မော်ရင်ဟို၊ ဂွါဒီယိုလာ၊ ကလော့ပ်၊ စီရော်နယ်လ်ဒိုတို့ကို ရှိစေချင်သော်လည်း မက်ဆီအပါအဝင် ကစားသမားများမှာ မရှိမဖြစ်မဟုတ်ဟု လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ် သုံးသပ်

မော်ရင်ဟို၊ ဂွါဒီယိုလာ၊ ကလော့ပ်၊ စီရော်နယ်လ်ဒိုတို့ကို ရှိစေချင်သော်လည်း မက်ဆီအပါအဝင် ကစားသမားများမှာ မရှိမဖြစ်မဟုတ်ဟု လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ် သုံးသပ်
Photos : Getty Images
Photos : Getty Images
Published 29 November 2020

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က မော်ရင်ဟို၊ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်တို့ကဲ့သို့ ထိပ်တန်းနည်းပြများအပြင် စီရော်နယ်လ်ဒိုကိုပါ လာလီဂါတွင်ရှိစေချင်သော်လည်း မက်ဆီအပါအဝင် ကစားသမားများ လိဂ်ပြိုင်ပွဲအတွက် မရှိမဖြစ်မဟုတ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးသဖြင့် လာမည့်နှစ် နွေရာသီတွင် အလွတ်ထွက်ခွာရန်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ ကာလမှာပင် အခြားကလပ်အသင်းများနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရမည်ဖြစ်သည်။ 

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ခြောက်ကြိမ် ရရှိထားသည့် မက်ဆီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာတစ်သင်းတည်း၌သာ ကစားလာသူဖြစ်ပြီး ၎င်းအား ဂွါဒီယိုလာကိုင်တွယ်နေသည့် မန်စီးတီးအသင်းက ခေါ်ယူနိုင်ရန် ရေပန်းစားနေသည်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ငါးကြိမ်ရရှိထားသည့် စီရော်နယ်လ်ဒိုမှာလည်း ၂၀၁၈ ခုနှစ် နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ သွားပြီး မက်ဆီသာ ထပ်မံထွက်ခွာသွားပါက လာလီဂါပြိုင်ပွဲ၏ပုံရိပ်ကို ထိခိုက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

သို့သော် ဟာဗီယာတီဘက်စ် က "ကျွန်တော်တို့က အကောင်းဆုံးတွေကိုပဲ အမြဲတမ်းလိုချင်တာပါ။ မက်ဆီကို လာလီဂါမှာပဲ ကျွန်တော်ဆက်ရှိစေချင်ပါတယ်။ မော်ရင်ဟို၊ ဂွါဒီယိုလာ၊ ကလော့ပ်၊ ခရစ္စတီယာနိုတို့ကိုလည်း ရှိစေချင်တာပါပဲ။ သူတို့ အားလုံးက ကျွန်တော်တို့လိဂ်ကို ပိုပြီးအင်အားကြီးလာစေမှာပါ။ မက်ဆီက မရှိမဖြစ်မဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့တာကို မှတ်မိပါသေးတယ်။ မက်ဆီထွက်ခွာသွားတဲ့ တစ်နေ့ကျရင်လည်း ကျွန်တော်တို့က ဒီ ပြိုင်ပွဲကို ဆက်ပြီးကျင်းပနေရဦးမှာပါ။ ကစားသမားတွေက အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ သူတို့ တွေက မရှိမဖြစ်တွေတော့မဟုတ်ပါဘူး။ ဘယ်လိဂ်ပြိုင်ပွဲမဆို သူတို့ရဲ့ စီမံခန့်ခွဲမှုကို ကစားသမားအပေါ် မှီခိုနေရတယ်ဆိုရင် အဲဒါက အမှားတစ်ခု ထပ်ပြီးကျူးလွန်လိုက်တာပါပဲ။ ကြယ်ပွင့်တွေက တချို့နေရာတွေအတွက် အကူအညီဖြစ်နိုင်ပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်ဖို့ဆိုရင်တော့ ခင်ဗျားဆီမှာ ထုတ်ကုန်ပစ္စည်းကောင်းကောင်းတစ်ခုရှိဖို့ လိုပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကင်းတဲ့ ထုတ်ကုန်တစ်ခုကို ဖန်တီးထားတာပါ။ ကျွန်တော်တို့ရဲ့ ရုပ်သံထုတ်လွှင့်ခွင့်မူပိုင်ခွင့်ကို နောက်လေးရာသီအတွက် လက်မှတ်ထိုးပြီးပါပြီ။ အဲဒီစာချုပ်တွေထဲမှာ ဘယ်ကစားသမားတွေထွက်သွားရင် ပေးချေမှုကို လျှော့လိုက်မယ်ဆိုတဲ့အချက် မပါပါဘူး" ဟု တုံ့ပြန် ပြောကြားခဲ့သည်။

ထို့ပြင် တီဘက်စ်က ဘောလုံးကွင်းများတွင် ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ရရေးအတွက် စပိန်အစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် မတ်လတွင် ဘောလုံးပွဲများ ရပ်နားစဉ်ကတည်းက လာလီဂါပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပနေခြင်းဖြစ်ပြီး အရေအတွက် အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုရန် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ "အားကစားကွင်းတွေမှာ လူ ၃၀၀၀ ပြန်ကြည့် ခွင့်ပေးဖို့အတွက် အစိုးရနဲ့ ဆွေးနွေးသွားမှာပါ။ ကနေရီကျွန်းစု၊ ဘာလီယာရက်စ်နဲ့ မက်ဒရစ်တို့လိုနေရာတွေက ပရိသတ်တွေ ကြည့်ခွင့်ပြုဖို့ အဆင်သင့်အနေအထားရှိပါတယ်" ဟု တီဘက်စ်က ဆိုသည်။

Most Read

Most Recent