COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ထိခိုက်ခံစားလာရသည့် မြန်မာနိုင်ငံဒေသအနှံ့ရှိ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင်နှုန်းရှိသော စီးပွားရေးလုပ်ငန်းများ

COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ထိခိုက်ခံစားလာရသည့် မြန်မာနိုင်ငံဒေသအနှံ့ရှိ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင်နှုန်းရှိသော စီးပွားရေးလုပ်ငန်းများ
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
Published 22 November 2020
နီလာ

COVID-19 ဒုတိယလှိုင်းကို မြန်မာနိုင်ငံအနှံ့ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင်နှုန်း ထိခိုက်ခံစားနေရ

COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို စီးပွားရေးလုပ်ငန်းများ ပြင်းပြင်းထန်ထန်ခံစားနေရပြီး မြန်မာနိုင်ငံအနှံ့ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင်နှုန်း ထိခိုက်ခံစားလာရကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း ကောက်ယူထားသည့် COVID-19 ကပ်ရောဂါသက်ရောက်မှု စောင့်ကြည့်လေ့လာရေးစစ်တမ်းအရ မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးသည် ပိုမိုဆိုးရွားလာသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားလာရပြီး သြဂုတ်လအတွင်း စစ်တမ်းအရ ၇၅ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားလာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က COVID-19 ကပ်ရောဂါ သက်ရောက်မှုစောင့်ကြည့်လေ့လာရေးစစ်တမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ခုနစ်ကြိမ်ကောက်ယူရန် စီစဉ်ထားပြီး အောက်တိုဘာလကုန်အထိ စစ်တမ်းလေးကြိမ် ကောက်ယူထားပြီး ဖြစ်သည်။ စစ်တမ်းအရ တစ်ကြိမ်နှင့် တစ်ကြိမ် ထိခိုက်မှုပိုမိုဆိုးရွားလာပြီး စစ်တမ်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ကျပန်းစီးပွားရေးလုပ်ငန်းများပါဝင်သည့် လုပ်ငန်းပေါင်း ၅၀၀ ကို မေးမြန်းကောက်ယူထားခြင်းဖြစ်သည်။

နောက်ဆုံးကောက်ယူထားသည့်စစ်တမ်းအရ ယာယီပိတ်သိမ်းထားသော လုပ်ငန်းများမှာ စိုက်ပျိုးရေးကဏ္ဍတွင် ခုနစ်ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီနှင့် လက်ကား အရောင်းလုပ်ငန်းကဏ္ဍတွင် ၁၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းအထိ ရှိသည်။ စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများသည် ယာယီပိတ်သိမ်းရသည့် လုပ်ငန်းအရေအတွက် များပြားလျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများမှာ အခြေအနေဆိုးရွားစွာ ထိခိုက်လျက်ရှိသည်။

ဒေသအလိုက်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီပိတ်သိမ်းထားရသည့်လုပ်ငန်း ၄၃ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၁ ရာခိုင်နှုန်းအထိရှိပြီး တစ်နိုင်ငံလုံးတွင် ယာယီပိတ်သိမ်းထားရသည့် လုပ်ငန်း ၁၈ ရာခိုင်နှုန်းအထိ ရှိလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် COVID-19 ဒုတိယလှိုင်း သက်ရောက်မှုအနေဖြင့် စက်တင်ဘာတွင် ရောင်းအားကျဆင်းသွားခြင်း ၉၀ ရာခိုင်နှုန်းကျော်၊ ငွေသားစီးဆင်းမှုမရှိတော့ခြင်း ရာခိုင်နှုန်း ၃၀ ကျော်၊ ချေးငွေရရှိနိုင်မှု အလားအလာ လျော့နည်းသွားခြင်း ၂၀ ရာခိုင်နှုန်းကျော်၊ သွင်းအားစုများနှင့် ကုန်ကြမ်းပစ္စည်းပြတ်လပ်ခြင်း ၂၀ ရာခိုင်နှုန်းကျော်၊ ချေးငွေများနှင့် အခြားသော လုပ်ငန်းဆိုင်ရာကြွေးမြီများ ပြန်ဆပ်ရန်ခက်ခဲခြင်း၂၅ ရာခိုင်နှုန်းကျော်၊ လူမွဲခံယူရန်လျှောက်ထားခြင်း ၁၀ ရာခိုင်နှုန်းကျော်၊ အလုပ်သမားလျှော့ချခြင်း ၂၀ ရာခိုင်နှုန်းကျော်အထိရှိလာသည်။ သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ငွေသားစီးဆင်းမှု အနည်းငယ်မြင့်တက်လာသည်မှ လွဲ၍ ကျန်အချက်များတွင် ပိုမိုဆိုးရွားပြင်းထန်လာခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေးလုပ်ငန်းများသည် COVID-19 ဒုတိယလှိုင်းကြောင့် အမြတ်ငွေလျော့နည်းသွားသည့် ပမာဏသည် စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းကျော်မှ ၇၀ ရာခိုင်နှုန်းကျော်အထိရှိသည်။ ထို့ပြင် လာမည့်သုံးလအတွင်း ကြွေးပြန်မဆပ်နိုင်သည့်အခြေအနေ ရောက်ရှိနိုင်သည်ဟု ယူဆထားသော လုပ်ငန်းများမှာလည်း ၂၀ ရာခိုင်နှုန်းကျော်မှ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိနေသည်။

မြန်မာစီးပွားရေးလုပ်ငန်းများ ငွေသားပြတ်လပ်မှုများ လျော့ပါးသက်သာစေရန် အသုံးပြုမှု အများဆုံးနည်းလမ်းများမှာ မိတ်ဆွေ/မိသားစုများထံမှချေးငွေများ ရာခိုင်နှုန်း ၄၀ ကျော်မှ ၇၀ ရာခိုင်နှုန်း ကျော်အထိ၊ စီးပွားရေးဘဏ်များမှ ချေးငွေများ ၁၀ ရာခိုင်နှုန်းကျော်မှ ၃၀ ရာခိုင်နှုန်းကျော်အထိ၊ ဘဏ်မဟုတ်သော ငွေရေးကြေးအဖွဲ့အစည်းများမှ ချေးငွေများ သုံးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကျော်အထိ၊ ပစ္စည်းပေးသွင်းသူ/ ဝန်ထမ်း/ အာဏာပိုင်များထံငွေပေးချေမှုများ နှောင့်နှေးခြင်း ခြောက်ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကျော်အထိဖြစ်သည်။

မြန်မာစီးပွားရေးလုပ်ငန်းများက ဆန္ဒပြုထားသည့် အရေးတကြီး ဆောင်ရွက်ရန် အလိုအပ်ဆုံးသော အစိုးရ၏မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများမှာ ချေးငွေနှင့် ချေးငွေအာမခံများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အခွန်ရွှေ့ဆိုင်း/ နုတ်ပေး သို့မဟုတ် လျှော့ပေါ့ပေးခြင်း၊ ရေ/ မီးစသည့်ဝန်ဆောင်ခများ လျှော့ပေါ့ပေးခြင်း၊ ဘဏ်ချေးငွေများ အတွက် အတိုးပေးဆောင်မှု ရွှေ့ဆိုင်းပေးခြင်း၊ အစိုးရ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုပြုလုပ်ပေးခြင်း၊ ဝန်ထမ်းလစာအတွက် အစိုးရက ထောက်ပံ့ပေးခြင်း၊ ဘဏ်ချေးငွေများအတွက် ငွေရင်းပြန်ဆပ်မှုရွှေ့ဆိုင်းပေးခြင်း၊ အစိုးရရုံးပိတ်ရက်များလျှော့ချပေးခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ စားသုံးသူများအတွက် ငွေကြေးထောက်ပံ့ပေးခြင်း စသည်တို့ဖြစ်သည်။

ချေးငွေပြန်ဆပ်ရန်မတတ်နိုင်သည့် ရခိုင်၊ ရန်ကုန်နှင့် ပဲခူးတိုင်းမှ ပြည်သူများအတွက် ကြွေးကျန်ဆပ်ချိန် ဆိုင်းငံ့ပေးမည်

အသေးစားငွေချေးလုပ်ငန်းများကို ချေးငွေပြန်ဆပ်ရန် မတတ်နိုင်သည့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ပြည်သူများအတွက် ကြွေးကျန်ဆပ်ချိန် ဆိုင်းင့ံပေးရန် စတင်ဆောင်ရွက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ အသေးစားငွေချေးကိစ္စတွေမှာ တချို့တွေက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်မတို့သိခဲ့ရတယ်။ အဲဒါက ဘယ်လိုလဲဆိုတော့ အသေးစားချေးငွေချေးထားပြီးတော့ ပြန်ပေးရတာ ပြန်ဆပ်ရတာပေါ့။ ပြန်ဆပ်ရတဲ့အခါကျတော့ အသေးစားငွေချေးတဲ့အဖွဲ့အစည်းတွေကလည်း သူတို့စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ သူတို့စည်းမျဉ်းစည်းကမ်းတွေအရ အချိန်တန်ရင် ပြန်ပြီးတော့ တောင်းရပါတယ်။ တောင်းတဲ့အခါ  ကိုဗစ်ကာလအတွင်းမှာ ပြန်ပြီးတော့မပေးနိုင်တဲ့ ပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စိတ်ပူပန်ရတယ်။ ပေးစရာလည်းမရှိဘူး။ ဒါတွေကို ကျွန်မတို့ကြည့်လိုက်တဲ့အခါ ကျွန်မတို့နိုင်ငံရဲ့ ငွေရေးကြေးရေး အခြေအနေအရ၊ အရင်းအမြစ်အခြေအနေအရ တစ်တိုင်းပြည်လုံးကိုတော့ ဒီကိစ္စမှာ ကူညီလို့မရပေမဲ့ ကိုဗစ်ရောဂါပြန့်ပွားမှုအများဆုံးဖြစ်ပြီး လူဦးရေလည်းများတဲ့ ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုကို ရွေးပြီးပါပြီ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းများကို အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ပြန်ဆပ်ရမည့် ပြည်သူများအနေနဲ့ ကြွေးကျန်များကို ဆပ်ချိန်ဆိုင်းင့ံပေးရန် အစီအစဉ်များ စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။

