ထုတ်ပယ်ခံရမည့်နည်းပြ ရေပန်းစားမှုတွင် ထိပ်ဆုံးသို့ရောက်ရှိခဲ့သော လမ်းပတ်၏နေရာ အစားထိုးနိုင်မည့်နည်းပြများစာရင်း ထွက်ပေါ်လာ

ထုတ်ပယ်ခံရမည့်နည်းပြ ရေပန်းစားမှုတွင် ထိပ်ဆုံးသို့ရောက်ရှိခဲ့သော လမ်းပတ်၏နေရာ အစားထိုးနိုင်မည့်နည်းပြများစာရင်း ထွက်ပေါ်လာ
Photo: CBS Sports
Photo: CBS Sports
Published 7 January 2021

ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုစာရင်းတွင် ချယ်လ်ဆီးနည်းပြ လမ်းပတ် ထိပ်ဆုံးသို့ရောက်ရှိခဲ့ပြီးနောက် သူ၏နေရာတွင် အစားထိုးနိုင်မည့် နည်းပြများစာရင်းကို ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် တစ်ပတ်က မန်စီးတီးအသင်းအား အိမ်ကွင်းတွင် (၁-၃)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်  လမ်းပတ်သည် သူ၏ရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်လာခဲ့ပြီး၊ ဘောလုံးလောင်းကစားဘွတ်ကီဒိုင်များက ၎င်းအား ထုတ်ပယ်ခံရမည့်နည်းပြစာရင်းတွင် ထိပ်ဆုံး၌ အလေးပေးခဲ့ကြခြင်းဖြစ်သည်။

(လမ်းပတ်သည် မန်စီးတီးနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အလေးပေးချက် ၁၁ း ၁၀ လေးဖြင့် ထိပ်ဆုံး၌ဦးဆောင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၆ ရက်နေ့ အလေးပေးချက်များအရ ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ခရစ္စဝိုင်လ်ဒါက လမ်းပတ်ကို ပြန်ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။)

လမ်းပတ်၏နေရာအစားထိုးနိုင်သူများအဖြစ် ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်၊ အီတလီလူမျိုးနည်းပြ အယ်လီဂရီ၊ မြောက်အိုင်ယာလန်လူမျိုးနည်းပြ ဘရန်ဒန်ရော်ဂျာနှင့် သြစတြီးယားလူမျိုးနည်းပြ ဟာဆန်ဟူတယ်လ်တို့ ရေပန်းစားနေကြောင်း ဗြိတိန်သတင်းစာ Independent က ဖော်ပြခဲ့သည်။

၎င်းနည်းပြ(၄)ဦးစလုံးကို ဗြိတိန်ရှိ လောင်းကစားဘွတ်ကီဒိုင်များကလည်း အလေးပေးချက်အမြင့်ဆုံးဖြင့် ကြေးဖွင့်ထားကြပြီး မကြာသေးမီက PSG အသင်းနည်းပြ ရာထူးမှ ထုတ်ပယ်ခံထားရသည့် တူဟယ်လ်မှာ ထိပ်ဆုံးတွင် (၂း၁)လေးဖြင့် ဦးဆောင်နေကြောင်း သိရှသည်။

သူ၏နောက်တွင် ၂၀၁၈-၁၉ ဘောလုံးရာသီကုန်၌ ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲခဲ့သည့် အယ်လီဂရီက (၃း၁)လေးဖြင့် ရပ်တည်နေကြောင်းသိရသည်။

၎င်းတို့၏နောက်တွင် ပရီးမီးယားလိဂ်၌ လက်စတာ၊ ဆောက်သမ်တန်အသင်းတို့ကို ရလဒ်ကောင်းများ ရယူပေးထားနိုင်သည့် ဘရန်ဒန်ရော်ဂျာ၊ ဟာဆန်ဟူတယ်လ်အစရှိသည့်နည်းပြများ အစဉ်လိုက်ရှိနေကြောင်း သိရသည်။

လောင်းကစားဒိုင်များ၏အလေးပေးချက်တွင် မပါဝင်သော်လည်း ချယ်လ်ဆီးနည်းပြဖြစ်လာနိုင်သူတစ်ဦးကို ပြင်သစ်သတင်းစာ Le 10 Sport က ဖော်ပြခဲ့သည်။

၎င်းမှာ ချယ်လ်ဆီးအသင်း၌  ၂၀၀၆  မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သည့် ယူကရိန်းလက်ရွေးစင်တိုက်စစ်မှူးဟောင်း ရှက်ဗ်ချင်ကိုဖြစ်ပြီး ၎င်းနှင့်ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်တို့၏ ရင်းနှီးသော ဆက်ဆံမှုများအရ ချယ်လ်ဆီးနည်းပြ ဖြစ်လာနိုင်ကြောင်း Le 10 Sport က ဖော်ပြခဲ့သည်။

ရှက်ဗ်ချင်ကိုသည် ၂၀၁၆ ခုနှစ်မှစတင်၍ ယူကရိန်းလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်လျက်ရှိနေသူဖြစ်ပြီး ယူကရိန်းအသင်းအား ယူရို -၂၀၂၀ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားသည်။

သူ၏ အကြီးဆုံးသားဖြစ်သူ ခရစ္စတန်မှာ လက်ရှိတွင် ချယ်လ်ဆီးအသင်း၏အကယ်ဒမီ၌ ကစားလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent