နေပြည်တော် ဆန္ဒပြမှုတွင် ပစ်ခတ် ဖြိုခွဲရာ၌ ဦးခေါင်းကျည် ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ ဦးနှောက် သေဆုံးသွားပြီဖြစ်ပြီး အသက်ရှုစက် တပ်ထားဟုဆို

နေပြည်တော် ဆန္ဒပြမှုတွင် ပစ်ခတ် ဖြိုခွဲရာ၌ ဦးခေါင်းကျည် ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ ဦးနှောက် သေဆုံးသွားပြီဖြစ်ပြီး အသက်ရှုစက် တပ်ထားဟုဆို
Published 12 February 2021

နေပြည်တော်ဆန္ဒပြမှုတွင် ပစ်ခတ်ဖြိုခွဲရာ၌ ဦးခေါင်းကျည်ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ ဦးနှောက် သေဆုံးသွားပြီ ဖြစ်ပြီး အသက်ရှုစက် တပ်ထားကြောင်း

နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက အတည်ပြု ပြောကြားသည်။

 

နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ပစ်ခတ်လူစုခွဲခဲ့ခြင်းကြောင့် ဦးခေါင်းသေနက်ထိမှန်ခဲ့သူ မမြသွဲ့သွဲ့ခိုင်သည် Brain Dead (ဦးနှောက်သေဆုံးခြင်း)ဖြစ်သွားသဖြင့် ဆေးပညာအရ ကွယ်လွန်ဟု သတ်မှတ်ကြောင်း နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက အတည်ပြု ပြောကြားသည်။

ဖေဖော်ဝါရီ ၉ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အနီးတွင် တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေကြသည့် ဒေသခံပြည်သူများကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လူစုခွဲခဲ့ခြင်းကြောင့် နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေအားလျှပ်စစ်၊ အထက်ဆည်မြောင်းဝန်းတွင် နေထိုင်သည့်အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းအား သေနတ်ကျည်ဆန်မှန်ခဲ့ပြီးနောက် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးတွင် ၎င်းအား အရေးပေါ်လူနာအဖြစ် ကုသပေးနေခြင်းဖြစ်သည်။

''ဒီလိုပါ မနက်ကတော့ ကျွန်တော်တို့ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးကနေပြီးတော့ ဒီမိန်းလေးဟာ ဦးနှောက်သေဆုံးသွားပြီပေါ့။ Brain Dead ကျသွားပြီလို့ သတ်မှတ်လိုက်တာပါ။ Brain Dead ကျသွားပြီဆိုတဲ့ အတွက်ကြောင့်မလို့ သူကပြန်လည်ပြီးတော့ ဘာမှလုပ်ပေးလို့မရတော့ဘူးပေါ့။ ဆေးပညာမှာတော့ Brain Dead ရပြီဆိုတာကတော့ သေသွားပြီဆိုတာနဲ့အတူတူပါပဲ။ ဒါပေမယ့် အသက်ရှုစက်တပ်ထားသေးတဲ့အတွက်ကြောင့်မလို့ ဆက်ပြီးတဲ့ အခါကျတော့ အသက်ရှုတုန်း၊ နှလုံးခုန်နေတုန်းပေါ့။ ဆရာဝန်ကြီးတွေကတော့ မိသားစုကို ဘယ်အချိန်မှာ စက်ဖြုတ်ချင်လဲပေါ့၊ ကျွန်တော်တို့က အသိပေးထားတယ်။ မိသားစုဘက်ကတော့ လောလောဆယ်တော့ မဖြုတ်ချင်သေးဘူး။ ဆက်ပြီးတော့ ထားထားအုံးမယ်လို့ ပြောထားပါတယ်'' ဟု နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်နေသည့် သေနတ်ကျည်ဆန်ကို ခွဲထုတ်ရန်အတွက် ဆရာဝန်များက ကြိုးစားခဲ့သော်လည်း ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်) နံနက်ပိုင်းတွင် လက်လျှော့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

'' ဆေးပညာမှာကတော့ Brain Dead ဆိုတာကတော့ ကွယ်လွန်တာနဲ့အတူတူပါပဲ။ အသက်ရှုစက်တပ်ထားတော့ သူက ဆက်ပြီးတော့ နှလုံးခုန်နေ၊ အသက်ရှုနေသေးတာပါ။  စက်ဖြုတ်လိုက်ပြီဆိုတာနဲ့ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာ သူက အကုန်လုံး ရပ်သွားမှာပေါ့'' ဟု နေပြည်တော်ကုတင်(၁၀၀၀)ဆေရုံးကြီးမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့က နေပြည်တော်တွင် ပစ်ခတ်ဖြိုခွဲမှု၌ ဒဏ်ရာရရှိသူများတွင် မမြသွဲ့သွဲ့ခိုင်ကဲ့သို့ပင် အခြားလူငယ်အမျိုးသားတစ်ဦးလည်း ရင်ဘတ်ထုတ်ခြင်းပေါက် သေနတ်ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းမှာမူ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။

မမြသွဲ့သွဲ့ခိုင်နှင့်ပတ်သက်၍ မည်သို့ဆုံးဖြတ်ဆောင်ရွက်မည်ကို မိသားစုထံ ဆက်သွယ်လျက်ရှိသော်လည်း ဆက်သွယ်မှုမရရှိပေ။

Most Read

Most Recent