“ ကြုံတုန်းပြောချင်တာကတော့ တချို့ပြည်သူတွေက ဒီလိုအသေးစားငွေချေးအဖွဲ့အစည်းတွေရှိတဲ့အခါ တစ်နေရာတည်းမဟုတ်ဘူး၊ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာ လိုက်ပြီး ချေးတဲ့အခါ ကြွေးဝန်တွေပိပြီး ပြဿနာတက်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ အဲဒီလိုမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ အဲဒီလို တစ်နေရာ၊ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာ လိုက်ချေးတဲ့အတွက် ပြန်ဆပ်ရတဲ့အခါ မလွယ်ပါဘူး၊ သို့သော်ငြားလည်း ဒီလိုအသေးစားငွေချေးရခြင်းဟာ ကျွန်မတို့ရဲ့အခြေခံလူတန်းစား၊ ပြည်သူလူထု တော်တော်များများအတွက် လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာတော့ သဘောပေါက်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့ဖြစ်ရာ ချေးငွေလိုအပ်သည့် ပြည်သူများ မိမိတို့၏စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် ချေးငွေလိုအပ်သည့်ပြည်သူများ ရရှိနိုင်ရန် စီစဉ်နေကြောင်း၊ လက်ရှိတွင် အစိုးရအဖွဲ့အနေဖြင့် ဆွေးနွေးမှုများ စတင်ဆောင်ရွက်နေကြောင်း၊ မကြာမီနှစ်ပတ်သုံးပတ်ခန့်အတွင်း မည်သည့်အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်ကို ပြည်သူများထံ တင်ပြနိုင်မည်ဟုမျှော်လင့်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်ပြီး အစိုးရဘက်က တတ်နိုင်သမျှ လုပ်နေကြောင်းနှင့် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ကပ်ရောဂါကြီးဟု မကြေညာခင်ကတည်းက စီးပွားရေးနှင့်ပတ်သက်ပြီး ပြည်သူများကို မထိခိုက်အောင် မည်ကဲ့သို့စီစဉ်ရမည်ကို စတင်ပြီး ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါအစီအစဉ်များကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် လိုအပ်သလို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မလွန်ကြရန်နှင့် ကျန်းမာရေးကိုသာ သတိပြုပြီး ဂရုစိုက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ထားသည့်စစ်တမ်းအရ အစိုးရ၏ COVID-19 အရေး ကိုင်တွယ်မှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၏ ကျေနပ်အားရမှုနှုန်းမှာ ၃၄ ရာခိုင်နှုန်းမှ ၇၄ ရာခိုင်နှုန်းရှိပြီး ပျမ်းမျှ ၇၁ ရာခိုင်နှုန်းရှိကြောင်းတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် မတ်လစ၍ မြန်မာနိုင်ငံတွင် ရင်ဆိုင်လာရသည့် COVID-19 ကပ်ရောဂါကာလအထိ ၂၀၂၀ နိုဝင်ဘာလအထိ ပြင်းထန်စွာ ဆက်လက်ခံစားနေခြင်းဖြစ်ပြီး အစိုးရ၏ COVID-19 ကပ်ရောဂါ ကိုင်တွယ်မှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများ၏ ကျေနပ်အားရမှုနှုန်းသည် အသေးစားလုပ်ငန်းများတွင် ၇၃ ရာခိုင်နှုန်း၊ အငယ်စားလုပ်ငန်းများတွင် ၆ရရာခိုင်နှုန်း၊ အလတ်စား လုပ်ငန်းများတွင် ၇၄ ရာခိုင်နှုန်း၊ အကြီးစားလုပ်ငန်းများတွင် ၃၄ ရာခိုင်နှုန်းရှိပြီး ပျမ်းမျှ ၇၁ ရာခိုင်နှုန်း ရှိခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းအများအပြားသည် ငွေသားစီးဆင်းမှုမရှိတော့ခြင်း၊ ချေးငွေရရှိနိုင်မှုအလားအလာ လျော့နည်းသွားခြင်းတို့ကို အများဆုံးရင်ဆိုင်နေရပြီး အထူးသဖြင့် COVID-19 ပထမလှိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ၊ COVID-19 ဒုတိယလှိုင်းတွင် ဝန်ဆောင်မှုလုပ်ငန်းများ အထိနာဆုံး ဖြစ်သည်။

COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အကောင်အထည်ဖော်လျက်ရှိပြီး COVID-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်် (MERRP) ဆက်လက်ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်နေသည်။                      

Most Read

Most Recent