ပိတ်ထားရဆဲ ရန်ကုန်လေဆိပ်နဲ့ ရပ်တည်ဖို့ခက်နေတဲ့ လေကြောင်းလိုင်းတွေ

ပိတ်ထားရဆဲ ရန်ကုန်လေဆိပ်နဲ့ ရပ်တည်ဖို့ခက်နေတဲ့ လေကြောင်းလိုင်းတွေ
ကိုဗစ်ကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 ကို တွေ့ရစဉ်
ကိုဗစ်ကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 ကို တွေ့ရစဉ်
Published 22 November 2020
ရွှန်းလဲ့ဝင်း

  ကမ္ဘာအနှံ့ COVID-19 ကြောင့် ရပ်တန့်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်း        

COVID-19 ကူးစက်ရောဂါကြောင့်  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့  ၂၀၁၉ ခုနှစ် စာရင်းတွေအရ တစ်ကမ္တာလုံးသို့  နိုင်ငံခြားသားခရီးသွား သန်းပေါင်း ၁၅၀၀ ကျော်ရှိခဲ့ရာမှာ တရုတ်ခရီးသွား အရေအတွက်က သန်းပေါင်း ၁၅၆ သန်းရှိတာကြောင့် ကမ္ဘာပေါ်မှာ ခရီးသွားလာမှု အများဆုံးစာရင်းဝင် ဖြစ်လာပါတယ်။ COVID-19 ကြောင့် တစ်ကမ္ဘာလုံးရဲ့ ခရီးသွားလာရေးလုပ်ငန်းအများစု ရပ်တန့်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ စီးဆင်းမှုတွေ တိုက်ရိုက်ထိခိုက်မှုတွေ၊ အခြားကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားရတာတွေ၊ နိုင်ငံအသီးသီးမှာ ခရီးသွားတွေရောက်ရှိမှု ကျဆင်းမှုတွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း COVID-19 ကြောင့် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ နှောင်းပိုင်းကနေစပြီး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အဲဒီလို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ကျဆင်းတယ်ဆိုတဲ့ နေရာမှာ တရုတ်ခရီးသွားရော၊ အခြားနိုင်ငံ အသီးသီးက ခရီးသွားတွေပါ ဝင်ရောက်မှုကျဆင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို တရုတ်ခရီးသွား ဝင်ရောက်မှုအခြေအနေဟာ ၂၀၁၈ ခုနှစ်မှာ  ၂၉၇၄၀၀ ရှိပြီး ၂၀၁၈ခု နှစ် အောက်တိုဘာ ၁ ရက်ကစတင်ပြီး ဆိုက်ရောက်ဗီဇာ VOA ပေးအပ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာတော့ ၇၄၉၇၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ ဆိုက်ရောက်ဗီဇာ စတင်ပေးအပ်ခဲ့တဲ့ တစ်နှစ်အတွင်းမှာပဲ ခရီးသွား လေးသိန်းကျော် တိုးတက်ဝင်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ နိုင်ငံခြားသား ဝင်ရောက်မှုအနေနဲ့ ၃၅၅၁၄၂၈ ဦးရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ ၄၃၆၄၁၀၁ ဦးရှိကာ  ၂၃  ရာခိုင်နှုန်း တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

  ပြည်တွင်းခရီးသွားလာမှုပါ ပြန်လည် ရပ်တန့်ခဲ့ရတဲ့  COVID ဒုတိယလှိုင်း

မြန်မာနိုင်ငံကို COVID-19 ရောဂါ ကပ်လှိုင်းရိုက်ခတ်မှုက ပထမလှိုင်းမှာ သိသိသာသာ ဆိုးရွားတဲ့ အနေအထား မရှိခဲ့ပေမဲ့ ဒုတိယလှိုင်းလို့ပြောရမယ့် စက်တင်ဘာလဆန်းပိုင်းကနေစပြီး မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုနှုန်း များပြားလာပြီး သေဆုံးမှုတွေပါ ရှိလာတာကြောင့် ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်ပျံသန်းမှုကို ရပ်နားခဲ့ရပါတယ်။

“COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ ဌာနအနေနဲ့ လေကြောင်းလိုင်းတွေကို ပျံသန်းခွင့် ယာယီရပ်နားဖို့ အကြောင်းကြားစာကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ COVID-19 ရောဂါပိုး တွေ့ရှိလူနာအရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့  ပိုမိုများပြားလာပြီး ပြည်တွင်း လေကြောင်းလိုင်းတွေက ဝန်ထမ်းတွေ၊ လေယာဉ်အမှုထမ်းတွေကို ရောဂါကူးစက်နိုင်မှု အခြေအနေတွေကြောင့် အချို့လေကြောင်းလိုင်းတွေကိုယ်တိုင်က ခရီးစဉ်ပျံသန်းမှုကို ရပ်နားခဲ့တာတွေလည်း ရှိပါတယ်”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့လည်း COVID-19 ကပ်ရောဂါ ရိုက်ခတ်မှု ပထမလှိုင်းအပြီးမှာ ခရီးသည်စီးနင်းမှု ပြန်လည်ရရှိခဲ့ပြီး ခရီးစဉ်တွေ ပြန်လည် ပျံသန်းခဲ့ရပေမဲ့ COVID-19 ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့ရပါတယ်။ ကိုဗစ် ပထမလှိုင်းအပြီး ခရီးစဉ်တွေ ပြန်လည်ပျံသန်းချိန်မှာ ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ အပြိုင်အဆိုင် လေယာဉ်လက်မှတ် စျေးနှုန်းတွေကို အသီးသီးလျှော့ချပြီး ခရီးစဉ်တွေကို ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။

“ကိုဗစ် ပထမလှိုင်းအပြီး ပြည်တွင်းခရီးသည်ရရှိမှုက ၄၀ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့တယ်။ ပြီးတော့ ခရီးစဉ်တွေ မပျံရတဲ့အခါကျ ပြန်ကျသွားတာပေါ့။ ပြည်ပခရီးစဉ်တွေ ကျတော့လည်း Relief Flight ပဲ ရှိတာပေါ့။ Relief Flight ကျတော့ ပုံမှန်ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းပဲ ရတာပေါ့။ ဝင်ငွေမရှိတဲ့ အခါကျတော့ Cost-cutting ကိုလုပ်ရတာပေါ့။ နေရာတိုင်းမှာ Cost-cutting ကို ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချရတာပေါ့။ ဝန်ထမ်းလစာတွေ၊ အသုံးစရိတ်တွေ အားလုံးကို လျှော့ချပြီး ရေရှည်ရပ်တည်နိုင်ဖို့ ဖြေရှင်းနေရတာပေါ့။ နိုင်ငံပိုင် လေကြောင်းလိုင်းအနေနဲ့ ဝယ်ငှားစနစ်နဲ့ ဝယ်ယူထားတဲ့ လေယာဉ်တွေလည်းရှိတော့ ဒီစရိတ်တွေ၊ အာမခံစရိတ်တွေကာမိစေဖို့ အစိုးရဆီက ပိုက်ဆံချေးရတာပေါ့။ ဒီချေးငွေက ကိုဗစ် ပထမလှိုင်းကတည်းက ချေးငွေရယူခဲ့တာ ဖြစ်ပါတယ်”ဟု နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီအီးအိုဖြစ်သူ ဦးသန်းထွန်း က ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပကို ပျံသန်းနေတဲ့ လေကြောင်းလိုင်းအနေနဲ့ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နှစ်ခုသာ ရှိတာဖြစ်ပါတယ်။ အခြား ပြည်တွင်း လေကြောင်းလိုင်းတွေဖြစ်တဲ့ Air Than Lwin ၊ Golden Myanmar ၊ Air KBZ နဲ့ Mann Yadanarpon လေကြောင်းလိုင်းတွေကတော့ ပြည်တွင်းခရီးစဉ်တွေကိုသာ ပျံသန်းနေတာ ဖြစ်ပါတယ်။ ပြည်ပကို ခရီးစဉ်ပျံသန်းခြင်း မရှိတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကတော့ ခုလို ခရီးစဉ်တွေ ပျံသန်းခြင်းမရှိတဲ့ ကာလမှာ ဝင်ငွေမရှိဘဲ ရပ်တည်နေရတာ ဖြစ်ပါတယ်။

“ပြည်တွင်း လေကြောင်းလိုင်းမှ မဟုတ်ပါဘူး။ ဘယ်စီးပွားရေးပဲဖြစ်ဖြစ် ရပ်နားထားချိန်မှာတော့ ဝင်ငွေက ရစရာကို မရှိဘူးလေ။ ရပ်ထားရတော့ Work from Home ပေါ့။ အလုပ်ရှိရင်တော့ လှမ်းခေါ်ပေါ့။ ရုံးတွေကတော့ ပိတ်ထားရတာပေါ့။ ဒါပါပဲ အခြားဝင်ငွေကိစ္စတွေကတော့ သိပ်မပြောချင်ပါဘူး” ဟု Golden Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ် ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှု

COVID-19 ကြောင့် အမေရိက၊ ဥရောပသာမက အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ကူးစက်ရောဂါပျံ့နှံ့လာမှုကို ထိန်းချုပ်ဖို့အတွက် လေကြောင်းဝင်ပေါက်တွေကို ယာယီပိတ်လိုက်တာကြောင့်  ခရီးသွားလုပ်ငန်းတွေ ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းအနေနဲ့ လက်ရှိမှာ ရှေ့ဆက်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံ တွေ့နေရပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ဝင်ထွက်ပေါက် တစ်ခုဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေ ပြေးဆွဲခွင့်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းထားပါတယ်။ အဲဒီလို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့်ကို ယာယီရပ်ဆိုင်းထားတာကြောင့် လေဆိပ်အသုံးပြုသူ ခရီးသည်ပမာဏဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဝက်ခန့်က စတင်ပြီး ကျဆင်းလာခဲ့တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ခဲ့ပါတယ်။

ယခင်နှစ် ကာလတူ မတ်လမှ မေလအထိ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ဝင်ထွက်သွားလာမှု ပမာဏက ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အဆိုပါ ရိုက်ခတ်မှုကြောင့် ခရီးသွားဝင်ထွက်မှု ပမာဏဟာဆိုရင်လည်း ၉၆ ရာခိုင်နှုန်းအထိ သိသိသာသာကို လျော့နည်းခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားသလို ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်ပျံသန်းမှုတွေကိုလည်း ရပ်ဆိုင်းထားတာကြောင့် ပြည်ပ ဆိုက်ရောက်၊ ထွက်ခွာ (Terminal -1) နဲ့ ပြည်တွင်းခရီးသည်ဆောင် (Terminal-3) မှာရှိတဲ့ အရောင်းဆိုင်ခန်းတွေနဲ့ စားသောက်ကုန်ဆိုင်ခန်းတွေကို လုံးဝ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

COVID-19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လေဆိပ်တွေကို ဆိုးရွားစွာ အထိနာစေခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှုပေးနေတဲ့ YACL ကုမ္ပဏီ ရဲ့ Chief Operation Officer ဖြစ်သူ Mr.Jose Angeja က “လေကြောင်း သယ်ယူပို့ဆောင်ရေးနယ်ပယ်အတွက် တစ်ခါမှမကြုံဖူးတဲ့ အခက်အခဲကြီးကို ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။ လေဆိပ်လုပ်ငန်း ပုံမှန်ပြန်လည် စတင်တာနဲ့အမျှ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေးအစီအမံ လိုအပ်ချက်များနှင့် နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီသော လုပ်ငန်းစီမံ ဆောင်ရွက်ချက်များ၊ ပြန်လည်လည်ပတ်ရေးလုပ်ငန်းစဉ်များကို သတိကြီးစွာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လက်ရှိ YIA ရဲ့ အပြောင်းအလဲဟာလည်း New Normal ပုံစံ လေကြောင်းခရီးသွားလာရေးအဖြစ် အနည်းဆုံးကာလ အပိုင်းအခြားတစ်ခုအထိ ဖြစ်နေမှာပါ။ ပုံမှန်ပျံသန်းမှုတွေ အမြန်ဆုံး ပြန်လည်စတင်နိုင်ဖို့အတွက် လေဆိပ်၊ ပုဂ္ဂလိကနဲ့ သက်ဆိုင်ရာအစိုးရနှင့် စီးပွားဖက်များ အားလုံးအနေနဲ့ ပြည်သူ့ကျန်းမာရေး အစီအမံစည်းမျဉ်းတွေကို လိုက်နာရန် အရေးကြီးပါတယ်။ ဒါဟာလူတိုင်းအတွက် အမျိုးသားအဆင့် ပထမဦးစားပေး တာဝန်ပါ”ဟု ပြောကြားခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ငါးလတာအတွင်း နိုင်ငံတကာလေကြောင်းလိုင်းများမှ ရရှိသည့် ဝင်ငွေဟာလည်း ယခင်နှစ်ထက် ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ၂၀၁၉ ခုနှစ် စစ်တမ်းအပေါ် အခြေခံပြီး တွက်ချက်မှုအရ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်သော နိုင်ငံတကာလေကြောင်းလိုင်းများ အနေဖြင့် ရရှိတဲ့ဝင်ငွေမှာ ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေလအထိ) အမေရိကန်ဒေါ်လာ ၃၆၅ ဒသမ ၀၇၁ သန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေလအထိ)  အမေရိကန် ဒေါ်လာ ၁၇၀ ဒသမ ၃၁၄ သန်းသာ ရရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal -1 ရှိ ဆိုင်ခန်းအားလုံး ပိတ်ထားရခြင်းကြောင့် ငှားရမ်းခ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်နေရပြီး လေဆိပ်ဝန်ထမ်းများ၏ လစာကို လျှော့ချ ဖြတ်တောက်၍ ရေရှည်ရပ်တည်နိုင်ရန် ဆောင်ရွက်နေရတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေတဲ့ YACL ကုမ္ပဏီမှ သိရပါတယ်။

YACL အနေနဲ့ လေဆိပ်လုပ်ငန်းတွေနဲ့ ၎င်း၏ဝန်ထမ်းများနှင့် ရေရှည်ဆက်လက် လက်တွဲလုပ်ကိုင်နိုင်ဖို့ လစာ ဖြတ်တောက်မှုတွေ ပြုလုပ်တဲ့နေရာမှာ အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိဝန်ထမ်းများ၏ အခြေခံလစာမှ ၂၅ ရာခိုင်နှုန်း၊ စီမံခန့်ခွဲရေးအောက်တစ်ဆင့် ဝန်ထမ်းများ၏ အခြေခံလစာအား ငါးရာခိုင်နှုန်းမှ စတင်၍ အသီးသီးလျှော့ချခဲ့ရတယ်လို့ ဆိုပါတယ်။

  ကမ္တာ့နိုင်ငံအနှံ့ ရာနှုန်းပြည့် ကျဆင်းခဲ့ရတဲ့ ခရီးသွားဝင်ရောက်မှု

COVID-19 ရောဂါကူးစက်မှု ပထမလှိုင်း အစောပိုင်းကာလတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်၍ CNN သတင်းဌာနက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို တွေ့ဆုံမေးမြန်းစဉ်က စီးပွားရေး နှင့်ပတ်သက်၍ ”ပထမဆုံးက တချို့သော ကဏ္ဍတွေအပေါ် တိုက်ရိုက်ရိုက်ခတ်ချက် ရှိတာပါ။ ဥပမာအနေနဲ့ လေကြောင်းလုပ်ငန်း သေပြီ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သေပြီ။ ဒါတွေနဲ့ ဆက်စပ်နေတဲ့ ခရီးသွားလုပ်ငန်း အားလုံးသေပြီ။ ဟိုတယ်တွေလည်း အထိုက်အလျောက် အကျပ်တွေ့နေပြီ။ အလျင်အမြန် ထွက်ခွာသွားမှာ မဟုတ်တဲ့ ရိုက်ခတ်ချက်မျိုးပါပဲ။ ဒုတိယအနေနဲ့ တခြားနိုင်ငံတွေက အပြည့်အဝ အလုပ်မလုပ်နိုင်ဘဲ စီးပွားရေး Lockdown ချခံထားရတာမို့ ထောက်ပ့ံရေး လမ်းကြောင်းတွေ မဝင်တာကြောင့် ထောက်ပံ့ရေးလမ်းကြောင်းကွန်ရက် ပြတ်တောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေလည်း ထိခိုက်ပါတယ်။ ကျန်တဲ့ စီးပွားရေးမှာလည်း ကျယ်ပြန့်တဲ့ အခြေခံသက်ရောက်မှု ဖြစ်ပေါ်တာပါပဲ။ အဲဒီနောက် ခင်ဗျားကိုယ့်ကိုယ်ကိုယ် ပြန်အလုပ်ခန့်ထားတဲ့၊ ရေတို ဒါမှမဟုတ် ယာယီကန်ထရိုက်နဲ့သာ အလုပ်ခန့်နိုင်တဲ့ စီးပွားရေးကို ရလိုက်ပါပြီ။ ဖျော်ဖြေရေးအပေါ် အမှီပြုတဲ့လူတွေ၊ ပုံမှန်လူမှုကိစ္စတွေအပေါ် အမှီပြုတဲ့လူတွေ၊ နေ့စားလုပ်ကိုင်ရသူတွေ၊ အဲဒီအလုပ်တွေ အားလုံး အငွေ့ပျံ ပျောက်ကွယ်သွားပါပြီ။ လူတွေအနေနဲ့ သူတို့ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့၊ ပုံမှန်လူမှုကိစ္စတွေ၊ ပုံမှန်ခရီးသွားလာမှုတွေ၊ ပုံမှန် လူသားဆက်ဆံရေးတွေ ပြန်လည်ထိန်းသိမ်းနိုင်ပြီလို့ ယုံကြည်မှု ရရှိသွားတဲ့အချိန်မျိုးအထိ ပြန်လည် ထောင်မတ်လာဖို့ မမြင်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဒီအတိုင်းသွားနေဦးမယ်လို့ ထင်ပါတယ်”ဟု ပြောကြားထားပါတယ်။

ယခုအခါ အရှေ့တောင်အာရှ၏ အခြားစီးပွားရေးအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၏ အနေအထားမှာလည်း ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ ပျော်စံရာကျွန်းဖြစ်တဲ့ ဖူးခက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ခြောက်ကပ်လျက်ရှိပြီး အဖော်အချွတ် အကမယ်များဟာ ဧည့်သည်ကင်းမဲ့နေတဲ့ ဘားများမှာထိုင်၍ ဖုန်းသုံးနေကြပါတယ်။ ရေကူးကန်များတွင် ခြောက်ကပ်၍ စားသောက်ဆိုင်များတွင် ခုံများကို အဆင့်ဆင့်စီထားပြီး ခရီးသွားများနဲ့ စည်ကားလှတဲ့ ကမ်းခြေများမှာ ယခုဆိုလျှင် တိတ်ဆိတ် ငြိမ်သက်လျက်ရှိရာ ရှားပါးပင်လယ်လိပ်မျိုးစိတ်များ ၎င်းတို့၏အသိုက်များ၌ ရှိနေပုံများကိုသာ မြင်တွေ့နေရပါတယ်။

လွန်ခဲ့သည့်နှစ်က ဖူးခက်ကို အလည်အပတ် လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား ကိုးသန်းကျော်ရှိပြီး ထိုင်းတွင် ဘန်ကောက်မြို့တော်ပြီးနောက် ဖူးခက်သည် ဒုတိယမြောက် ခရီးသွားလာရောက် လည်ပတ်မှုအများဆုံး အထင်ကရနေရာ ဖြစ်ပါတယ်။

ယခုအခါ ဖူးခက်ကျွန်းပေါ်ရှိ ဟိုတယ် ၃၀၀၀ စလုံး ပိတ်ထားပြီး ကျွန်းရဲ့အဓိကမြို့ ဖြစ်တဲ့့ ပါတောင်မြို့ဟာ တစ္ဆေမြို့အလား ခြောက်ကပ်နေပါတယ်။ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၇၂၇ ဦးနဲ့ သေဆုံးသူ ၅၉ ဦးသာရှိတဲ့အတွက် ကမ္ဘာတစ်ဝန်း ကူးစက်မှုများနဲ့ နှိုင်းယှဉ်လျှင် များစွာ လျော့နည်းနေပါတယ်။

သို့သော် ဗိုင်းရပ်စ်ကိုအောင်မြင်စွာ ထိန်းချုပ်နိုင်ရေးကိုသာ ရှေးရှုဆောင်ရွက်ရန်ဟူသည့် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ယခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးမှာ ခုနစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လူပေါင်း သန်းချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် ကျွန်းရဲ့အမြတ်ငွေများမှ ရာခိုင်နှုန်း ၈၀ မှာ ခရီးသွားကဏ္ဍမှရရှိပြီး ယင်းကဏ္ဍတွင် ဝန်ထမ်းပေါင်း သုံးသိန်းကျော် ရှိပါတယ်။ ကပ်ရောဂါမတိုင်မီက ဖူးခက်ကို ပြည်တွင်း လာရောက်လည်ပတ်သူ ရာခိုင်နှုန်း ၃၀ အထိရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်းများစွာမှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ထို့ပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် လက်ခစားစနစ်ဖြင့် ဆောင်ရွက်ရတဲ့ CMP အထည်ချုပ်လုပ်ငန်းများမှာ ကိုဗစ်သက်ရောက်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။

COVID-19 ကာလ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ ဝင်ငွေရရှိမှု အခြေအနေ

COVID-19 ကာလ ခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေရရှိမှု အခြေအနေကို ယမန်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခရီးသွားလုပ်ငန်း ကျဆင်းလာခြင်းနဲ့အတူ ဆက်စပ်လုပ်ငန်းကဏ္ဍတွေဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကရရှိတဲ့ ဝင်ငွေက ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေလအထိ) အမေရိကန် ဒေါ်လာ ၁၂၅ ဒသမ ၄၉၃ သန်းရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေလအထိ)  အမေရိကန်ဒေါ်လာ ၅၈ ဒသမ  ၅၄၅ သန်းသာ ရရှိပြီး ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

တည်းခိုနေထိုင်ရေးကဏ္ဍမှာလည်း ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေလအထိ) အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၈၀၄ သန်း ဝင်ငွေရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေလအထိ)  အမေရိကန် ဒေါ်လာ ၁၂၇ ဒသမ ၇၃၅ သန်းအထိ ကျဆင်းခဲ့ပြီး ဝင်ငွေအားဖြင့် ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လာရောက်ကြတဲ့ နိုင်ငံခြားဧည့်သည်များ စျေးဝယ်ထွက်ခြင်းကနေ ရရှိတဲ့ ဝင်ငွေသည်လည်း ၂၀၁၉ ခုနှစ်  (ဇန်နဝါရီမှ မေလအထိ) အမေရိကန်ဒေါ် လာ ၇၈ ဒသမ ၈၉၅ သန်းကနေ ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေလအထိ)  အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၂၅၇ သန်းအထိ ဝင်ငွေရရှိမှု ကျဆင်းခဲ့ပါတယ်။

