မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားများ စျေးဝယ်ထွက်ခြင်းမှ ရရှိဝင်ငွေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၁၉၇ ဒသမ ၃၁၃ သန်းရရှိခဲ့ပြီး COVID-19 ကြောင့် ယခုနှစ်တွင် ၈၁ ရာခိုင်နှုန်းအထိ ကျဆင်း

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားများ စျေးဝယ်ထွက်ခြင်းမှ ရရှိဝင်ငွေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၁၉၇ ဒသမ ၃၁၃ သန်းရရှိခဲ့ပြီး COVID-19 ကြောင့် ယခုနှစ်တွင် ၈၁ ရာခိုင်နှုန်းအထိ ကျဆင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
Published 10 December 2020
ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားများ စျေးဝယ်ထွက်ခြင်းမှ ရရှိသည့် ဝင်ငွေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က (ဇန်နဝါရီမှ ဒီဇင်ဘာလအထိ) အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၃၁၃ သန်းရှိရာ ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ခန့်မှန်း) အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၀၂၁ သန်းအထိ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်း ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

နိုင်ငံခြား ဧည့်သည်များ သုံးစွဲမှုမှ ရရှိသော အခြားဆက်စပ်ဝင်ငွေ အနေဖြင့် ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ ဒီဇင်ဘာလအထိ) အမေရိကန်ဒေါ်လာ ၂၈၁ ဒသမ ၈၇၅ သန်းရရှိခဲ့ပြီး ၂၀၂ဝပြည့် (ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ခန့်မှန်း) အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၃၁၅ သန်းသာရှိသဖြင့် ခန့်မှန်း ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှ ဝင်ငွေရရှိမှု အခြေအနေမှာ တစ်နှစ်တာ ကာလအတွက် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၁၈ ဒသမ ၇၅၃ သန်းရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ အမေရိကန်ဒေါ်လာ ၅၄၃ ဒသမ ၁၅၄ သန်းသာ ရရှိသောကြောင့် ဒေါ်လာဝင်ငွေ ၂၂၇၅ ဒသမ ၅၉၉ သန်း ရာခိုင်နှုန်းအားဖြင့် ၈၁ ကျဆင်းသွားကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတကာ လေကြောင်းလိုင်းများမှ ရရှိသည့်ဝင်ငွေ ယခင်နှစ်ထက် ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း COVID-19 ကြောင့် မြန်မာ့ခရီးသွား လုပ်ငန်း၏ စီးပွားရေး ကဏ္ဍများအပေါ်သက်ရောက်မှု စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 ရှိ ဆိုင်ခန်းများအားလုံး ပိတ်ထားရခြင်းကြောင့် ငှားရမ်းခ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်နေရပြီး လေဆိပ်ဝန်ထမ်းများ၏ လစာကို လျှော့ချဖြတ်တောက်၍ ရေရှည်ရပ်တည်နိုင်ရန် ဆောင်ရွက်နေရကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲ ဝန်ဆောင်မှု ပေးနေသည့် (YACL) ကုမ္ပဏီမှ သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကို ဒီဇင်ဘာ ၃၁ ရက်အထိ ယာယီရပ်ဆိုင်းထားခြင်းကြောင့် လေဆိပ်အသုံးပြုသူ ခရီးသည်ပမာဏမှာ ဖေဖော်ဝါရီ လဝက်ခန့်ကပင် စတင်ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခရီးသွားလုပ်ငန်းကဏ္ဍ ရပ်တန့်ခဲ့ရခြင်းကြောင့် လေဆိပ်အတွင်းရှိ လေကြောင်းလိုင်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေးနှင့် အရောင်းဆိုင်ခန်းများ၏ ပုံမှန်လည်ပတ်မှုကို အကျိုးသက်ရောက်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။

မတ် ၃၀ ရက်နေ့မှစတင်၍ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားပြီး အချို့သော ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ် ယာယီရပ်နားထားခြင်း တို့ကြောင့် ခရီးသည်နှင့် လေဆိပ်အသုံးပြုသူများ နည်းပါးခဲ့ရာ ပြည်ပဆိုက်ရောက်၊ ထွက်ခွာ Terminal-1 ရှိ အရောင်းဆိုင်ခန်းများနှင့် စားသောက်ဆိုင်ခန်းများကို လုံးဝပိတ်ထားခဲ့ရပြီး ရန်ကုန်လေဆိပ်နှင့် ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များကို ဆိုးဆိုးရွားရွား အထိနာစေခဲ့ကြောင်း သိရသည်။

“လေကြောင်း သယ်ယူပို့ဆောင်ရေး နယ်ပယ်အတွက် တစ်ခါမှမကြုံဖူးတဲ့ အခက်အခဲကြီးကို ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။ လေဆိပ်လုပ်ငန်း ပုံမှန်ပြန်လည် စတင်တာနဲ့အမျှ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး အစီအမံ လိုအပ်ချက်များနှင့် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းစီမံ ဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမှာပါ။ လက်ရှိ YIA ရဲ့ အပြောင်းအလဲဟာလည်း New Normal ပုံစံ လေကြောင်းခရီး သွားလာရေးအဖြစ် အနည်းဆုံး ကာလအပိုင်းအခြား တစ်ခုထိ ဖြစ်နေမှာပါ” ဟု YACL ၏ Chief Operating Officer ဖြစ်သူ Mr.Jose Angeja က ပြောကြားထားသည်။

 

Most Read

Most Recent