နိုင်ငံတကာပွဲများသို့ ကစားသမားများ သွားကစားလိုနေသည့်အတွက် အစိုးရထံမှအထူးခွင့်ပြုချက်ရရှိရန် ပရီးမီးယားလိဂ်အသင်းအချို့ ကြိုးပမ်းမည်

နိုင်ငံတကာပွဲများသို့ ကစားသမားများ သွားကစားလိုနေသည့်အတွက် အစိုးရထံမှအထူးခွင့်ပြုချက်ရရှိရန် ပရီးမီးယားလိဂ်အသင်းအချို့ ကြိုးပမ်းမည်
Photos : Getty Images
Photos : Getty Images
Published 18 February 2021

ရှေ့လာမည့် မတ်လအတွင်းကစားမည့် နိုင်ငံတကာပွဲစဉ်များသို့ ပရီးမီးယားလိဂ်ကစားသမားအတော်များများမှာ သွားရောက်ကစားရန်ဆန္ဒရှှိနေကြ၍ ပရီးမီးယားလိဂ်ကလပ်အချို့သည် အစိုးရထံမှ အထူးခွင့်ပြုချက်ရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လအတွင်းကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများအပါအဝင် နိုင်ငံတကာပွဲများသို့ ကစားသမားများ သွားရောက်ကစားခဲ့ပါက ကလပ်အသင်းများသို့အပြန်တွင် သီးခြားနေထိုင်မှု (Quarantine ဝင်ရသည့်) ပြဿနာများရှိနေ၍ ကလပ်အသင်းများအနေဖြင့် ကစားသမားများမစေလွှတ်ရန် ငြင်းဆန်လိုက ငြင်းဆန်ခွင့်ရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ခွင့် ပြုချက်ပေးထားသည်။

သို့သော် ပရီးမီးယားလိဂ်ရှိ နိုင်ငံလက်ရွေးစင်ကစားသမားအများစုမှာ ၎င်းတို့၏ နိုင်ငံအသင်းများအတွက် သွားရောက်ကစားပေးရန် ဆန္ဒပြင်းပြနေကြကြောင်း သိရှိရသည်။

ဗြိတိန်တွင် ထိပ်တန်းအားကစားပြိုင်ပွဲများမှ ကစားသမားအချို့ကို အစိုးရက အထူးခွင့်ပြုချက်(Elite Sport Exemption) ပေးထားပြီး အခြားနိုင်ငံများမှပြန်လာပါက  Quarantine ဝင်စရာမလိုဘဲ ကလပ်အသင်း ပြိုင်ပွဲများတွင် ချက်ချင်းပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်သည်။

သို့သော် မကြာသေးမီက ပြန့်ပွားလာခဲ့သည့် မျိုးကွဲကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဗြိတိန်အစိုးရသည် တောင်အမေရိကနိုင်ငံများနှင့် ပေါ်တူဂီ၊ တောင်အာဖရိက အစရှိသောနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို ခြွင်းချက်မပေးဘဲ Quarantine  (၁၀)ရက်နေထိုင်ရန် ညွှန်ကြားထားသည်။

သို့ဖြစ်ရာ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပါရာဂွေး၊ ပေါ်တူဂီ၊ တောင်အာဖရိကအစရှိသော နိုင်ငံများသို့ သွားရောက်ကစားမည့် ကစားသမားများအနေဖြင့် ဗြိတိန်သို့ပြန်လည်ဝင်ရောက်ပါက ခြွင်းချက်မရရှိဘဲ Quarantine (၁၀)ရက် ဝင်ရမည်ဖြစ်သည်။

ယင်းအတွက်ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများက အစိုးရမှ Red List အဖြစ်တားမြစ်ထားသော ယင်းနိုင်ငံများသို့ သွားရောက်မည့် ကစားသမားများအား အပြန်တွင် Quarantine မဝင်စေဘဲ ကလပ်အသင်းနှင့် ပြန်လည်ပူးပေါင်းခွင့်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကမူ ယင်းအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်တတိယလှိုင်း စတင်ရိုက်ခတ်ချိန်က ကလပ်အသင်းအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှုဒဏ်ကို ခံခဲ့ရသော မန်စီးတီးအသင်း၏နည်းပြဖြစ်သူ ဂွါဒီယိုလာက ''ဒီအခြေအနေနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်အနေနဲ့ စိုးရိမ်ပူပန်မှုရှိသင့်တယ်လို့ ထင်ပါတယ်။ တစ်ခါတစ်ရံမှာ ကံအကြောင်းမလှစွာနဲ့ အခြေအနေဆိုးရွားတာတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော်ကတော့ ဘာမှဖြစ်မလာဖို့ပဲ မျှော်လင့်နေပါတယ်။ ဒါမျိုးတွေက ဒုတိယလှိုင်းနဲ့ တတိယလှိုင်းမှာလည်း ကြုံခဲ့ပြီးပါပြီ။ လေကြောင်းခရီးစဉ်တွေ သွားလာပြီးပြီိ ဆိုရင်တော့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင်တော့ ဘယ်မှမသွားပါနဲ့။ စစ်ဆေးမှုတွေများများလုပ်ပါ။ နေအိမ်မှာပဲနေထိုင်ပါ။ အစရှိတာတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နွေရာသီမရောက်ခင်အထိ အထူးဂရုပြုဖို့ လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent