အဲရစ်ဆင်ကို ဇန်နဝါရီတွင် ရောင်းချမည်ဟု မာရော့တာ အတည်ပြု

အဲရစ်ဆင်ကို ဇန်နဝါရီတွင် ရောင်းချမည်ဟု မာရော့တာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 25 December 2020

အင်တာမီလန်အသင်း၏ အမှုဆောင်ချုပ် ဘက်ပေမာရော့တာက အသင်းတွင် ရုန်းကန်နေရသော ဒိန်းမတ်ကြယ်ပွင့်ကစား သမား အဲရစ်ဆင်အား ဇန်နဝါရီ၌ ရောင်းချမည့်ကစားသမားစာရင်းတွင် ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း Sky Sport Italia မှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

    

အသက်(၂၈)နှစ်အရွယ် ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပါးအသင်းထံမှ  (၄)နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

အဲရစ်ဆင်သည် အီတလီမြေ၌ အခြေမကျဖြစ်ခဲ့ပြီး နည်းပြကွန်တီ၏ နည်းဗျူဟာများနှင့် အံမဝင်ဘဲ ယခုရာသီတွင် (၂၇၅)မိနစ်သာ ကစားခွင့်ရရှိသေးသည်။

    

သို့ဖြစ်ရာ အသင်းနှင့် အသားကျရန် ရုန်းကန်နေရသော အဲရစ်ဆင်အား ရောင်းချရန် အင်တာမီလန်တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး  ဇန်နဝါရီအပြောင်းအရွှေ့တွင် ကမ်းလှမ်းမှုများကို စဉ်းစားသွားမည်ဟု မာရော့တာက ပြောကြားခဲ့သည်။ 

မာရော့တာက "အဲရစ်ဆင်က ရောင်းချမယ့် ကစားသမားစာရင်းထဲ ပါဝင်သွားပါပြီ။ အသင်းမှာ အသားကျဖို့ သူ ရုန်းကန်နေရပြီး ဒီအချက်က ဓမ္မဓိဋ္ဌာန်ကျတဲ့ အချက်ပါ။ သူ့ရဲ့ ပရိုစိတ်ဓာတ်ကို ထိခိုက်လိုစိတ် မရှိပါဘူး။ သူ ပုံမှန်ကစားခွင့်ရမယ့် နေရာဆီ သွားဖို့ အခွင့်အရေးကိုပေးမှ မျှတမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

    

အဲရစ်ဆင်အား ခေါ်ယူရန် အသင်းဟောင်းစပါး၏ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ဘွန်ဒစ်လီဂါကလပ်များကလည်း​ ၎င်း၏ အခြေအနေကို စောင့် ကြည့်နေကြောင်း သိရသည်။

Most Read

Most Recent