COVID-19 ကာကွယ်ဆေးများ

COVID-19 ကာကွယ်ဆေးများ
Published 27 November 2020

လူပေါင်း ၁ ဒသမ ၄ သန်းကို သေဆုံးစေခဲ့ပြီးဖြစ်သော အမျိုးအမည်မသိ ကိုရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုး ကမ္ဘာတစ်လွှားတွင် စတင်ပျံ့နှံ့ခဲ့ပြီးနောက် တစ်နှစ်ပင် မကြာသေးသည့်အချိန်၌ အလွန်အလားအလာကောင်းသော COVID-19 ကာကွယ်ဆေးအများအပြားသည် ထွက်ပေါ်လာရန် တာဆူနေပြီဖြစ်သည်။ ကျန်းမာရေးအာဏာပိုင်များက သီတင်းပတ်အနည်းငယ်အတွင်း အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုပေးရန် စီစဉ်နေရာ သမိုင်းတွင် ကူးစက်ရောဂါတစ်ခုအတွက် အမြန်ဆုံးထွက်ပေါ်လာသည့် ကာကွယ်ဆေးဖြစ်လာပေတော့မည်။ သို့သော် ကာကွယ်ဆေးများအတွက် မေးခွန်းထုတ်စရာကလည်း အများအပြားရှိနေသည်။

သိသာသည့် အောင်မြင်မှုများ မတွေ့ရှိရဘဲ လအတန်ကြာပြီးနောက် ဆေးဝါးကုမ္ပဏီများစွာတို့က ၎င်းတို့၏ ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့်ပတ်သက်၍ အကြိုကြေညာချက်များကို အားရဖွယ် ထုတ်ပြန်ခဲ့ကြသည့် နိုဝင်ဘာလအတွင်း အရာရာ အရှိန်မြင့်လာခဲ့သည်။ ဥရောပသမဂ္ဂအတွင်း ဆေးဝါးများအတည်ပြုမှုကို ကြီးကြပ်ရန် တာဝန်ယူထားသည့် ဥရောပဆေးဝါးအေဂျင်စီ EMA က ၎င်းတို့အနေဖြင့် ပထမဆုံး COVID-19 ကာကွယ်ဆေးများကို ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်း၌ အတည်ပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့အားလုံးသည် ယင်းကိုအခြေခံ၍ ဖြန့်ဝေရေးအစီအစဉ်များကို အကြမ်းဖျင်းရေးဆွဲထားပြီး ဖြစ်သည်။

အတ္တလန္တိတ်ဒေသတစ်လွှားကို ကြည့်လျှင် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားမှုများကို အမေရိကန်ပြည်ထောင်စုတွင် အစောဆုံးအဖြစ် ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်နိုင်လိမ့်မည်ဖြစ်သည်။ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ FDA က ခွင့်ပြုချက်ပေးရေးအတွက် အရှိန်မြှင့် အချိန်ဇယားတစ်ရပ် အတည်ပြုထားသည်ဟု ယူဆရသည်။ တရုတ်အာဏာပိုင်များက အန္တရာယ်အမြင့်ဆုံး လူနာများအား ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်ပြီး ရုရှားနိုင်ငံတွင် လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့် မတိုင်မီကပင် ကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုရန် အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။

ကာကွယ်ဆေးအသစ်တစ်မျိုးကို သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ခြင်း၊ အတည်ပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းသည် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ယင်းထက်ပို၍ကြာအောင် အချိန်ယူရတတ်သည်။ COVID-19 ကာကွယ်ဆေး ဒါဇင်ဝက်ခန့် ထွက်ပေါ်လာစေသည့် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဖွံ့ဖြိုးမှုသည် များပြားလှသော ငွေကြေးပမာဏနှင့် ဘီလျံနှင့်ချီသော ဆေးအလုံးရေကို ကြိုတင်မှာယူထားမှုများက ကျောထောက်နောက်ခံပြု ပေးထားသော အစိုးရနှင့် ပုဂ္ဂလိက သုတေသနမိုးကြိုးစစ်ဆင်ရေးကြီးတစ်ရပ်ကို မြင်သာစေသည်။

သို့သော် Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည်ပင်လျှင် ဗိုင်းရပ်စ်ကူးစက်မှုမရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းအပါအဝင် မေးခွန်းထုတ်စရာများစွာ ထွက်ပေါ်နေသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် မကြာမီအချိန်ကာလအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ကာကွယ်ဆေးများကို အတည်ပြုရန် သေချာနေသည့်အပြင် အတည်ပြုပြီးနောက် အများအပြား ထုတ်လုပ်ဖြန့်ချိရန် လုပ်ဆောင် သွားမည်ဖြစ်သည်။  “အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်ကုန်မှာ နိုင်ငံတိုင်းရဲ့လူဦးရေ ရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေအများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိကာ အများနည်းတူ ကာကွယ်ဆေးများရရှိနိုင်ရေးကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent