ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုခိုင်မြဲရန်လိုခြင်း

ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုခိုင်မြဲရန်လိုခြင်း
Published 25 November 2020

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်အရှည်ကြာဆုံးနှင့် ယင်း၏အဆိုးရွားဆုံး သက်ရောက်မှုဒဏ်ကို ကာလရှည်လျားစွာ ခံစားကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို အားလုံးသိရှိကြ​ပြီးဖြစ်သည်။ လွတ်လပ်ရေးရပြီး လပိုင်းအတွင်း၌ပင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ရသည်။ ယခုဆိုလျှင် ယင်းပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၇၀ ကျော် ကြာလာပြီဖြစ်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု ခိုင်မြဲစွာ တည်ဆောက်နိုင်ရန်ပင် ခက်ခဲနေသည်မှာ အဘယ်ကြောင့်ပါနည်းဟု မေးခွန်းထုတ်နေကြရသည်။ လက်နက်ကိုင် ပဋိပက္ခများ အမှန်တကယ်အဆုံးသတ်နိုင်ရန် မည်သည့်နည်းလမ်းသည် အကောင်းဆုံး ဖြစ်ပါမည်နည်း။ ယင်းအတွက် အဖြေရှာမတွေ့သေးဟုဆိုရပေလိမ့်မည်။ လက်နက်ကိုင်ပဋိပက္ခများ အဆုံးမသတ်နိုင်ပါက နိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရလဒ်ကောင်းများ ရနိုင်လိမ့်မည်မဟုတ်ပေ။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် တိုင်းရင်းသားများ စုံလင်စွာဖြင့် မှီတင်းနေထိုင်နေကြသည်။ တိုက်ပွဲများချုပ်ငြိမ်း၍ ငြိမ်းချမ်းသော အတူယှဉ်တွဲနေထိုင်ရေးကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသဖြင့် တိုင်းရင်းသားအားလုံးက လိုလားကြမည်ဟု ဆိုရပါမည်။ သို့သော် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသို့ ရောက်ရှိလာသည့်တိုင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ ပဋိပက္ခများ၊ လူမျိုးရေးကို အခြေခံသောအယူအဆ သဘောထားကွဲလွဲနေမှုများသည် စစ်မှန်သောငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် ကြီးမားသောလစ်ဟာမှုရှိ​နေဆဲပင်ဖြစ်ပါသည်။ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းမှုများအတွင်း လွယ်ကူချောမွေ့မှု မရှိသကဲ့သို့ လက်ရှိ  NLD အစိုးရလက်ထက်တွင်လည်း မွန်နှင့် လားဟူအဖွဲ့နှစ်ဖွဲ့ NCA လက်မှတ်ထိုးခဲ့သော်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြန်သည်။ ၂၀၂၀ ရွေးကောက်ပွဲ ထပ်မံအနိုင်ရ၍ NLD အစိုးရဒုတိယ သက်တမ်းထပ်ရနေပြီဖြစ်သည့် ယခုအချိန်တွင်ပင် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

အတိတ်ကိုပြန်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုသည် များစွာအရေးကြီးသည်ဆိုသည့်အချက်ကို အလေးအနက်ထားသည့်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းရာတွင် တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးရရှိရန် အလေးထားခဲ့သည်။ ၁၉၄၅ သြဂုတ် ၁၅ တွင် ဂျပန်များစစ်ရှုံး၍ လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသောအခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏ သဘောတူညီမှုရရှိရန် ကချင်တိုင်းရင်းသားများကို စည်းရုံးရန် စတင်ကြိုးစားခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၈ တွင် ဗိုလ်ချုပ်သည် ကချင်ပြည်နယ်သို့ ရောက်ရှိစဉ် မြေပြန့်တောင်တန်း သွေးစည်းညီညွတ်ရေးအတွက် ကချင်ဒေသခံလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် “ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူအခွင့်အရေးရမည်” ဟု တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ပြောကြားချက်သည် သမိုင်းတွင်ခဲ့သည်။ ယနေ့တိုင် ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် တိုင်းရင်းသားများအနေဖြင့် ပင်လုံသဘောတူညီချက်များအပေါ် ထောက်ပြခြင်း၊ ကချင် တစ်ကျပ်၊ ဗမာ တစ်ကျပ်၊ ကရင် တစ်ကျပ် စသဖြင့် တန်းတူညီမျှရေးအပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် မေးခွန်းများအပေါ် သက်ဆိုင်သူများနှင့် တာဝန်ရှိသူများ မည်သို့ဖြေရှင်းကြမည်နည်း။ ခက်ခဲသောမေးခွန်းအဖြစ်ရှိနေပါသည်။ Stakeholders များအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် မည်သည့်အရာသည် အတားအဆီးများ ဖြစ်နေသနည်း။ မည်သို့သော အခြေအနေသည် အားလုံးအတွက် လက်သင့်ခံနိုင်ဖွယ် အခြေအနေမျိုးကို ​​ဖြစ်မည်နည်း။ မည်သို့ပင်ဆိုစေ စိန်ခေါ်မှုများစွာရှိနေသော ငြိမ်းချမ်းရေးပြဿနာနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် စာနာထောက်ထားမှုများ၊ ငဲ့ညှာမှုများ၊ သမိုင်းကြောင်းအရ အတူယှဉ်တွဲရေးဆိုသည့် ဘုံသဘောတူညီချက်များ ပျောက်ဆုံးလျှင် ခိုင်မြဲသော ယုံကြည်မှုရယူတည်ဆောက်ရန်မဖြစ်နိုင်ပါ။

နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီဖြစ်သည့် ငြိမ်းချမ်းရေးခရီးသည် ယနေ့အချိန်အထိ ပြီးပြတ်ရန် အာမခံချက်တစ်ရပ် ထွက်ပေါ်လာရန်ပင် အတော်ကြိုးစားရဦးမည့် အခြေအနေဆိုသည်ကို လက်ခံကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုသည် အရေးကြီးသည်ဆိုသည့်အချက်ကို အလေးအနက်ထားရမည်မှာ အမှန်ပင်ဖြစ်သော်လည်း ယင်းအချက်သည်ပင် အခက်အခဲဆုံးကိစ္စတစ်ရပ် ဖြစ်နေမလားဟုလည်း သုံးသပ်ရမည့် အခြေအနေဖြစ်နေပြန်သည်။ စိန်ခေါ်မှုများစွာရှိနေသော ငြိမ်းချမ်းရေးပြဿနာရပ်တွင် ဘုံသဘောတူညီချက်များ ပျောက်ဆုံးပါက တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မှု ရရှိနိုင်ရန် မည်သည့်နည်းဖြင့်မျှ ဖြစ်မလာနိုင်ပေ။ ထိုအခါ မြန်မာနိုင်ငံ၌ နှစ်ပေါင်းရှည်ကြာလှပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ထွန်းရေးသည် လျင်လျင်မြန်မြန်ဖြစ်ပေါ်လာရန် လွယ်ကူနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၍ စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် သဘောတူညီချက်များ၊ အပြန်အလှန် နားလည်လက်ခံလိုစိတ်များနှင့် အတ္တကင်း၍ မြဲမြံခိုင်မာသော ယုံကြည်မှုများ တည်ဆောက်နိုင်ရေးတို့ကို Stakeholders များအကြား ​သုံးသပ်ပြင်ဆင် အကောင်အထည်ဖော်နိုင်​ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent