လမ်းပတ်အား ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ကို သဘောကျကြောင်း အန်ဆယ်လော့တီ ဆို

လမ်းပတ်အား ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ကို သဘောကျကြောင်း အန်ဆယ်လော့တီ ဆို
Photo: Getty Images
Photo: Getty Images
Published 12 December 2020

အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီက သူကိုင်တွယ်ခဲ့ဖူးသည့် ကစားသမားဟောင်းတစ်ဦးဖြစ်သူ လမ်းပတ်အား ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ကို သဘောကျကြောင်း ပြောကြားခဲ့သည်။ 

အသက် (၆၁)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီသည် ချယ်လ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ယင်းအချိန်တွင် လမ်းပတ်သည် အန်ဆယ်လော့တီလက်အောက်၌ ကစားသမားအဖြစ် ကစားခဲ့သူဖြစ်သည်။ 

အန်ဆယ်လော့တီ၏ အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အဖြစ် လမ်းပတ်၏ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ရာ အန်ဆယ်လော့တီအနေဖြင့် လမ်းပတ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

"လမ်းပတ်ဟာ နည်းပြအလုပ်ကို အကောင်းဆုံးလုပ်ကိုင်နေပါတယ်။ ဒါဘီအသင်းကို ကိုင်တွယ်စဉ်ကတည်းက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို၊ ချယ်လ်ဆီးအသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်နေပါတယ်။ လမ်းပတ်ဟာ အရမ်းကောင်းတဲ့ အသင်းကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံး စွမ်းဆောင်နေတာပါ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပြောင်းလဲသွားပါပြီ။ အရင်တုန်းက ကျွန်တော်နဲ့ သူက နည်းပြနဲ့ ကစားသမားဖြစ်ခဲ့ပြီး အခုတော့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါပြီ။ သူ့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာကို ကျွန်တော် သဘောကျသလို၊ ပျော်လည်း ပျော်ပါတယ်"ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ 

ထို့ုပြင် အန်ဆယ်လော့တီက ချယ်လ်ဆီးအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် အသင်း၏အဓိကကွင်းလယ်ကစားသမားဖြစ်သူ ဟာမီးစ်ရိုဒရီဂွက်ဇ်မှာ ခြေသလုံးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးတွင် ရမှတ် (၁၇)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းမှာမူ ရမှတ် (၂၂)မှတ်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေသည်။ 

Most Read

Most Recent