“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကြောင့် နစ်နာမှုများရှိခဲ့သည့်အပေါ် “၀” အမျိုးသားပါတီက UEC သို့ တိုင်ကြား

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကြောင့် နစ်နာမှုများရှိခဲ့သည့်အပေါ် “၀” အမျိုးသားပါတီက UEC သို့ တိုင်ကြား
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနေသည်ကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနေသည်ကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Published 29 December 2020
အောင်မင်းသိန်း

“၀’’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကြောင့် နစ်နာမှုများရှိသည့်အပေါ် ‘‘၀’’ အမျိုးသားပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ တိုင်တန်းတာကတော့ ကျွန်တော်တို့ မက်မန်းဒေသမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာက မဖြစ်ဘူး။ မဖြစ်သင့်မဖြစ် ထိုက်တဲ့ဟာတွေကတော့ ဖြစ်နေတာပေါ့။ ဥပမာ ကျွန်တော်တို့ ‘‘၀’’ အမျိုးသားပါတီက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ နှစ်လောက်ကတည်းက အဲဒီမှာ ဇောက်ချပြီးတော့ စည်းရုံးရေးလုပ်တယ်။ ဒီနှစ်ကျတော့ ကျွန်တော်တို့ ရွေးကောက်ပွဲက လက်တွေ့ကျတော့ ပြည်သူလူထုက ကျွန်တော်တို့ကို တော်တော်လေး ထောက်ခံတယ်။ ဒါပေမဲ့ သူတို့ တရားမဲ့ပြုကျင့်မှုနဲ့ပဲ ကျွန်တော်တို့ နစ်နာနေရတာပေါ့။ အခြေအနေက အဲဒီလို’’ ဟု ‘‘၀’’ အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ မက်မန်းမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်အောက်ခံ မက်မန်းမြို့နယ် (ပြည်ခိုင်ဖြိုးပါတီ) ၏ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကြောင့် ပေါ်ပေါက်လာသည့် နစ်နာချက်၊ အခက်အခဲများကို မှတ်တမ်းပြုစုထားရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ‘‘၀’’ အမျိုးသားပါတီက တင်ပြထားသည့်စာတွင် ဖော်ပြပါရှိသည်။

ဦးဆိုင်းပေါင်းနပ်က ‘‘ကျွန်တော် ပို့ထားတာက သိပ်မကြာသေးဘူး။ ၂၄ ရက်တုန်းက ကျွန်တော်ပို့တာ ဒီဇင်ဘာလ။ အကျိုးအကြောင်းလေးကို ကျွန်တော် ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီကထားတဲ့ မှတ်တမ်းပုံစံနဲ့ပေါ့။ ရွေးကောက်ပွဲမှတ်တမ်းတွေကို ကျွန်တော်တို့ ပို့လိုက်တယ်။ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေ များစွာဆောင်ရွက်ခဲ့တဲ့ အဓိကအဖွဲ့အစည်းများအနေနဲ့ကတော့ ပြည်ခိုင်ဖြိုးပေါ့’’ ဟု ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် မှတ်တမ်းတွင် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများဆောင်ရွက်ခဲ့သည့် အဓိကအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ နယ်ခြားစောင့်တပ်ဖွဲ့မှူး၏ ဘက်တော်သားများ၊ အဂတိလိုက်စားသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစားပြုသည့် လူစုများ၊ ဒေသခံတိုင်းရင်းသားများနှင့် ‘‘၀’’ အမျိုးသားပါတီ၏ နစ်နာချက်၊ အခက်အခဲများ၊ စိစစ်သုံးသပ်ချက်များနှင့်အတူ ဆန္ဒသဘောထားတင်ပြချက်များကို ဖော်ပြထားသည်။

‘‘ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ တိုင်လိုက်တာကတော့ ရွေးကောက်ပွဲကာလဖြစ်စဉ်ကို တင်ပြလိုက်တယ်။ အဲဒီတော့ သူတို့ ဒီအပေါ်မှာ ကြည့်ရှုပြီးမှ တကယ့်ကိုပဲ ကျွန်တော်တို့က ဒီလိုတင်ပြထားတဲ့ကိစ္စဖြစ်ပေမဲ့ တကယ်စစ်ဆေးသင့်တဲ့ဟာတွေကို စစ်ဆေးလိုက်ရင် ပိုမိုပြီးတော့ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်လိမ့်မယ်လို့ ဒီအတိုင်းပဲ သူတို့မှတ်တမ်းအနေနဲ့လောက်ပဲ လက်ခံသွားမယ်ဆိုရင်တော့ ဒီကိစ္စကို မစစ်ဆေး၊ မလုပ်ဘူးဆိုရင် ပြည်သူကတိုင်လည်း ဒီအတိုင်းပါပဲ။ ဘာမှမထူးဘူးဆိုတဲ့သဘောမျိုးနဲ့ သက်ရောက်သွားမယ်။ အဲဒီတော့ ဒီကိစ္စကို စစ်ဆေးသင့်ပါတယ်လို့ ကျွန်တော် ဒီလိုပဲ ပြောချင်ပါတယ်’’ ဟု ဦးဆိုင်ပေါင်းနပ်က ပြောကြားသည်။

‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကြောင့် ပေါ်ပေါက်လာသည့် နစ်နာချက်၊ အခက်အခဲ မှတ်တမ်းများအပေါ် အရေးယူဆောင်ရွက်ပေးနိုင်ရန်နှင့် တောင်းဆိုထားသော ဆန္ဒသဘောထားတင်ပြချက်အပေါ် သက်ဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်း၊ ဌာနများမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်ပေးနိုင်ပါရန် အကူအညီ တောင်းခံတင်ပြအပ်ပါကြောင်း ‘‘၀’’ အမျိုးသားပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားစာတွင် ဖော်ပြပါရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ‘‘၀’’ အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်နေရာ၌ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent