■ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များအတွင်း စစ်အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ထပ်မံအပ်နှင်း
■ ယင်းမြို့နယ်များအတွင်း စစ်ခုံရုံးမှ ပြစ်မှုထင်ရှား စီရင်ခံရပါက သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ ပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခံရမည်
စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များအတွင်း စစ်အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ထပ်မံအပ်နှင်းကြောင်း ဧပြီ ၂၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်သည်။
ဧပြီ ၂၃ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေငြာပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းမြို့နယ်များအတွင်း စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ထပ်မံအပ်နှင်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးသည် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်အမှတ်၊ ၁/၂၀၂၆ ကို ထုတ်ပြန်၍ ယင်းအမိန့်ပါ မြို့နယ်များကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်အမှတ်၊ ၂/၂၀၂၆ အရ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်နယ်မြေများတွင်ပါဝင်သော ယင်းဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ပါမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းလိုက်ကြောင်း သိရသည်။
သက်ဆိုင်ရာ တိုင်းမှူးများသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန် လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်သည်။
ယင်းမြို့နယ်များအတွင်း စစ်ခုံရုံးမှ ပြစ်မှုထင်ရှားစီရင်ခံရပါက သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ ပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။















