အာဆီယံနှင့် တောင်တရုတ်ပင်လယ်အရေး

အာဆီယံနှင့် တောင်တရုတ်ပင်လယ်အရေး
Published 26 November 2020

အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်မှုကြောင့် တောင်တရုတ်ပင်လယ်အရေး တင်းမာမှု မြင့်တက်လာနိုင်သော်လည်း အရှေ့တောင်အာရှနိုင်ငံများက ရှိရင်းစွဲ အအခြေအနေအတိုင်း စည်းလုံးညီညွတ်စွာ လွှမ်းမိုးထားလျှင် တောင်တရုတ်ပင်လယ်အရေးကိစ္စကို ထိန်းချုပ်တားဆီးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လော်ရင်ဇာနာက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဒေသတွင်းသြဇာ လွှမ်းမိုးရေးအတွက် နိုင်ငံအချင်းချင်း ပြိုင်ဆိုင်နေမှုအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည်လည်း ပါဝင်ပတ်သက်နေရကြောင်း၊ သို့ရာတွင် အာဆီယံ အဖွဲ့အစည်းအနေဖြင့် တည်ငြိမ်အေးချမ်းမှုအတွက် လက်ရှိအနေအထားထက် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ပြီး ဘုံချဉ်းကပ်မှုပုံစံမျိုးကို လုပ်ဆောင်သင့်ကြောင်း လော်ရင်ဇာနာက လုံခြုံရေးညီလာခံအတွင်း ပြောကြားခဲ့သည်။

“တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုရှိမယ်ဆိုရင် အာဆီယံအဖွဲ့က တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်တဲ့ ပြဿနာရပ်တွေ၊ ဖြစ်စဉ်တွေအပေါ် လွှမ်းမိုးမှု ကြီးကြီးမားမား ပေးနိုင်ပါလိမ့်မယ်။ လက်နက်ကိုင်ပဋိပက္ခအန္တရာယ် မြင့်တက်နေတဲ့ ကိစ္စကို အရှေ့တောင်အာရှဒေသက စိုးရိမ်နေပါတယ်” ဟု ၎င်းက ဆိုသည်။ တရုတ် သို့မဟုတ် အမေရိကန်ဘက်က ဒေါသထွက်မည့်အရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စိုးရိမ်နေကြမှုနှင့်အတူ စစ်ရေးအသွင်ဆောင်စေခြင်း သို့မဟုတ် ရန်လိုသည်ဟု ယူဆနိုင်သော လုပ်ရပ်များအား ဆန့်ကျင်ကြောင်း ကြေညာမှုမျိုးကို အာဆီယံအဖွဲ့အစည်းအနေဖြင့် ထုတ်ပြန်ခြင်းမှာ ဖြစ်ခေါင့်ဖြစ်ခဲကိစ္စဖြစ်သည်။

တောင်တရုတ်ပင်လယ်ပိုင်နက်အရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် တရုတ်အကြား ထုတ်ပြန်ကြေညာချက်အများအပြား ရှိနေပြီး ဘရူနိုင်းနိုင်ငံမပါ ကျန်သုံးနိုင်ငံစလုံးသည် ယခုနှစ်အတွင်း ဖြစ်ပွားသော တရုတ်သင်္ဘောများ ဝင်ရောက်လာမှုကိစ္စကြောင့် တရုတ်နှင့် ဖြေရှင်းမရနိုင်သေးသည့် အခြေအနေတွင် ရှိနေခဲ့သည်။ တောင်တရုတ်ပင်လယ်ပိုင်နက် ဆယ်ပုံလျှင် ကိုးပုံကျော်မှာ သမိုင်းကြောင်းအရ ၎င်း၏ အချုပ်အခြာအာဏာပိုင်နယ်နိမိတ်ဖြစ်ကြောင်း တရုတ်က ပြောကြားထားသည်။ တောင်တရုတ်ပင်လယ်နယ်နိမိတ်ပိုင်ဆိုင်ခွင့် တရုတ်၌ မရှိကြောင်း သည်ဟိတ်မြို့ အခြေစိုက် အငြင်းပွားမှုဖြေရှင်းရေးခုံရုံးအဖွဲ့၏ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်ကို တရုတ်က အသိအမှတ်မပြုခဲ့ပေ။

မေလကတည်းက ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ ပြင်သစ်၊ အမေရိကန်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုအတွင်း တောင်တရုတ်ပင်လယ်ပိုင်နက်အရေးသည် အဓိက ကိစ္စရပ်တစ်ခုဖြစ်ခဲ့ကြောင်း လော်ရင်ဇာနာက ဆိုသည်။ ဗီယက်နမ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကျွန်းများအနီးတွင် စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ခြင်းအပါအဝင် တရုတ်သည် ယခုနှစ်အတွင်း ၎င်း၏ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ တပ်စွဲမှုနှင့် စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ပြသရန်အတွက် ပင်လယ်ပြင်သို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံတော်လုံခြုံရေး သဘောတရားက လွန်စွာ အရေးပါသည်။ အစိုးရအဖွဲ့တစ်ရပ်အနေဖြင့် လွှတ်တော်များနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားများကို နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအစရှိသော သြဇာအာဏာအမျိုးမျိုးမှတစ်ဆင့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အကျပ်အတည်းများနှင့် ပဋိပက္ခအမျိုးအစားအားလုံးမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရမည်မှာ နိုင်ငံတော်လုံခြုံရေး သဘောတရားဖြစ်သည်။ ယင်းသဘောတရားသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အားလုံးတွင် စတင်ဖွံ့ဖြိုးလာသည့် သဘောတရားဖြစ်သည်။ အစောပိုင်းတွင် စစ်အင်အားအပေါ်၌သာ အဓိကထားသော်လည်း ယခုအခါ အတိုင်းအတာ ကျယ်ပြောလှသည့် မျက်နှာစာအသီးသီး ပါဝင်၍လာသည်။ စစ်ရေးမဟုတ်သော မျက်နှာစာ၌ နိုင်ငံတော်စီးပွားရေးလုံခြုံမှုနှင့် တစ်မျိုးသားလုံးက ထောက်ခံအားပေးထားသော စံတန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရေးလည်း ပါဝင်သည်။

နိုင်ငံတော်လုံခြုံရေးကို ပိုင်ဆိုင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးလုံခြုံမှု၊ စွမ်းအင်လုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှု အစရှိသည်တို့ကို ပိုင်ဆိုင်ရန် လိုအပ်သည်။ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများထဲတွင် အခြားနိုင်ငံများကဲ့သို့သော အစဉ်အလာအားဖြင့် ရှိနေသည့် ရန်သူများအပြင် နိုင်ငံအနေဖြင့်မဟုတ်သော အကြမ်းဖက်များ၊ မူးယစ်ဆေးဂိုဏ်းများ၊ နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့များနှင့် အစိုးရမဟုတ်သည့် အဖွဲ့များလည်း ပါဝင်သည်။ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှုများ ဖြစ်စေသည့် သဘာဝဘေးအန္တရာယ်များနှင့် ဖြစ်ရပ်များလည်း ခြိမ်းခြောက်မှုများထဲ၌ ပါဝင်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ပတ်သက်မှုများစွာ ရှိနေသော နိုင်ငံဖြစ်သည်။ တောင်တရုတ်ပင်လယ်အရေး၌ တရုတ်နှင့် အငြင်းပွားနေသော နိုင်ငံများထဲ၌ အာဆီယံနိုင်ငံများစွာ ပါဝင်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်များသည် မြန်မာနိုင်ငံအပေါ်သို့လည်း ကြီးမားသည့် ရိုက်ခတ်ချက်များ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ပါကြောင်းနှင့် မည်သည့်အခြေအနေ၌မဆို မိမိတို့နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး သဘောတရားအပေါ်တွင်သာ အခြေပြုရပ်တည်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent