ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ရှေးရှု၍ KNLA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားသည့် တပ်မတော် တပ်စခန်းများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးရုပ်သိမ်းပေးရန် KNLA တောင်းဆို

ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ရှေးရှု၍ KNLA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားသည့် တပ်မတော် တပ်စခန်းများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးရုပ်သိမ်းပေးရန် KNLA တောင်းဆို
Published 1 December 2020

ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ရှေးရှု၍ ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KNLA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများတွင် ယခင်က စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် တပ်စခန်းများအား ၂၀၂၀ ပြည့်နှစ်အကုန်တွင် အပြီးတိုင် ရုပ်သိမ်းပေးရန် KNLA က တောင်းဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဦးဆောင်မှုအောက်ရှိ KNLA အနေဖြင့် လက်ရှိအစိုးရနှင့် အသစ်ဖွဲ့စည်းမည့် အစိုးရတို့အား အမြန်ဆုံး စဉ်းစားဆောင်ရွက်ရမည့် တိုက်တွန်းတောင်းဆိုချက်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်အား ထိုသို့ တောင်းဆိုထားခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း NCA အခန်း (၃) နှင့် အခန်း (၆) တို့ကို အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိသည့်အပြင် အခန်း (၄) ကိုလည်း ထိရောက်သည့်ယန္တရားအဖြစ် မဖော်ဆောင်နိုင်ခဲ့ကြောင်း KNLA က သဘောထားထုတ်ပြန်သည်။

NCA စာချုပ် အခန်း (၃) အပိုဒ် ၃ တွင် စာချုပ်ချုပ်ဆိုပြီးနောက် ၁၄ ရက်အတွင်း နှစ်ဖက်တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာကိစ္စများကို တိကျသော အချိန်ဇယား သတ်မှတ်၍ အကောင်အထည်ဖော်ရန် သဘောတူခဲ့သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း KNLA က သဘောထားထုတ်ပြန်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် အစိုးရနှင့် KNU တို့၏ တရားဝင်အစည်းအဝေးတွင် ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများအဖြစ် ဘဝရပ်တည်နိုင်ရေး ရှေးရှု၍ တပ်စခန်းရွှေ့ပြောင်းရေးကိစ္စများနှင့် KNU ဘက်မှ သဘောတူထားသည့် လမ်းကြောင်းများမှအပ အခြားသောလမ်းကြောင်းများတွင် တပ်မတော်အနေဖြင့် ၎င်းတို့ စိတ်တိုင်းကျသွားလာလှုပ်ရှားခြင်း မပြုလုပ်ရန်ဆွေးနွေးခဲ့ပြီး အဆိုပါအစည်းအဝေးတွင် တပ်မတော်အနေဖြင့် ရှေ့တန်းတပ်စခန်းများသို့ တပ်ရိက္ခာပို့ဆောင်နိုင်ရန် သွားလာနိုင်သည့် လမ်းကြောင်းများကို သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း KNLA ၏ ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အခန်း (၃) အပိုဒ် ၅ (ဃ) နှင့် အပိုဒ် ၉ (ဋ) တွင် ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သော နေရာတွင် စစ်ရေးဆိုင်ရာတပ်စခန်းချခြင်း မပြုလုပ်ရန်ပါရှိပြီး NCA စာချုပ် အခန်း (၃) အပိုဒ် ၅ (က) တွင် အင်အားတိုးချဲ့ခြင်း၊ (ဂ) တွင် အင်အားအသစ်ဖြည့်တင်းခြင်းနှင့် တပ်စခန်း အသစ်ထပ်မံဆောက်လုပ်ခြင်းများ မပြုလုပ်ရန်ပါရှိကြောင်း KNLA က သဘောထား ထုတ်ပြန်သည်။

ထို့ကြောင့် KNLA ထိန်းချုပ်နယ်မြေအတွင်းရှိ တပ်မတော်၏ တပ်စခန်းများအား ယခုနှစ်ကုန်ပိုင်းတွင် အပြီးတိုင် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး အထက်ပါ ကိစ္စရပ်များအား လေးစားလိုက်နာမှုမရှိဘဲ ရှေ့ဆက်ချိုးဖောက်မှုများ ပြုလုပ်နေမည်ဆိုပါက နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ပြဿနာအရပ်ရပ်သည် အစိုးရနှင့် တပ်မတော်တို့၏  ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ပျက်ကွက်မှုသာဖြစ်ပြီး KNLA အနေဖြင့် အမျိုးသားနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNLA က ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲရလဒ်နှင့်အတူ မကြာမီဖွဲ့စည်းမည့် အစိုးရသစ်အနေဖြင့် စစ်မှန်သော ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရေးတကြီး စဉ်းစားလုပ်ဆောင်နိုင်ရန် ကြိုးပမ်းလိမ့်မည်ဟု အထူးမျှော်လင့်ကြောင်းလည်း KNLA က ထုတ်ပြန်သည်။

Most Read

Most Recent