ကင်းတားရေလှောင်တမံတွင် နှစ် ၂၀ အတွင်း စံချိန်တင် အနိမ့်ဆုံးရေမှတ်သို့ ရောက်ရှိနေပြီး ယခုနှစ် နွေစပါးနှင့် သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့ကြောင်း သိရ

ကင်းတားရေလှောင်တမံတွင် နှစ် ၂၀ အတွင်း စံချိန်တင် အနိမ့်ဆုံးရေမှတ်သို့ ရောက်ရှိနေပြီး ယခုနှစ် နွေစပါးနှင့် သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့ကြောင်း သိရ
မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံကို တွေ့ရစဉ် (ဓာတ်ပုံ-တိုင်းဒေသကြီး လယ်ဆည်ဝန်ကြီး Dr. Soe Than FB)
မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံကို တွေ့ရစဉ် (ဓာတ်ပုံ-တိုင်းဒေသကြီး လယ်ဆည်ဝန်ကြီး Dr. Soe Than FB)
Published 30 December 2020
မင်းသန့်

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံ၌ နှစ် ၂၀ အတွင်း စံချိန်တင် အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရှိနေပြီး ယခုနှစ် နွေစပါးနှင့် သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ကင်းတားဆည်၏ Catchment Area အတွင်း မိုးရွာသွန်းမှု နည်းပါးသဖြင့် ယခုလက်ရှိ ကန်ရေလှောင် ပမာဏမှာ ဧကပေတစ်သိန်း ကျော်သာရှိရာ ယခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေ မပေးဝေနိုင်တော့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ လက်ရှိရေမှတ်မှာ လျှပ်စစ်ထုတ်လုပ်နိုင်သော ကန်ရေလှောင်ပမာဏ Minimun Operation Level အောက်နိမ့်ကျနေ၍ စိုက်ပျိုးရေပေးဝေသော Irrigation Outlet-Gate Chamber မှသာ ရေပေးဝေရကြောင်း လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်းက ရေးသားထားသည်။

ကင်းတားရေလှောင်တမံမှ စိုက်ပျိုးရေ ပေးဝေမှုအနေဖြင့် ကျောက်ဆည်၊ တံတားဦး၊ ဝမ်းတွင်း၊ မြစ်သားစသည့် မြို့နယ်လေးမြို့နယ်ရှိ စိုက်ပျိုးမြေဧက ၁၄၇၂၇၁ ဧကသို့ ပေးဝေလျက်ရှိကြောင်း သိရပြီး လက်ရှိရေမှတ်မှာ တစ်သိန်းနှစ်သောင်း ကျော်သာရှိရာ အဆိုပါ ရေမှတ်မှာ နှစ် ၂၀ အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း ကင်းတား ရေလှောင်တမံ ဦးစီးအရာရှိ ဦးထင်ကျော်လင်းက ပြောကြားသည်။

“နှစ် ၂၀ အတွင်းမှာ ဒီနှစ်က အနည်းဆုံးပဲ။ အဲဒီတုန်းက ရေပမာဏက ၁၉၀၀၀၀ ဝန်းကျင်လောက်ရှိမယ်။ အခု ၁၂၀၀၀၀ ကျော်ပဲရှိတယ်” ဟု ၎င်းကပြောကြားသည်။

“တမံမှာ ရေအပြည့်သိုလှောင်နိုင်တဲ့ ပမာဏက ၈၇၃၅၀၀ ရှိတယ်။ လက်ရှိ သိုလှောင်ထားတာက ဧကပေတစ်သိန်းနှစ်သောင်းပဲရှိတယ်။ အဲဒီမှာ ကန်ရေပြင်ပမာဏ (ကန်စောင့်ရေ) က ခြောက်သောင်း လောက်ရှိတယ်။ နားလည်အောင် ပြောမယ်ဆို အဲဒီခြောက်သောင်းလောက်က သုံးလို့မရတဲ့ရေပေါ့။ ကန်အတွက် ချန်ထားရတဲ့ရေပေါ့။ ဒီတော့ ပေးဝေနိုင်တဲ့ရေက ဧကပေ ခြောက်သောင်းလောက်ပဲ ကျန်မယ်။ ပုံမှန်ဆိုရင် နောက်နှစ်မိုးစပါး ပေးဝေဖို့အတွက် ပျိုးထောင်ရေချန်ရတယ်။ အဲဒီလိုမိုး စပါးပျိုးထောင်ရေအတွက် ဧကပေ တစ်သိန်းခွဲချန်တယ်။ တစ်သိန်းခွဲချန်ပြီး ပိုတဲ့ရေကိုမှ နွေစပါးပေးတာ။ အခုကန်ထဲမှာ တကယ်တန်း ရှိတာက ခြောက်သောင်းပဲရှိတယ်။ ချန်ထားရမှာက တစ်သိန်းခွဲ။ အဓိကကတော့ မိုးစပါး ပျိုးထောင်ရေပိုမှပဲ နွေစပါးအတွက် ရေပေးဝေတာပေါ့။ ပုံမှန်အားဖြင့်ကတော့ နွေစပါးအတွက်ကို သိပ်ပြီးမပေးနိုင်ဘူး။ နည်းတာ များတာ ကွာတာတယ်။ တစ်ခါတလေကျရင် ဧကငါးထောင်လောက်ပဲ ပေးနိုင်တာ။ ရေသာ အပြည့်ရှိမယ် ဆိုရင်တော့ နွေစပါးလည်း ဧကတစ်သိန်းလောက် ပေးဝေနိုင်တယ်။ အများဆုံးအနေနဲ့ နွေစပါးမှာ ဧကခြောက်သောင်းလောက်အထိ ပေးဖူးတယ်။ ဒီလို နွေစပါးမှာ မပေးဝေနိုင်တာ နှစ်နှစ်သုံးနှစ်တော့ရှိပြီ” ဟု ဦးထင်ကျော်လင်းက ပြောကြားသည်။

ယခုကဲ့သို့ မိုးရွာသွန်းမှု နည်းပါးသည့် အချိန်တွင် တောင်သူများ အနေဖြင့် ဆည်မြောင်းဌာနနှင့် ပူးပေါင်းကာ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရေထွက်စနစ်များကို ချွေချွေတာတာဖြင့် စနစ်တကျ အသုံးပြုမှသာလျှင် အလေလွင့် ဆုံးရှုံးမှုမရှိ ဖြန့်ဝေနိုင်မည်ဖြစ်သည်ဟု ဦးထင်ကျော်လင်းက ပြောကြားသည်။

ကင်းတားဆည်အတွင်း ရေဝင်ပမာဏ စံချိန်တင် လျော့နည်းခြင်းမှာ ဆည်အတွင်း အဓိက ရေဝင်ပေါက် ဖြစ်သည့် ပန်းလောင်မြစ်၏ မြစ်ဖျားခံရာ ကလော၊ ရွာငံ၊ ရွှေညောင် စသည့်မြို့နယ်များအတွင်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိအချိန်တွင် မိုးရွာသွန်းမှု မရှိသော်လည်း သဘာဝ ရေထွက်များမှ ဝင်ရောက်နေသည့်ရေမှာ တစ်ရက်လျှင် ဧကပေ တစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်း သိရပြီး မိုးစပါးစိုက်ပျိုးချိန်အတွက် ခြောက်လခန့် ကျန်နေခြင်းကြောင့် ရေစုဆောင်းချိန် ရရှိနေကြောင်း ဦးထင်ကျော်လင်းက ပြောကြားသည်။

Most Read

Most Recent