နမ္မတူမြို့နယ်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ထိတွေ့ တိုက်ပွဲဖြစ်ပွား

နမ္မတူမြို့နယ်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ထိတွေ့ တိုက်ပွဲဖြစ်ပွား
Published 7 December 2020
မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့ နယ် မိုင်းမုကျေးရွာအုပ်စုတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုတွင် နံနက် ၈ နာရီမှ စတင်ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲမှာ မွန်းလွဲ ၁ နာရီဝန်းကျင်အထိ ပြီးဆုံးသေးခြင်းမရှိသေးဘဲ တိုက်ပွဲငယ်များ အနည်းငယ် ဆက်လက်ဖြစ်ပွားနေကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ TNLA အဖွဲ့ကနေပြီးတော့ RCSS ရှိတဲ့နေရာကို ဝင်တိုက်တယ်။ ပြီးတော့ တိုက်ပြီးခါကျတော့ အခုအထိလည်း ကွက်ကြားကွက်ကြား ဖြစ် နေတုန်းပဲ။ ပန်တန်းတံတားနား၊ မိုင်းမုကျေး ရွာ၊ နမ္မတူမြို့နယ်ထဲမှာဖြစ်တာပေါ့” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

မွန်းလွဲ ၁ နာရီဝန်းကျင်အထိ မြေပြင် အခြေအနေကို အသေးစိတ် သိရှိရခြင်းမရှိ သေးသော်လည်း တိုက်ပွဲဖြစ်ပွားရာနေရာသည် ကျေးရွာများနှင့် အလွန်နီးကပ်ခြင်းမရှိ ဘဲ တောင်ပေါ်တွင်သာ ဖြစ်ပွားနေခြင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် တိုက်ပွဲအခြေအနေမှာ ပြင်းထန်ခြင်းမရှိကြောင်း၊ TNLA က လာရောက်တိုက် ခိုက်ခြင်းကြောင့်သာ တိုက်ပွဲဖြစ်ရခြင်းဖြစ် ကြောင်းလည်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြော ကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါ မြို့နယ်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက် ရှိအစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် ထိပ် ပိုင်းမှ ဦးဆောင်နေသော အဖွဲ့အစည်းတစ် ခုဖြစ်သည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) သည် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ် ခုဖြစ်ပြီး “၀” အဖွဲ့ (UWSA) ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်လည်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP) ပူးပေါင်းအဖွဲ့တို့အကြား ၂၀၁၈ ခုနှစ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။                                             

 

 

Most Read

Most Recent