တရုတ်ဦးဆောင်သည့် စီးပွားရေးရပ်ဝန်း ကမ္ဘာတွင် အကြီးဆုံးကုန်သွယ်ရေးစာချုပ် RCEP ၌ မြန်မာနိုင်ငံက မည်သည့်အရာများ မျှော်လင့်၍ရမည်နည်း

တရုတ်ဦးဆောင်သည့် စီးပွားရေးရပ်ဝန်း ကမ္ဘာတွင် အကြီးဆုံးကုန်သွယ်ရေးစာချုပ် RCEP ၌ မြန်မာနိုင်ငံက မည်သည့်အရာများ မျှော်လင့်၍ရမည်နည်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၅ ရက်က Video Conferencing ဖြင့် ပြုလုပ်သည့် RCEP လက်မှတ်ရေးထိုးမှုမြင်ကွင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၅ ရက်က Video Conferencing ဖြင့် ပြုလုပ်သည့် RCEP လက်မှတ်ရေးထိုးမှုမြင်ကွင်း
Published 22 November 2020
နီလာ

(၁)

ကမ္ဘာတွင် အကြီးဆုံးလွတ်လပ်သည့် ကုန်သွယ်မှုဒေသဖြစ်လာမည့် (Regional Comprehensive Ecomonic Partnership-RCEP) ကို နိုဝင်ဘာ ၁၅ ရက်က လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံနှင့် Free Trade Areas (FTA) ဆွေးနွေးဖက်ခြောက်နိုင်ငံ ပေါင်းပြီး လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်မီ နိုင်ငံတကာ ကုန်သွယ်ရေးစာချုပ်တစ်ခုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Ecomonic Partnership-RCEP) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ယင်း၏ ဆွေးနွေးဖက်ခြောက်နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သောကုန်သွယ်မှု ဒေသထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခုဖြစ်သည်။

အဆိုပါစာချုပ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက် COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များအတွက် ပိုမိုကျယ်ပြန့်သည့် စျေးကွက်ကို ရရှိစေမည်ဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများ ရရှိစေမည်ဟု သိရသည်။

အထူးသဖြင့် COVID-19 အလွန်ကာလတွင် နည်းပညာကို အခြေခံသည့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းရာတွင် လိုအပ်သည ့်နည်းပညာနှင့်အကူအညီများကို အဆိုပါစာချုပ်ပါ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအခန်းပါ သဘောတူညီချက်များနှင့်အညီ ရယူဆောင်ရွက်နိုင်မည် ဖြစ်သည်။

RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Ecomonic Partnership-RCEP) သဘောတူစာချုပ်တစ်ခုဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ထက်ဝက်နီးပါးရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံက အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

(RCEP) ကို လက်ရှိအာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်များထက် ပိုမိုခေတ်မီပြီး ပြည့်စုံ၍ အရည်အသွေးမြင့်မားကာ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ဗိသုကာအပေါ် အများ၏ ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိကဝတ်ကို ယခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသလိမ့်မည်ဖြစ်ကြောင်း၊ ကောင်းမွန်စွာဖွဲ့စည်းထား၍ ထိရောက်မှုရှိပြီးစည်းမျဉ်းကို အခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်သည်  ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ သဘောတူစာချုပ်တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စတုတ္ထအကြိမ်အကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၊ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ပြောကြားခဲ့သည်။

(၂)

RCEP ကို ၂၀၁၂ ခုနှစ်မှစတင်၍ ၁၆ နိုင်ငံမှ ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi က စေ့စပ်ညှိနှိုင်းဆဲစာချုပ်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချို့ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံ၏တောင်းဆိုချက်အပေါ် ကျန် ၁၅ နိုင်ငံ၏ လိုက်လျောမှုမရှိသဖြင့် RCEP စေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယမပါဝင်တော့ကြောင်း ကြေညာခဲ့သည်။

သို့ဖြစ်ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ စသည့်ငါးနိုင်ငံက  ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက်ဆွေးနွေးခဲ့ကြပြီးနောက် လက်ရှိအချိန်တွင် RCEP သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

RCEP တွင် လက်ရှိပါဝင်သည့် နိုင်ငံ ၁၅ နိုင်ငံသည် လူဦးရေအားဖြင့် ၂ ဒသမ ၂ ဘီလျံရှိသဖြင့် ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်း ၃၀ ကို ကိုယ်စားပြုပြီး ထုတ်လုပ်မှုတန်ဖိုးဒေါ်လာ ၂၆ ဒသမ ၂ ထရီလီယံရှိသဖြင့်လည်း ကမ္ဘာ့ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိသည်။

ထို့ပြင် RCEP နိုင်ငံများ၏ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ ရာခိုင်နှုန်းပါဝင်သဖြင့် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်ရေးစာချုပ်တစ်ခုအဖြစ် တင်စားခေါ်ဆိုကြခြင်းဖြစ်ကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပြခဲ့သည်။

RCEP သဘောတူစာချုပ်၏နိဒါန်းမှာပင် စာချုပ်ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုအဆင့်အမျိုးမျိုးရှိနေမှုကို ထည့်သွင်းစဉ်းစားလျက် အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် အထူးအခွင့်အရေးပေးရန်နှင့် ဗီယက်နမ်နိုင်ငံအတွက်လည်း သင့်လျော်သည့် အတိုင်းအတာတစ်ခုအထိ အခွင့်အရေးပေးရန် သဘောတူခဲ့ကြသည်ဟု ဦးသန်းအောင်ကျော်က ဆိုသည်။

RCEP အဖွဲ့ဝင်နိုင်ငံများသည် စာချုပ်အာဏာအသက်ဝင်သည့် အချိန်တွင် ကုန်စည်လိုင်းအားလုံး၏ ၆၅ ရာခိုင်နှုန်းကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ရာခိုင်နှုန်း ၃၀ သာ ကင်းလွတ်ခွင့်ပေးရမည်ဖြစ်သည်။

ထို့ပြင် စာချုပ်အာဏာအသက်ဝင်ပြီး  ၁၀ နှစ်အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ ကို အခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံက ၁၅ နှစ်အကြာတွင်မှ အခွန်ကင်းလွတ်ခွင့်ပြုရမည် ဖြစ်သည်။

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “ အနာဂတ်မှာ ပြောင်းလဲတိုးတက်လာမယ့် အခြေအနေတွေကို မျှော်မှန်းပြီး သဘောတူစာချုပ်မှာ ထည့်သွင်းထားတဲ့ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးအခန်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အခန်းနဲ့ ယှဉ်ပြိုင်မှုအခန်းတို့မှာ ပါရှိတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရာမှာလည်း မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေးကာလကို ကဏ္ဍအလိုက် အနည်းဆုံးသုံးနှစ်မှ အများဆုံး ၁၀ နှစ်အထိ၊ ဝန်ဆောင်မှု ကုန်သွယ်ရေးအခန်းတွင် အသွင်ကူးပြောင်းရေးကာလကို ၁၅ နှစ်အထိအချိန် ယူညှိနှိုင်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

“ ဒါ့အပြင် စာချုပ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်တွေအတွက် ကြီးမားကျယ်ပြန့်တဲ့စျေးကွက်ကို ရရှိစေမှာဖြစ်ပါတယ်။ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ နိုင်ငံတို့ကဲ့သို့ နည်းပညာနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အာရှနိုင်ငံအများစုပါဝင်တဲ့အတွက်လည်း သဘောတူစာချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာနိုင်မယ့် အခွင့်အလမ်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၅ ရက်က Video Conferencing ဖြင့် ပြုလုပ်သည့် RCEP လက်မှတ်ရေးထိုးမှုမြင်ကွင်း

(၃)

အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း ပြည့်စုံသော စီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) စာချုပ်သည် ဂျီဒီပီအရ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ပိုမိုကျယ်ပြန့်စေနိုင်မည်ဟု ယူဆထားကြသည်။ ယင်းကုန်သွယ်ရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံများအကြား လွတ်လပ်ပွင့်လင်းသည့် ကုန်သွယ်မှုများနှင့် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်ကို လျှော့ချရန် သဘောတူထားခဲ့ပြီး ယင်းစာချုပ်တွင် အမေရိကန် မပါဝင်သဖြင့် ၀ါရှင်တန်၏ ယိုယွင်းနေသည့် ကုန်သွယ်ရေး ခြေလှမ်းများကို တရုတ်က အသာစီးရသည့် စာချုပ်အဖြစ် အများစုက ရှုမြင်ခဲ့ကြသည်။

