၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦးတွင် ကိုယ်စားလှယ်လောင်း တစ်ဦးမှလွဲ၍ ၆၅ ဦး ရွေးကောက်ပွဲ အသုံးစရိတ် လာရောက်တင်သွင်း

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦးတွင် ကိုယ်စားလှယ်လောင်း တစ်ဦးမှလွဲ၍ ၆၅ ဦး ရွေးကောက်ပွဲ အသုံးစရိတ် လာရောက်တင်သွင်း
ဒက္ခိဏသီရိမြို့နယ် မဲရုံအမှတ်(၁)တွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက လာရောက်ဆန္ဒမဲပေးနေသည့် မဲဆန္ဒရှင် ပြည်သူများအား တွေ့ရစဉ်
ဒက္ခိဏသီရိမြို့နယ် မဲရုံအမှတ်(၁)တွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက လာရောက်ဆန္ဒမဲပေးနေသည့် မဲဆန္ဒရှင် ပြည်သူများအား တွေ့ရစဉ်
Published 22 December 2020
အောင်မင်းသိန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦးတွင် ပြည်သူ့ပါတီမှ ကိုယ်စားလောင်း တစ်ဦးမှလွဲ၍ ကိုယ်စားလှယ်လောင် ၆၅ ဦး ရွေးကောက်ပွဲ အသုံးစရိတ် လာရောက် တင်သွင်းခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်းက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ရှစ်နေရာနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ နှစ်နေရာတို့အတွက် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၆၆ ဦး ရှိခဲ့ပြီး ရွေးကောက်ပွဲ အသုံးစရိတ် လာရောက်တင်သွင်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၅ နှင့် ရွေးကောက်ပွဲ အသုံးစရိတ် လာရောက် တင်သွင်းခြင်းမရှိသည့် ကိုယ်စားလှယ်လောင်း တစ်ဦးသာ ရှိသည်ဟု ၎င်းကဆိုသည်။

“တင်တာကတော့ တစ်ယောက်ပဲ လာမတင်တာ။ ပြည်သူ့ပါတီက ဖြစ်ပါတယ်” ဟု ဦးအောင်စိုးဝင်းက ပြောကြားသည်။

ရွေးကောက်ပွဲ အသုံးစရိတ် လာရောက် တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၄ ဦးဖြစ်ပြီး ပြည်သူ့ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်း တစ်ဦးသာ ရွေးကောက်ပွဲ အသုံးစရိတ် လာရောက်တင်သွင်းခြင်း မရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းထားသည့် စာရင်းများအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦး၏ ရွေးကောက်ပွဲ အသုံးစရိတ်သည် ကျပ်သိန်း ၅၇၀ ကျော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၄ ဦး၏ အသုံးစရိတ်သည် ကျပ်သိန်း ၂၉၀၀ ကျော် ရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၏ အသုံးစရိတ်နှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၏ အသုံးစရိတ်များသည် ကျပ်သိန်း ၇၀၀ ကျော်စီရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပ ွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲ ကုန်ကျစရိတ်ပုံစံ (၂၀) ကို ရွေးကောက်ခံရသူဖြစ်စေ၊ ရွေးကောက်မခံရသူဖြစ်စေ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ တင်သွင်းရသည်။

ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် အသုံးပြုခဲ့သည့် စရိတ်များကို တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲများက အနိုင်ရ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေတွင် ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရမည့် နောက်ဆုံးနေ့ရက်ကို ဒီဇင်ဘာ ၁၀ ရက်အဖြစ် သတ်မှတ်ထားသည်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေအရ ရွေးကောက်ပွဲ ကုန်ကျစရိတ် သတ်မှတ်ရက်အတွင်း တင်သွင်းခြင်း မပြုသူသည် အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရမည်ဖြစ်ပြီး ယင်းသို့ ကြေညာခံရသူ အနေဖြင့် လွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားသည့် အသုံးစရိတ်များနှင့် ပတ်သက်၍ မိတ္တူမှန် လျှောက်ထားရယူနိုင်ပြီး ကွဲလွဲမှုများ ရှိပါကလည်း ကန့်ကွက်နိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲ နည်းဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၀၀ သုံးစွဲခွင့်ပြုပြီး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကျပ်သိန်း ၁၅၀ သုံးစွဲခွင့်ရှိသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။