မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၁ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပမည်

မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၁ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပမည်
Photo: Derisport
Photo: Derisport
Published 6 January 2021

 

မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၁ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကို မေ ၂၁ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အာရှအိုလံပစ်ကောင်စီသည် ယခင်က အာရှရုံတွင်းအားကစားပြိုင်ပွဲနှင့် အာရှကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲတို့ကို သီး ခြားစီကျင်းပခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှ စတင်ကာ ပြိုင်ပွဲနှစ်ခုအားပေါင်းပြီး လေးနှစ်တစ်ကြိမ် ကျင်းပနေခြင်းဖြစ်သည်။ အာရှ အိုလံပစ်ကောင်စီသည် အာရှရုံတွင်းအားကစားပြိုင်ပွဲကို ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉ ခုနှစ်၊ အာရှကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် သီးခြားစီကျင်းပခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၁ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲတွင် အားကစားနည်း ၂၉ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၂၉၀ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး 3x3 ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်၊ BMX စက်ဘီး၊ ဘိုးလင်း၊ စစ်တုရင်၊ Cheerleading၊ Dancesport၊ Esport၊ ဖူဆယ်၊ Ectreme Sports၊ Floorball၊ ရုံတွင်းပြေးခုန်ပစ်၊ ရုံတွင်း ဟော်ကီ၊ ရုံတွင်းလှေလှော်၊ ဂျူဂျစ်ဆု၊ ကရာတေး၊ ကစ်ဘောင်ဆင်၊ Kurash၊ မွေထိုင်း၊ Netball၊ ပန်ကြပ်ဆီလတ်၊ Sambo၊ ပိုက် ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ Short Course Swimming၊ ဘော်လီဘော၊ သေနတ်ပစ်နှင့် နပန်းအားကစားနည်းများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ယှဉ်ပြိုင်မည့်အားကစားနည်းများ ရွေးချယ်ရခြင်း မရှိသေးကြောင်း သိရသည်။ သို့သော် ပိုက်ကျော်ခြင်း၊ ဘိလိယက်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ လှေလှော်၊ ကရာတေး၊ သေနတ်ပစ်၊ ကြက်တောင်၊ စစ်တုရင်၊ ဖူဆယ် နှင့် Esport ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင် ဖွယ်ရှိနေသည်။

မြန်မာအားကစားအဖွဲ့သည်  အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအား ကစားပြိုင်ပွဲနှစ်ခုအား တစ်ပေါင်းတည်း ကျင်းပသည့် ၂၀၁၃ ခုနှစ်မှစ၍ ပုံမှန်ယှဉ်ပြိုင် ခဲ့ပြီး ၂၀၁၃ ပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခုရယူ နိုင်ခဲ့သော်လည်း ၂၀၁၇ ပြိုင်ပွဲတွင်မူ ဆုတံ ဆိပ်နှင့် လွဲချော်ခဲ့သည်။ သီးခြားစီကျင်းပသည့် ၂၀၀၇၊ ၂၀၀၉ အာရှရုံတွင်းပြိုင်ပွဲနှင့် ၂၀၀၉ အာရှကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတို့ တွင် မြန်မာအားကစားအဖွဲ့များမှာ ငွေနှင့် ကြေးဆုများ ရယူနိုင်ခဲ့သည်။ 

မြန်မာအားကစားအဖွဲ့များသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေအပေါ် မူတည်၍ စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး မကြာမီလေ့ကျင့်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မည့်အားကစားနည်းများအနက် ဆုတံဆိပ်ရရှိရန် အလားအလာကောင်းသည့် အားကစားအဖွဲ့များကို ရွေးချယ်စေလွှတ်ဖွယ်ရှိနေသည်။ 

Most Read

Most Recent