တစ်လတာအကောင်းဆုံးဆု ရှစ်ကြိမ်မြောက်ရရှိသူ ဂွါဒီယိုလာ ယင်းဆုကို အကြိမ်အများဆုံးရရှိသူများစာရင်းတွင် အဆင့် ၄ နေရာရောက်ရှိလာ

တစ်လတာအကောင်းဆုံးဆု ရှစ်ကြိမ်မြောက်ရရှိသူ ဂွါဒီယိုလာ ယင်းဆုကို အကြိမ်အများဆုံးရရှိသူများစာရင်းတွင် အဆင့် ၄ နေရာရောက်ရှိလာ
Photos : Getty Images
Photos : Getty Images
Published 14 February 2021

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့သူ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ယင်းဆုကို အကြိမ်အများဆုံးရရှိသူများ စာရင်းတွင် အဆင့် ၄ နေရာရောက်ရှိလာ ကြောင်း သိရသည်။

ဇန်နဝါရီအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုရရှိသူများကို သောကြာ နေ့တွင် ထုတ်ပြန်ကြေညာရာ နည်းပြဆုကို ဂွါဒီယိုလာ၊ ကစားသမားဆုကို မန်စီးတီး အသင်း ကွင်းလယ်လူ ဂွန်ဒိုဂန်နှင့် သွင်းဂိုးဆု ကို လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာတို့ ဆွတ်ခူးရရှိခဲ့သည်။ 

မန်စီးတီး အသင်းသည် ဇန်နဝါရီလအတွင်း ပရီးမီးယား လိဂ်ခြောက်ပွဲအပါအဝင် ပြိုင်ပွဲစုံကိုးပွဲ ယှဉ် ပြိုင်ကစားရာ ပွဲအားလုံး ရာနှုန်းပြည့်အနိုင်ရ ခဲ့သောကြောင့် ဂွါဒီယိုလာက အကောင်းဆုံး ဆုနည်းပြဆု ရရှိခြင်းဖြစ်သည်။ ဂွါဒီယိုလာ သည် မန်စီးတီးအသင်းအား ကိုင်တွယ်သည့် လေးရာသီခွဲအတွင်း တစ်လတာအကောင်း ဆုံးဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးရရှိခြင်းဖြစ် ပြီး ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ မာတင် အိုနေးလ်၊ ရက်နက်ပ်တို့နှင့်အတူ ပူးတွဲအဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းဆု ကို မန်ယူအသင်းဂန္ထဝင်နည်းပြ ဖာဂူဆန်က ၂၇ ကြိမ်ဖြင့် အများဆုံးရရှိထားပြီး အာစင် ဝင်းဂါးက ၁၅ ကြိမ်ဖြင့် ဒုတိယ၊ ဒေးဗစ် မွိုက်စ်က ၁၀ ကြိမ်ဖြင့် တတိယနေရာ ရပ်တည်နေသည်။

ဇန်နဝါရီလအတွင်း ခြောက်ပွဲကစားရာ တွင် ငါးဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည့် ဂွန်ဒိုဂန်မှာ ယင်းဆုကို ပထမဆုံးအကြိမ်ရရှိခြင်း ဖြစ်ပြီး ဆာလာမှာမူ ဝက်စ်ဟမ်းအသင်းနှင့်ပွဲ တွင် တန်ပြန်တိုက်စစ်မှ သွင်းယူသည့်ဂိုးဖြင့် အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent