မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွင် ကုမ္ပဏီများ၏ ထောက်ပံ့ငွေ ပါဝင်မှု ဥပဒေနှင့် ငြိစွန်းကြောင်း တိုင်ကြားမှုမရှိ၍ စုံစမ်းစစ်ဆေးခြင်း မရှိသေးဟု NLD ပါတီ ပြောကြား

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွင် ကုမ္ပဏီများ၏ ထောက်ပံ့ငွေ ပါဝင်မှု ဥပဒေနှင့် ငြိစွန်းကြောင်း တိုင်ကြားမှုမရှိ၍ စုံစမ်းစစ်ဆေးခြင်း မရှိသေးဟု NLD ပါတီ ပြောကြား
Published 22 December 2020
ဉာဏ်လင်းထွန်း

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွင် ကုမ္ပဏီများနှင့်  လုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေ ပါဝင်မှုသည် ဥပဒေနှင့် ငြိစွန်းသည်ဆိုသော အစီရင်ခံ တိုင်ကြားမှုမျိုး မရှိသေး၍ စုံစမ်းစစ်ဆေးမှုလည်း မရှိသေးဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“အဲဒီ အလှူငွေက ဥပဒေ တစ်စုံတစ်ရာနဲ့ ငြိစွန်းကြောင်း ပြောကြားလာရင်တော့ ကျွန်တော်တို့က စုံစမ်းစစ်ဆေးရမှာပေါ့။ အခုချိန်အထိကတော့ ဘယ်ဥပဒေနဲ့ ဘယ်အချက်ကြောင့် ငြိစွန်းတယ်ဆိုတာ တစ်စုံတစ်ရာ ကျွန်တော်တို့ဆီ တိုင်ကြားတာ မရှိသေးပါဘူး” ဟု ဒေါက်တာမျိုးညွန့်က The Daily Eleven သတင်းစာကို ပြောကြားသည်။

၎င်းက “အဲဒီလိုဥပဒေနဲ့ ငြိစွန်းကြောင်း တိုင်ကြားစာ ဒီဟာမျိုး မရှိတဲ့အတွက် ကျွန်တော်တို့က ဒီကိစ္စမှာ စုံစမ်းစစ်ဆေးတာမျိုးလည်း အခုထိတော့ မရှိသေးပါဘူး” ဟု ဆက်လက်ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) တွင် ယှဉ်ပြိုင်ခဲ့သည့် လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ အသုံးစရိတ် ၇၆ သိန်းကျော် ရှိသည့်အနက် ကိုယ်ပိုင်ငွေကြေးဖြင့် စိုက်ထုတ်သုံးစွဲမှု ၂၅ သိန်းရှိပြီး ပါတီပိုင်းမှ ခုနစ်သိန်းကျော် ထောက်ပံ့မှုပါဝင်ကြောင်း သထုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဝန်ကြီးချုပ်၏ အခြားသော ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ် ၄၅ သိန်းကျော်မှာ ကျိုက်ထိုနှင့် မော်လမြိုင် အခြေစိုက် ကုမ္ပဏီများ၏ လုပ်ငန်းရှင်များ၊ လုပ်ငန်းစုများမှ ထောက်ပံ့ငွေဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်း ၄၀ ကျော်ကို ကျိုက်ထိုမြို့နယ် အခြေစိုက် ရိုးရိုးလေးကုမ္ပဏီ လုပ်ငန်းရှင် ဦးနေထက်သိန်းနိုင်မှ ကျပ် ၂၇ သိန်းကျော်၊ ကျိုက်ထိုမြို့မှ လုပ်ငန်းရှင် ဦးရဲထွန်းက ကျပ် ၁၀ သိန်း၊ မော်လမြိုင် PT Power ဆီဆိုင်မှ ဦးမြင့်တင်က ကျပ်ငါးသိန်း၊ ကျိုက်ထီးရိုး စျေးကော်မတီမှ ကျပ်နှစ်သိန်းခွဲ၊ မုပ္ပလင်မြို့ ရတနာဟိန်း ကျောက်ထုတ်လုပ်ရေးမှ ကျပ်ခုနစ်သောင်းခွဲ စိုက်ထုတ်ပေးခဲ့ကြောင်း သထုံခရိုင် ကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် စာရင်းများအရ သိရသည်။

“ကုမ္ပဏီတွေက သူတို့ရရှိတဲ့ အမြတ်ငွေကတစ်ဆင့် နိုင်ငံတော်ကို အခွန်ဆောင်ပြီးရင် ထိုက်သင့်တဲ့ ရာနှုန်းတစ်ခုကို ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ လှူဒါန်းမှုအနေနဲ့ လုပ်လို့ရပါတယ်။ အဲဒီတော့ ဒီအတွက် လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အထူးအခွင့်အရေး တစ်စုံတစ်ရာ မလုပ်ဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ အဂတိနဲ့ ငြိစွန်းတယ်လို့တော့ ပြောလို့မရပါဘူး” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒေါက်တာအေးဇံ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွင် ကုမ္ပဏီများ၏ ထောက်ပံ့ငွေ ပါဝင်မှုအပေါ် ပြည်နယ်ပါတီမှ အစီရင်ခံ တင်ပြခြင်းမျိုး မရှိသလို ပါတီဗဟိုမှလည်း တောင်းခံခြင်းမျိုးမရှိဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် ၎င်း၏ ကိုယ်ပိုင်ငွေ၊  နိုင်ငံသား တစ်ဦးချင်းစီနှင့် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ အစုအဖွဲ့များမှ တရားဝင်ရရှိသော ငွေကြေးများထဲမှ ထည့်ဝင်လှူဒါန်းငွေ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့သည့်ငွေတို့ကို ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် အနေဖြင့် မှန်ကန်စွာ ရေးသွင်းရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေတွင် ပြဌာန်းထားသည်။

NLD ပါတီမှ ချင်းပြည်နယ် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ပြီး အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးစီဇာကျုံးမှာ ကုမ္ပဏီခြောက်ခုကို ရွေးကောက်ပွဲတွင် ပါတီကို ဝန်းရံခဲ့သူများဖြစ်ကြောင်း ပြည်နယ် ပညာဦးစီးဌာန တင်ဒါယှဉ်ပြိုင်မှုတွင် ထောက်ခံချက်ပေးသည့် ဖြစ်စဉ်တစ်ခုလည်း မကြာသေးမီက ဖြစ်ပွားခဲ့သည်။

 

Most Read

Most Recent