တတိယအကြိမ် လွှတ်တော်အစည်းအဝေး တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

တတိယအကြိမ် လွှတ်တော်အစည်းအဝေး တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
Published 31 December 2020
ဉာဏ်လင်းထွန်း

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတွင် စတင်မည့် တတိယအကြိမ် လွှတ်တော်သက်တမ်း တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

တပ်မတော်သား  ပြည်သူ့လွှတ်တော်လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို ထုတ်ပြန်ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲဥပဒေ အခန်း (၈) ပါ ပြဌာန်းချက်များနှင့်အညီ ပေးပို့လာသည့် အထက်ပါ တပ်မတော်သား အမည်စာရင်းများကို ကော်မရှင်အနေဖြင့် စိစစ်ပြီးဖြစ်၍ ယင်းသို့ ကြေညာခြင်းဖြစ်ကြောင်း ကော်မရှင်၏ထုတ်ပြန်မှုအရ သိရသည်။

လက်ရှိတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှု ဖြစ်နိုင်သည့်မဲစာရင်းများကို စိစစ်တွေ့ရှိသည်ဟု ဆိုကာ မြို့နယ်အချို့၏ မဲစာရင်း စိစစ်တွေ့ရှိချက်များကို အခြေခံ၍ တပ်မတော်က ထုတ်ပြန်လျက်ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ တင်သွင်းခွင့်ရှိသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ ဥပဒေနှင့်အညီ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမည်စာရင်းများကို စိစစ်ပြီးနောက် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များတွင် အမြင့်ဆုံး  ရာထူးအဖြစ် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ် နှစ်ဦး၊ အမျိုးသားလွှတ်တော်တွင် ဗိုလ်ချုပ် တစ်ဦးပါဝင်ပြီး  ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးများ ယင်းလွှတ်တော် နှစ်ရပ်တွင်  တာဝန်ထမ်းဆောင်ရန် ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အများစုတွင် ဗိုလ်မှူးကြီး နှစ်ဦးက အမြင့်ဆုံးရာထူးအဖြစ် ပါဝင်ပြီး ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးများ ပါဝင်သည်။

တတိယအကြိမ် လွှတ်တော်တက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆိုပြုသည့် လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မျာတွင် အနည်းစုသာ အသစ်များ ပါဝင်ပြီး အများစုမှာ ယခင်ကိုယ်စားလှယ်များ ဖြစ်ကြောင်း လက်ရှိဒုတိယအကြိမ်လွှတ်တော်တွင် ပါဝင်ထမ်းဆောင်ခဲ့သည့်  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏  လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆိုပြုသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နိုင်သည်။

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၃၀ ဦး ရှိပြီး ယင်းအနက် ၂၅ ရာခိုင်နှုန်းဖြစ်သည့်  လွှတ်တော် ကိုုယ်စားလှယ် ၁၁၀ ဦးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး ကိုယ်စားလှယ် ၂၂၄ ဦးဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ကိုယ်စားလှယ်  ၅၆ ဦးမှာ တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်ကြသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် အများအပြားရှိ၍ ရွေးကောက်ခံကိုယ်စားလှယ် အရေအတွက်မှာ သတ်မှတ်နှုန်းထား ပြည့်မီခြင်း မရှိသော်လည်း တပ်မတော်က အခြေခံဥပဒေအရ တင်သွင်းခွင့်ရှိသည့် ကိုယ်စားလှယ်အရေအတွက်အတိုင်း တင်သွင်းထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦးထက် မပိုသော ကိုယ်စားလှယ်အရေအတွက်ကို တင်သွင်းနိုင်ပြီး အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုချင်းစီအတွက်  ကိုုယ်စားလှယ် လေးဦးစီ တင်သွင်းခွင့်ရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းခွင့်ရှိကြောင်း အခြေခံဥပဒေတွင် ပြဌာန်းထားသည်။

Most Read

Most Recent