ်းသာသောနိုင်ငံများသည် ကာကွယ်ဆေးများ၏ ရာခိုင်နှုန်း ၇၀ ကို ဝယ်ယူထားပြီး ယင်းပမာဏသည် ၎င်းတို့၏ နိုင်ငံသား တစ်ဦးချင်းစီအား အကြိမ်ပေါင်းများစွာ ကာကွယ်ဆေးထိုးနှံပေးနိုင်သည့် ပမာဏဖြစ်နေကြောင်း  သိရသည်။

လက်ရှိ စမ်းသပ်နေသည့် သို့မဟုတ် အရေးပေါ်အသုံးပြုရန် အတည်ပြုထားသည့် ကာကွယ်ဆေး ၂၀ ကျော် ရှိနေသော်လည်း ဝင်ငွေနိမ့်ကျသည့် နိုင်ငံများသည် ကာကွယ်ဆေးရရှိပြီး နိုင်ငံသားများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် များစွာသော စိန်ခေါ်မှုများ ဆက်လက်ရှိနေသေးကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိ စျေးကွက်တွင် ရောက် ရှိနေသော mRNA ကာကွယ်ဆေးများသည် အလွန်အေးခဲသည့်အပူချိန်တွင် သိုလှောင်သိမ်းဆည်းရန် လိုအပ်သောကြောင့် ဝင်ငွေနိမ့်ကျသည့်နိုင်ငံများ ကြုံတွေ့ရမည့် စိန်ခေါ်မှုများတွင် ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေမရှိခြင်း၊ ယင်းကာကွယ်ဆေးများကို တင်ပို့ရန်နှင့် သိုလှောင်ရန်အတွက် အခြေခံအဆောက်အအုံမရှိခြင်း အစရှိသည်တို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

COVAX အစီအစဉ်တွင် ကာကွယ် ဆေးဖြန့်ချိမှုနှင့်ထိုးနှံမှုအတွက် အစိုးရနှင့်ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှု များရှိသော်လည်း၂၀၂၁ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံ ၉၂ ခုအတွက်ပို့ဆောင်ရန် ရည်ရွယ်ထားသည့် ကာကွယ်ဆေးအတွက် နောက်ထပ်ဒေါ်လာ ၆ ဒသမ ၈ ဘီ လျံလိုအပ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။