မကြာမီ ထွက်ပေါ်လာတော့မည့် ကာကွယ်ဆေး

မကြာမီ ထွက်ပေါ်လာတော့မည့် ကာကွယ်ဆေး
Published 24 November 2020

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေချိန်တွင် အမေရိကန်၌ ဒီဇင်ဘာလ အစောပိုင်းတွင ်ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံသွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိပ်တန်း ကျန်းမာရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက တရုတ်၌ စတင်ပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၅၅,၀၀၀ အပါအဝင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁.၄ သန်းကျော် မြင့်တက်လာခဲ့ပြီးနောက် ကာကွယ်ဆေး စတင်ထိုးနှံမှုသည် ဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရာတွင် အရေးပါသည့်  အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်သည်။

ယခုနှစ်အစောပိုင်း၌ ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းသွားသော်လည်း ယခုအချိန်တွင် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် တင်းကျပ်သည့် အသွားအလာကန့်သတ်ချက်များ ထပ်မံပြဋ္ဌာန်းခဲ့ရချိန်တွင်ဗိုင်းရပ်စ်ကာကွယ်ဆေး ရလဒ်များသည် ကပ်ရောဂါကို အဆုံးသတ် စေနိုင်မည့် မျှော်လင့်ချက်တစ်ရပ် ဖြစ်နေသည်။ အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်း ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် နောက်ထပ်အမေရိကန် ဆေးကုမ္ပဏီတစ်ခုဖြစ်သော Moderna မှ ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများ သည် ထွက်ရှိရန် အလားအ လာကောင်းနေပြီး Moderna ၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် စမ်းသပ်မှုရလဒ်အရ  ၉၅ ရာခိုင်နှုန်း ထိရောက် မှုရှိကြောင်းတွေ့ရှိခဲ့ပြီး Pfizer နှင့် BioNTech တို့မှ ကာကွယ် ဆေးသည် အမေရိကန်ကျန်းမာရေးအာဏာပိုင်များထံ အရေးပေါ်အသုံးပြုခွင့် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေးကိုအတည်ပြုချက်ထုတ်ပြန်ခဲ့ပြီး ၂၄ နာရီအတွင်း ကာကွယ် ဆေးထိုးနှံပေးမယ့် နေရာတွေကို သင်္ဘောတွေနဲ့  ပို့ပေးနိုင်ဖို့  ကျွန်တော်တို့ စီစဉ်ထားပါ တယ်” ဟု ဗိုင်းရပ်စ်ကာကွယ်ဆေးဆိုင်ရာ အစိုးရအကြီးအကဲ မော့ဆက်ဆလောက CNN သတင်းဌာနကို ပြောကြားခဲ့သည်။ “ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်လောက်မှာ အတည်ပြုချက် ရရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ FDA ကာကွယ်ဆေး အကြံပေးပုဂ္ဂိုလ်များက ဒီဇင်ဘာ ၁၀ ရက်တွင် ကာကွယ်ဆေးအတည်ပြုချက် ထုတ်ပေးနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။  ဒီဇင်ဘာတွင် အမေရိကန်တစ်ဝန်းရှိ လူပေါင်း သန်း ၂၀ ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ပြီး လာမည့်လများတွင် တစ်လလျှင် လူပေါင်း သန်း ၃၀ ခန့် ကာကွယ်ဆေးထိုးနှံပေးနိုင်မည် ဖြစ်သည်ဟု ဆလောက  ခန့်မှန်းပြောကြားခဲ့သည်။

သို့သော် အမေရိကန် ကူးစက်ရောဂါထိပ်တန်းအရာရှိ  အန်သိုနီဖော်စီက ဒီဇင်ဘာလလယ်မှ လကုန်အတွင်း လူပေါင်း သန်း ၂၀ ခန့်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးနိုင်လိမ့် မည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်သူများအနေဖြင့် လာမည့်အားလပ်ရက်ရာသီအတွင်း သတိပေးချက်များကို လိုက်နာခြင်း မရှိပါက အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးခဲ့သည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံးဖြစ်သည့် အမေရိကန်တွင် ကူးစက်ခံရသူပေါင်း ၁၂ သန်းအထိ မြင့်တက်ခဲ့သော်လည်း အမေရိကန်နိုင်ငံသား အများစုသည် ကျန်းမာရေးအရာရှိများက နေအိမ်၌သာ နေထိုင်ရန် သတိပေးထား သည့်အကြားမှ ကျေးဇူးတော်နေ့အားလပ်ရက်အတွင်း ခရီးများ သွားရောက်ရန် လေဆိပ် များဆီ ဦးတည်နေကြသည်။

Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကူးစက်မှု မရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းဟူသည်အပါအဝင် မေးခွန်းထုတ် စရာများစွာ ထွက်ပေါ်နေသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မကြာမီ အချိန်ကာလအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ကာကွယ်ဆေးများကို အတည်ပြု ရန် သေချာနေသည့်အပြင် အတည်ပြုပြီးနောက် အများအပြား ထုတ်လုပ်ဖြန့်ချိရန် လုပ် ဆောင်သွားမည်ဖြစ်သည်။ “အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်ကုန်မှာ နိုင်ငံတိုင်း ရဲ့လူဦးရေ ရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေ အများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်၌ အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေ ဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိကာ အများနည်းတူ ကာကွယ်ဆေးများရရှိနိုင်ရေးကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့် ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၄  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent