အထည်ချုပ်လုပ်ငန်းများ၏ စျေးကွက်နိုင်ငံများတွင် COVID-19 ကပ်ရောဂါကြောင့် ဝယ်လိုအားနှင့် ပစ္စည်းအသစ် တင်သွင်းလိုမှု လျော့ကျသဖြင့် မြန်မာနိုင်ငံ၏ အထည်လုပ်ငန်းများမှ တင်ပို့မှုလည်း လျော့ကျနေ

အထည်ချုပ်လုပ်ငန်းများ၏ စျေးကွက်နိုင်ငံများတွင် COVID-19 ကပ်ရောဂါကြောင့် ဝယ်လိုအားနှင့် ပစ္စည်းအသစ် တင်သွင်းလိုမှု လျော့ကျသဖြင့် မြန်မာနိုင်ငံ၏ အထည်လုပ်ငန်းများမှ တင်ပို့မှုလည်း လျော့ကျနေ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 13 January 2021
နီလာ

အထည်ချုပ် လုပ်ငန်းများ၏ စျေးကွက်နိုင်ငံများတွင်လည်း ကိုဗစ်ရောဂါကြောင့် ဝယ်လိုအားနှင့် ပစ္စည်းအသစ် တင်သွင်းလိုမှု လျော့ကျသဖြင့် မြန်မာနိုင်ငံ၏ အထည်လုပ်ငန်းများမှ တင်ပို့မှုလည်း လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ခန့်သာ ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၂၂၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ၂၉၇ ဒသမ ၁၇၅ သန်း ရရှိထားသည်။ ယခင်နှစ် ကာလတူတွင် ဒေါ်လာသန်း  ၅၂၀ ကျော်အထိ ရရှိထားသည်။

“ဒီဘဏ္ဍာနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ချုပ်ပြီးအထည်မှ ဒေါ်လာ ၂၉၇ ဒသမ ၁၇၅ သန်း ရထားတယ်။ ကာလတူထက် ၂၂၃ ဒသ မ ၇၃၅ လျော့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒ ါအဓိကမှာယူနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

COVID-19 ကြောင့် ပိတ်သွားခဲ့သည့် သို့မဟုတ် ယာယီပိတ်ထားသော စက်ရုံပေါင်း ၁၁၄ ရုံရှိပြီး လက်ရှိတွင် အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်းလည်ပတ် လျက်ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် Position Paper ၂၀၂၀ အရ သိရသည်။

အထည်ချုပ်စက်ရုံ အများစုသည် ပို့ကုန်အားထားသည့် စက်ရုံများဖြစ်ကြပြီး ညှပ်-ချုပ်-ထုတ် (CMP) စနစ်ဖြင့် လုပ်ကိုင်နေကြသည်။ အမှာစာများအတွက် ကုန်ကြမ်းများကိုမူ နိုင်ငံခြားက တင်သွင်း၍ ချုပ်လုပ်လျက်ရှိပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စက်ရုံအရေအတွက် များပြားလာခဲ့သည်။

COVID-19 ကြောင့် စက်ရုံပိတ်သိမ်း ခဲ့သည့်အတွက် ထိခိုက်ခဲ့သည့် အလုပ်သမားများအတွက် မြန်ကူအစီအစဉ်က ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အစီအစဉ်မှ ပထမလှိုင်းအပြီး အလုပ်ရုံ၊ စက်ရုံ  ၁၀၆ ခု၊ အလုပ်သမား လေးသောင်းခွဲခန့်ကို ထောက်ပံ့ပေးခဲ့ကြောင်းနှင် နောက်ဆုံးစာရင်းများကို မကြာမီ ထုတ်ပြန်မည်ဟု သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် ၆၀၀ ကျော်အနက် စက်ရုံအနေဖြင့် ၅၀၀ ပင် မပြည့်ကြောင်း၊ အသင်းဝင်များတွင် ပိတ်ရောင်းသည့်စက်ရုံ၊ Printing ပိုင်းလုပ်ကိုင်သည့်စက်ရုံ စသည်ဖြင့် ပါဝင်ကာ စက်ရုံ ၅၃၄ ရုံမှာ လက်ရှိတွင် လည်ပတ်နေဆဲ ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံရှိ စက်ရုံများတွင် လုပ်ကိုင်နေသော အမှာအားလုံးနီးပါးသည် ညှပ်-ချုပ်-ထုပ် (CMP) စာချုပ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇိုင်းဖန်တီးခြင်း၊ ကုန်ကြမ်းပံ့ပိုးခြင်း၊ ကိုယ်ပိုင်ဂိုဒေါင်များတွင် ပစ္စည်းသိမ်းခြင်း၊ ချုပ်လုပ်ပြီး အထည်များကို ပို့ပေးခြင်းတို့ကဲ့သို့ ထပ်ဆောင်း ဝန်ဆောင်မှုများကို ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှုများ မပေးခြင်းကြောင့် ရရှိသည့် အမြတ်ငွေမှာ အကန့်အသတ်ရှိနေပြီး ရင်းနှီးမြှုပ်နှံငွေများသော Free On Board (FOB)၊ Own Design Manufacturing (ODM)၊ Own Business Manufacturing (OBM) စာချုပ်အမျိုးအစားများနှင့် လုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent