မူဆယ်နယ်စပ်တွင် ဖရဲ၊ သခွားစျေးကွက် ရပ်တန့်လုနီးပါးဖြစ်နေ

မူဆယ်နယ်စပ်တွင် ဖရဲ၊ သခွားစျေးကွက် ရပ်တန့်လုနီးပါးဖြစ်နေ
တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်း၌ ဖရဲအရောင်းအဝယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ- ခွာညိုသစ်သီးပွဲရုံ)
တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်း၌ ဖရဲအရောင်းအဝယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ- ခွာညိုသစ်သီးပွဲရုံ)
Published 13 January 2021
ပြည့်စုံ (မူဆယ်)

တရုတ်နိုင်ငံက COVID-19 ရောဂါထိန်းချုပ်မှုကြောင့် တရုတ်ပြည်တွင်း ဖရဲ၊ သခွားစျေးကွက်များ Lockdown ကျနေခြင်းတို့ကြောင့် မူဆယ်နယ်စပ် ဖရဲ၊ သခွားစျေးကွက်တွင် ဝယ်လက်များ မရှိသ‌လောက် ဖြစ်ကာ အဝယ် ရပ်တန့်လုနီးပါး ဖြစ်ပေါ်နေကြောင်း သိရသည်။

“ဖရဲသီးတွေ အဝယ်ရပ်သွားတာ သူတို့ဘက်က လမ်းကြောင်းဆိုင်ရာပေါ့။ သူတို့ရဲ့ တချို့စျေးကွက်တွေမှာ ရောဂါဖြစ်ပွားနေတဲ့ ပြည်နယ်လေးခုလောက်ရယ်၊ နှင်းခဲကျတာတွေကြောင့် ဝယ်လက်တွေကရှိတယ်၊ မဝယ်ဘဲနဲ့ စောင့်ကြည့်နေတဲ့သဘော။ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါကြောင့် စျေးကွက်နိမ့်ချီမြင့်ချီနဲ့ ကမောက်ကမ ဖြစ်နေတဲ့ လမ်းကြောင်းပေါ်မှာပဲ ရှိနေတာပေါ့။ ဒါကလည်း တရုတ်ဘက်က ရောဂါထိန်းချုပ်နိုင်လာပြီဆိုတဲ့ ယုံကြည်မှုနဲ့စိုက်တဲ့သူတွေ ဒီမှာ ဒုက္ခတွေ့နေတယ်။ အခက်အခဲတွေ့တယ်ပေါ့။ ဒါပေမယ့် မျှော်လင့်ရတာ ဒီရက်ပိုင်းအတွင်း သူတို့ဘက်က ရောဂါတွေထိန်းချုပ်နိုင်ပြီးတော့ ပုံမှန်ရောင်းဝယ်မှု ရှိလာမလားဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

ယခုအခါ တရုတ်နိုင်ငံတွင်း ပြည်နယ်အချို့တွင် COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးအပိုင်းတွင် သစ်သီးစျေးကွက်သာမက အခြားစျေးကွက်များ၌လည်း စျေးကွက် ကမောက်ကမ ဖြစ်ပေါ်နေကြောင်း ဦးစိုင်းခင်မောင်က ပြောကြားသည်။

“ သစ်သီးအပိုင်းပဲ ပြောရမှာမဟုတ်ဘူး။ ပဲပြောင်း ၊ နှမ်း၊ ဆန်စပါး ၊ သကြားစျေးကွက် အကုန်လုံး ကမောက်ကမ ဖြစ်နေတာ။ ဖရဲသီးကလည်းစျေးရမလိုနဲ့ ပြန်ပြီးတော့ စျေးက အေးသွားတယ်။ အေးသွားတာမကဘူး အဝယ်ပါရပ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။ နောက်အလားအလာလည်း ဘယ်လိုဖြစ်မလဲမသိဘူး။ နောက်သုံးလေးရက်မှာ ဘယ်လိုဖြစ်မလဲ ရှေ့အပတ်မှာ ဘယ်လိုဖြစ်မလဲ ပြောလို့မရဘူး။ ခန့်မှန်းလို့ကို မရသေးတဲ့အခြေအနေမှာ အခြေအနေတွေကို စောင့်ကြည့်ပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ဆုတောင်းရုံရှိတာပေါ့” ဟု ဦးစိုင်းခင်မောင်က ဆိုသည်။

မြန်မာ- တရုတ် နယ်စပ် သစ်သီးရောင်းဝယ်မှု‌စျေးကွက်သည် တရုတ်နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ကုန်ကားရှာရခက်ခြင်းအခြေအနေနှင့် တရုတ်ပြည်တွင်း COVID-19 ရောဂါပျံနှံ့နေသည့် အခြေအနေများကြောင့် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ စျေးကွက်တုံ့ဆိုင်းနေကြောင်း သိရသည်။

“အဝယ်လုံးဝကြီး ရပ်သွားတာတော့ မဟုတ်သေးဘူး။ အခုဖြစ်နေတဲ့အခြေအနေက တရုတ်ပြည်မှာ တချို့ဒေသ နှင်းမုန်တိုင်းကျတာတို့၊ နှင်းရည်အရမ်းရွှဲနေတာတို့ လမ်းပိုင်းမှာ ပိတ်မိသွားတာတို့ လမ်းပိတ်မိတဲ့အချိန် ကားတွေထွက်လို့မရတဲ့အချိန် သူတို့ဝယ်ထားတဲ့ကားတွေက သူတို့ရောင်းကွင်းထဲကို မရောက်သေးတာရယ်၊ အဲဒီလို လမ်းပိတ်နေတဲ့အတွက်ကြောင့် ကုန်တင်ကားတွေ ဝမ်တိန်ဘက်မှာ ရှာရခက်သွားတာရယ်၊ တချို့နယ်တွေက ရောဂါကြောင့်ပိတ်ထားတာတွေရယ် အဲဒီသုံးခု ဆုံသွားတာပေါ့။ အဲဒီလိုအခြေအနေ သုံးခု ဆုံသွားတဲ့အခြေအနေမှာ သူတို့ ဝယ်မယ်ဆိုလည်း ကားကခေါ်မရဖြစ်နေလို့ သူတို့မဝယ်သေးတဲ့ပုံစံမျိုးပါ။ သူတို့ဘက်က လမ်းဖွင့်ပြီး ရာသီဥတုနည်းနည်း ပူနွေးလာလို့ လမ်းတွေ ပွင့်လာလို့ သူတို့ကားခေါ်မှုပေါ် မူတည်ပြီး အသီးလိုအပ်တဲ့ ဒေသတွေကတော့ ဝယ်မှာပါ။ နှစ်သစ်ကူးလည်း နီးနေပြီဆိုတော့လေ” ဟု စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံက နမ်းခမ်းခင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဖရဲသီးနှင့် သခွား‌မွှေးသီး တင်ဆောင်ထားသော ကားများမှာ မန္တလေး-မူဆယ်-ကျင်ဆန်းကျော့လမ်းပိုင်းတွင် အစီးရေ ၁၅၀ ခန့်ရှိပြီး ၁၀၅ မိုင်သစ်သီး ရောင်းဝယ်ကွင်း၌ အစီးရေ ၄၀၀ နီးပါးရှိကာ တရုတ်နိုင်ငံ ဝမ်တိန်ဖရဲရောင်းဝယ်ကွင်း၌ အစီးရေ ၃၀၀ ခန့်ရှိကြောင်း သိရသည်။

ယခုအခါ မူဆယ်-ဝမ်တိန်ဖရဲသခွား စျေးကွက်၌ ဆိုးရွားသောအခြေအနေဖြစ်ပေါ်နေပြီး ၈၅၅ ဖရဲသီးစီးလုံးပြတ် အမြင့်ဆုံး‌ စျေးနှုန်းမှာယွမ် ၁၅၀၀၀ ဝန်းကျင်သာ စျေးရပြီး အစေ့မဲ့နှင့် ထဲန်ဝမ်ဖရဲသီး အမြင့်ဆုံး တစ်တန်လျှင် ယွမ် ၁၈၀၀ ဝန်းကျင်သာစျေးရကာ သခွား‌မွှေးစျေးမှာ တစ်ကီလို နှစ်ယွမ်သာစျေး ရှိနေသည်။ ဇန်နဝါရီ ၁၂ ရက် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ မြန်မာ-တရုတ် ငွေလဲလှယ်နှုန်းမှာ တစ်ယွမ်လျှင် ၂၀၈ ကျပ် ဖြစ်သည်။

Most Read

Most Recent