 နိုင်ငံခြားသားဧည့်သည်များ သုံးစွဲမှုမှရရှိတဲ့ အခြားဆက်စပ်ဝင်ငွေအနေဖြင့်လည်း ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေလအထိ) အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ  ၀၈၅ သန်း ရရှိခဲ့ပြီး၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေလ အထိ) အမေရိကန်ဒေါ်လာ ၅၈ ဒသမ  ၅၄၅ သန်းသာ ရရှိပြီး ၅၃ ဒသမ ၂၂၃ သန်းသာ ရှိပြီး ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှာ COVID-19 မဖြစ်မီကာလက ဝန်ထမ်းအင်အား ၉၂၅၁၉ ဦးရှိခဲ့ပေမဲ့ COVID-19 ကာလ၌ စီးပွားရေးကျဆင်းမှုကြောင့် ဝန်ထမ်းဦးရေ နှစ်သောင်းကျော် လျော့နည်းသွားပြီး ဝန်ထမ်းဦးရေ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ်  စီးပွားရေးသက်ရောက်မှုစစ်တမ်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

COVID-19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၊ အသေးစား အလတ်စား လုပ်ငန်းများအပေါ် သက်ရောက်နေသည့် အခြေအနေနှင့် အချက်အလက်များကို သိရှိစေရန်နှင့် ကုစားနိုင်ရေးအတွက် အဆိုပါ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှု စစ်တမ်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုခဲ့တာ ဖြစ်ပါတယ်။

COVID-19 ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် ချိတ်ဆက် လုပ်ကိုင်သော ခရီးသွားကုမ္ပဏီ အရေအတွက်မှာလည်း ယခင်က ၁၄၄၈ ခုရှိခဲ့ရာမှ COVID-19 ကာလတွင် ကုမ္ပဏီ ၇၄၃ ခုသာ ကျန်ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

 “အခုလက်ရှိ အခြေအနေအရ မြန်မာနိုင်ငံရဲ့ခရီးသွားစျေးကွက်မှာ ကျန်တဲ့လတွေမှာလည်း ခရီးသည်ဝင်ရောက်မှု ဆက်ပြီး ကျဆင်းနိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ခံစားရနိုင်တာကြောင့် ကုစားနိုင်ဖို့ အခွန်အခ သက်သာခွင့်တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ ရရှိနိုင်မှသာ  မူလအခြေအနေကို ရောက်ရှိဖို့ ပြန်လည် ထူထောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့ပါတယ်။

လက်ရှိမှာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကို ရောက်ရှိလာပြီ ဖြစ်ပေမဲ့ COVID-19 ကာလ မပြီးဆုံးသေးတာကြောင့် ခရီးသွားလုပ်ငန်း အခြေအနေကို ခန့်မှန်းရန်နဲ့ COVID-19 ကြောင့်ဖြစ်ပေါ်တဲ့ စီးပွားရေးသက်ရောက်မှု ကုစားရေးအစီအမံများအတွက် လိုအပ်သော စာရင်းအချက်အလက်များ ကောက်ယူ တင်ပြနိုင်ရေး ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က  ပြောကြားထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ အနည်းဆုံး အနေအထားဖြစ်နေပြီး ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်လာစေရေးအတွက် SOP များ ရေးဆွဲခြင်း၊ National Tourism Guideline များ ရေးဆွဲခြင်းများ ပြုလုပ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေက COVID-19 ကပ်ရောဂါဆိုးကြောင့်  ကမ္ဘာအနှံ့ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းနည်းတူ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တွေ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ လေကြောင်းလိုင်းတွေအနေနဲ့ COVID-19 ရောဂါကာကွယ်ဆေး  ရရှိချိန်ကိုသာ မျှော်လင့်နေရတော့မှာ ဖြစ်ပါတယ်။

Most Read

Most Recent