ကိုဗစ်လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သည့်စွဲချက်ဖြင့် အရေးယူရန် လာဇီယိုတာဝန်ရှိသူများ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ထံ တင်သွင်းခံရ

ကိုဗစ်လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သည့်စွဲချက်ဖြင့် အရေးယူရန် လာဇီယိုတာဝန်ရှိသူများ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ထံ တင်သွင်းခံရ
Photos : Getty Images
Photos : Getty Images
Published 18 February 2021

လာဇီယိုအသင်းသည် ပြီးခဲ့သည့် အောက်တိုဘာလက စီးရီးအေပြိုင်ပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟူသော စွဲချက်ဖြင့် အသင်းဥက္ကဋ္ဌ လော့တီတိုအပါအဝင် တာဝန်ရှိသူများအား စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ထံ တင်သွင်းခံထားရကြောင်း သိရသည်။

လာဇီယိုအသင်းသည် အောက်တိုဘာနှောင်းပိုင်းတွင် ကစားသမား(၁၂)ဦးထက်မနည်း ကိုဗစ်ကူးစက်မှု ခံခဲ့ရသည့်အသင်းဖြစ်သည်။

ထိုကစားသမား(၁၂)ဦးထဲမှ အီမိုဘီလီ၊ စထရာကိုရှာနှင့် လူးကပ်စ်လေဗာတို့သည်  Negative ရလဒ်ထွက်ပေါ်သည်ဟုဆိုကာ စီးရီးအေပွဲစဉ်များကို ဝင်ကစားခဲ့ပြီး ထိုကာလအတွင်း ကစားရသည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင်မူ UEFA က ဆေးစစ်မှုအောင်မြင်ကြောင်း အသိအမှတ်မပြုခဲ့ဘဲ ဝင်ကစားခွင့် မပေးခဲ့ပေ။

ထိုဖြစ်ရပ်များကြောင့် လာဇီယိုအသင်းသည် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

လာဇီယိုအသင်းက ယင်းဖြစ်ရပ်အား ဓာတ်ခွဲခန်း၏ အမှားအယွင်းဖြစ်သည်ဟု ဖြေရှင်းခဲ့ပြီး ဓာတ်ခွဲရလဒ်များကို  ဒေသတွင်းကျန်းမာရေးအာဏာပိုင်(ASL)ထံသို့ သတင်းပို့ရန်မှာ ဓာတ်ခွဲခန်း၏ တာဝန်သာ ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။

သို့ရာတွင် ယခုအခါ လာဇီယိုအသင်း၏ လုပ်ရပ်များသည် လုပ်ထုံးလုပ်နည်းကို ကျော်လွန်သည်ဟု သတ်မှတ်ခံခဲ့ရပြီး ၎င်းတို့ကို အရေးယူရန် စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ထံ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ရပ်အတွက် လာဇီယိုဥက္ကဌ လော့တီတို၊ ဆေးအဖွဲ့ဝင်များ ဖြစ်ကြသော အစ်ပိုပူလ်ချီနီ၊ ဖာဘီယိုရိုဒီယာတို့သည် စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ထံ တင်သွင်းခံခဲ့ရပြီး လာဇီယိုအသင်းအား ''ကစားသမားများ၏ Positive ရလဒ်နှင့် ပတ်သက်၍ ASL သို့ သတင်းမပို့မှု၊ Negative ရလဒ် ထွက်သော်လည်း လူနာနှင့်အထိအတွေ့ရှိခဲ့သူများကို Quarantine မထားရှိမှု'' နှင့် စွဲချက်တင်ထားသည်။

ယခုစွဲချက်များနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသည့် ပြစ်ဒဏ်များမှာ အမှတ်လျှော့ခံရခြင်း (သို့) အဆိုပါကစားသမားများ ဝင်ကစားခဲ့သည့် တိုရီနို၊ ဂျူဗင်တပ်စ်တို့နှင် ့ပွဲစဉ်များကို အရှုံးအဖြစ် သတ်မှတ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent