မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၈ လမ်းတွင် ကားတစ်စီးမှ ဆိုင်ကယ်များကို ဝင်တိုက်ခဲ့မှုကြောင့် သုံးဦး သေဆုံး နှစ်ဦးဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၈ လမ်းတွင် ကားတစ်စီးမှ ဆိုင်ကယ်များကို ဝင်တိုက်ခဲ့မှုကြောင့် သုံးဦး သေဆုံး နှစ်ဦးဒဏ်ရာရ
Published 9 February 2021
ယဉ်မျိုးသွယ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်  ၃၈ လမ်းတွင် ကားတစ်စီးမှ ဆိုင်ကယ်များကိုဝင်တိုက်မှု ဖေဖော်ဝါရီ ၈ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ ၃၈လမ်း ‌၇၃လမ်းနှင့်ရ၄လမ်းကြားရှိ ဆန္ဒပြသူများ စုဝေးရာလူအုပ်စုထဲမှ ဆိုင်ကယ်နှစ်စီးအား နံပတ်ပြားနှစ်ခု တပ်ထားသည့် ပါဂျဲရိုး အစိမ်းရောင်ယာဉ်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်ရှိသည့် အမျိုးသားသုံးဦးကိုလည်း ပင်မစစ်လက်နက်တပ်(မန္တလေး)ရှိ ယာယီအရေးပေါ်ကုသရေးဆေးရုံသို့ကုသရန် ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ရှိစဉ် တစ်ဦးမှာ ထပ်မံသေဆုံးသွားခဲ့သည်ဟု စုံစမ်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများဖြစ်သည့် ကိုအောင်လှိုင်စိုး(၃၈နှစ်) နှင့် ကိုကျော်ဇင်ဝင်းတို့သည်လည်း စိုးရိမ်ရသဖြင့် ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

" ဖြစ်ဖြစ်ချင်းကတော့ နှစ်ယောက်သေတယ်။ ကျန်တာတွေက ဆေးရုံပို့ထားတုန်း။  အခြေအနေမသိရ သေးဘူး။ တိုက်သွားတဲ့သူက ကားထားပြီး ထွက်ပြေးသွားတယ်။ မမိသေးဘူး။ စုံစမ်း ရှာဖွေနေကြတယ်"ဟု မန္တလေးတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးက ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

 

ထိုကဲ့သို့ ဆိုင်ကယ်များအားတိုက်ခဲ့သည့် ယာဉ်မှာ ထွက်ပြေးသွားသဖြင့်  အနားရှိလူများမှ ဝိုင်းလိုက်ခဲ့ကြရာ ချမ်းမြသာစည်မြို့နယ် ၆၈ A လမ်းနှင့်၁၀၂ A လမ်းထောင့်၌ ကားကို ရပ်တန့်လျက်တွေ့ရှိရပြီး ယာဉ်မောင်းမှာမူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။