NLD ပါတီပေးပို့စာအပေါ် အကြောင်းပြန်ကြားရန် မရှိသော်လည်း ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့က ကမ်းလှမ်းလျှင် တွေ့ဆုံမည်ဟု SNDP ပါတီဥက္ကဋ္ဌ ပြောကြား

NLD ပါတီပေးပို့စာအပေါ် အကြောင်းပြန်ကြားရန် မရှိသော်လည်း ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့က ကမ်းလှမ်းလျှင် တွေ့ဆုံမည်ဟု SNDP ပါတီဥက္ကဋ္ဌ ပြောကြား
Published 23 December 2020
ဉာဏ်လင်းထွန်း

NLD ပါတီ နိုဝင်ဘာလလယ်က ပေးပို့သည့် အိတ်ဖွင့်ပေးစာပါ အချက်များသည် ယေဘူယျဆန်၍ ပြန်လည် အကြောင်းပြန်ကြားမည် မဟုတ်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“မရှိဘူး။ သူက ဘယ်နေ့၊ ဘယ်ရက်တွေ့မယ်လို့ မပြောဘူးလေ။ General ဆန်ဆန်  ယေဘူယ ဆန်ဆန်ပဲလေ” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို SNDP ပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၈ ပါတီကို နိုဝင်ဘာ ၁၁ ရက် နေ့စွဲဖြင့် NLD ပါတီက ပေးပို့ခဲ့သည်။

အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများ၏ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဆိုသော ဖော်ပြချက်နှင့်အတူ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေး တိုင်းရင်းသားပါတီများ တက်ကြွစွာ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ကြောင်း NLD ပါတီ ပေးပို့သောစာတွင်  ဖော်ပြပါရှိသည်။

သို့သော် NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးထားသည့်အဖွဲ့  တွေ့ဆုံရန် ကမ်းလှမ်းလာလျှင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

“သွားတက်ကြည့်လိုက်မှာပေါ့။ မတက်တာထက်စာရင် တက်တာ ဘယ်လိုအကြောင်း အကြောင်းရှိလည်း သိရတာပေါ့။ သူတို့ရဲ့ ပေါ်လစီက တကယ်ပဲ ဖက်ဒရယ်ကိုသွားချင်တဲ့ပုံစံ ဟုတ်၊ မဟုတ်ပေါ့နော်” ဟု SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု လိုချင်သော်လည်း အာဏာရပါတီ၏ ဆွေးနွေးမှုအပေါ် ဦးစွာနားထောင်မည်ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၁၁ ရက် ပေးစာနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီအချို့က ၎င်းတို့၏ သဘောထားများကို တရားဝင် အကြောင်းပြန်ကြားမှုများ ရှိလာသည့်အတွက် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမည့်အဖွဲ့တစ်ခုကို NLD ပါတီက ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့တွင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ် တို့ပါဝင်ပြီး ဇန်နဝါရီတွင် စတင်ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

သို့ရာတွင် တိုင်းရင်းသားပါတီအချို့က ၎င်းတို့ လိုလားချက်အချို့ကို ထည့်သွင်းဖော်ပြပြီး ပေးစာအပေါ် ကြိုဆိုကြောင်း အကြောင်းပြန်ကြားမှု ရှိသော်လည်း ပါတီအချို့ကမူ NLD ပါတီပေးပို့သောစာတွင် သဘောထား တောင်းခံခြင်းမျိုး မပါရှိ၍ အကြောင်းပြန်ကြားရန် မလိုဟု ယူဆကြသည်။

ရှမ်းပါတီကြီး တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကလည်း NLD ပါတီကို အကြောင်းပြန်ကြားစာ ပေးပို့ခြင်း မရှိပေ။

“တိုင်းရင်းသားတွေ၊ ပါတီတွေကို သဘောထားတောင်းတာမျိုး၊ မေးခွန်းမေးထားတာမျိုး မရှိတဲ့အတွက်ကြောင့် ထူးပြီးမှ အကြောင်းပြန်ဖို့ မလိုအပ်လောက်ဘူး။ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်ပါတယ်ဆိုတဲ့ သဘောမျိုးလောက်နဲ့ စာမပြန်ခြင်း ဖြစ်ပါတယ်” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

သို့သော် NLD ပါတီက တွေ့ဆုံဆွေးနွေးမည်ဟု ကမ်းလှမ်းလျှင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာ ပါတီအနေဖြင့် အစဉ်အဆက် လက်ခံကျင့်သုံးလာသည့်ကိစ္စ ဖြစ်သည်ဟု ၎င်းကဆိုသည်။

NLD ပါတီ တာဝန်ရှိသူအချို့ မီဒီယာများတွင် ပြောကြားချက်အရ ပါတီ၏ ပေးစာကို တရားဝင် အကြောင်းပြန်ကြားသည့် ပါတီများနှင့် ပြည်နယ်တွင် နေရာအများစု အနိုင်ရသော တိုင်းရင်းသားပါတီများကို တွေ့ဆုံရာတွင် ဦးစားပေးဖွယ် ရှိနေသည်။

 

Most Read

Most Recent