သထုံမြို့နယ် နောင်ဘိုကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှ ပျံလွန်တော်မူခဲ့ကြသော ရဟန်းများနှင့် သေဆုံးခဲ့ကြသည့် လူပုဂ္ဂိုလ်များအား သထုံမြို့ရှိ ကျောက်တန်းသုဿာန်တွင် ဧပြီလ (၂၀) ရက် နံနက်ပိုင်းအချိန်က တစ်ပြိုင်တည်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ကြသည့် ရဟန်း (၇) ပါး၊ ကိုရင် (၁) နှင့် လူပုဂ္ဂိုလ် (၄) ဦး တို့၏ ရုပ်အလောင်များထားရှိရာ သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ ကျောက်တန်းရွှေဟင်္သာ ညီနောင် ကျောင်းတိုက်မှ နံနက် (၁၀) နာရီတွင် အဆိုပါ သထုံမြို့ရှိ ကျောက်တန်းသုဿာန်သို့ ပို့ဆောင် ပေးခဲ့ကြကြောင်းနှင့် နံနက် (၁၁) နာရီအချိန်တွင် ရဟန်း (၇) ပါး၊ ကိုရင် (၁) တို့၏ ရုပ်ကလာပ်တော်များအား အန္တိမဈာပန နှင့်မီးသင်္ဂြိုဟ်ခြင်း ၊ လူပုဂ္ဂိုလ် (၄) ဦး တို့၏ ရုပ်အလောင်းများကိုလည်း မီးသင်္ဂြိုဟ်ခြင်းများအား တစ်ပြိုင်နက်တည်းပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် ဧပြီလ (၁၈) ရက် ညနေ (၄) နာရီဝန်းကျင်က သထုံမြို့နယ် နောင်ဘိုကျေးရွာ၊ အပြင်အနန်းကုန်းပိုင်း အကောင်းကြိုက်လက်ဖက်ရည်ဆိုင်အနီး ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၁/၂) နှင့် (၁၄၁/၃) ကြားတွင် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးအဝမ်းထွဋ် မောင်းနှင်လာသော ရွှေလရောင် မန္တလာ ခရီးသည်တင်မှန်လုံယာဉ် မှ ရှေ့မှမော်တော်ယာဉ်တစ်စီးအား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး၊ တစ်ဖက်ယာဉ်ကြောမှ ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ဦးကျော်မင်းနိုင် မောင်းနှင်ပြီး ရဟန်း (၁၃) ပါး၊ ကိုရင် (၁) ပါး၊ ခရီးသည် အမျိုးသား (၆) ဦးလိုက်ပါလာသည့် Mazada Bomgo အမျိုးအစားယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး၊ ယာဉ်နှစ်စီးလုံးလမ်းဘေးသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုယာဉ်တိုက်မှုကြောင့် ရဟန်း (၅) ပါး၊ ကိုရင် (၁) ပါး နှင့် အမျိုးသား (၃) ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြပြီး ရဟန်း (၇) ပါးနှင့် အမျိုးသား (၃) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ လူနာတင်ယာဉ်များဖြင့် သထုံခရိုင်ပြည်သူ့သေဆုံးသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးကုသမှုပေးထားစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအနက် ည (၆) နာရီအချိန်ခန့်တွင် ရဟန်း (၂) ပါး ထပ်မံပျံလွန်တော်မူကာ၊ အမျိုးသား (၁) ဦးထပ်မံသေဆုံးခဲ့ကြောင်း နှင့် ည (၁၁) နာရီခန့်တွင်လည်း ရဟန်း (၁) ပါးထပ်မံပျံလွန်တော်မူခဲ့ကြောင်း၊ စုစုပေါင်း ရဟန်း (၈) ပါး၊ ကိုရင် (၁) ပါး ပျံလွန်တော်မူကာ အမျိုးသား (၄) ဦး သေဆုံးခဲ့ကြောငး သက်ဆိုင်ရာများထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကြသူများမှာ မော်လမြိုင်မြို့၊ ဗဟိုလမ်းတွင် ဖွင့်လှစ်ထားသည့်ကိုအောင်မြင့် ကွမ်းယာဆိုင်မှဖြစ်ကြကြောင်း၊ သင်္ကြန်ကာလမတိုင်ခင်ကတည်းက သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေကြသူများဖြစ်ကြောင်း နှင့် ကျိုက်ထီးရိုးသို့ ဘုရားဖူးသွားပြီးပြန်တွင် ယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းကို မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်မှ ရွှေလရောင် မန္တလာ ခရီးသည်တင်မှန်လုံယာဉ်ပေါ်လိုက်ပါလာကြသည့် ခရီးသည် (၃၀) ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်းမရှိကြောင်း နှင့် ယာဉ်မောင်းဖြစ်သူ ဦးအေဝမ်းထွဋ် မှာထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုယာဉ်တိုက်မှုမှ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Rescue Team ၊ အကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသားလူမှုကူညီရေးအသင်း၊ အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအသင်း၊ မေတ္တာရှင် လူမှုကူညီကယ်ဆယ်ရေးအသင်း၊ သင်္ခါရလူမှုကူညီ ကယ်ဆယ်ရေးအသင်းများမှ လူနာတင်ယာဉ်များအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ် ဆေးရုံများသို့ သို့ဆောင်ပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဘိုဘိုမြင့်
Photo Credit – Aung Ko Latt