“RCEP ဟာ တရုတ်ရဲ့ ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်းနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေး ရည်မှန်းချက်တွေကို ချဲ့ထွင်ရာမှာ ပိုမိုအားကောင်းလာစေနိုင်ပါတယ်” ဟု စင်ကာပူစီးပွားရေးတက္ကသိုလ်မှ ကုန်သွယ်ရေး ကျွမ်းကျင်သူ အလက်ဇန်းဒါး ကာပရီက ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် သြဇာလွှမ်းမိုးရေးနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံနေသည့် ပေကျင်း၏ တွေးခေါ်မြော်မြင်မှုကို ရည်ညွှန်းဖော်ပြခဲ့သည်။

သို့သော်လည်း စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံအများစုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် လုံးပန်းနေရပြီး RCEP သည် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ၎င်းတို့၏ စီးပွားရေး ပြဿနာများကို လျော့ပါးသက်သာစေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

စိုးရိမ်မှုနှင့်ပတ်သက်ပြီး ပြောကြသည့်အထဲတွင် အရေးကြီးသည့် စိုးရိမ်မှုတစ်ခုမှာ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံက RCEP တွင် မပါဝင်ဘဲ နောက်ချန်ခဲ့သည်။

“ အရေးကြီးတဲ့စိုးရိမ်မှုတစ်ခုကတော့ ကျွန်တော်တို့ရဲ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက စိုးရိမ်လို့ဆိုပြီး RCEP မှာမပါဘဲနဲ့ နောက်ချန်ခဲ့တာရှိပါတယ်။ အဲဒီတော့ သူတို့ စိုးရိမ်မှုတွေ ဘာလဲလို့ ကြည့်လိုက်တော့  အဓိကက လယ်ယာကဏ္ဍမှာ ပို့ကုန်နဲ့သွင်းကုန်တွေကိုဖွင့်ပြီး ဆောင်ရွက်တော့မယ်ဆိုရင် အိန္ဒိယမှာက သူတို့ပို့မယ့် ပို့ကုန်ပစ္စည်းတွေမှာ အဟန့်အတားတွေ အများကြီးရှိနေပေမဲ့ သူတို့ဆီကို လာမယ့်သွင်းကုန်တွေမှာတော့ သူတို့က အများကြီးဖွင့်ပေးလိုက်ရမယ့်ဟာတွေရှိတယ်။ အဲဒီတော့ ဒီနေရာမှာ  အိန္ဒိယရဲ့ စိုးရိမ်သလိုမျိုး ကျွန်တော်တို့ရဲ့ လယ်ယာသားငါးကဏ္ဍမှာလည်း စိုးရိမ်မှုတွေ အများကြီး ရှိလာပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက BBC နှင့် “RCEP ၏ အခွင့်အလမ်းနှင့် သတိပြုစရာတွေ” ခေါင်းစဉ်ဖြင့် မေးမြန်းမှုအစီအစဉ်တွင် ပြောကြားခဲ့သည်။

“ ဘာကြောင့်လဲဆိုရင် လယ်ယာသားငါးရဲ့ ပို့ကုန်တော်တော်များများက အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကိုပဲ အများကြီး မှီခိုနေရသေးတယ်။ အဲဒီတော့ RCEP ထဲမှာ ဖြစ်လာပြီဆိုတော့ RCEP ကိုအခြေခံပြီး ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့လည်း အထူးသဖြင့် မြန်မာနဲ့ တရုတ်နိုင်ငံနှစ်ခုတည်းမှာပဲ သီးခြားဖြစ်နေတဲ့ကိစ္စတချို့ကို RCEP ရဲ့ Sprit of Contract ပေါ့နော်။ ဒါက Treaty ထဲမှာ ထိုးလိုက်တယ်။ တကယ့်မူလရည်မှန်းချက်ကတော့ ဒီ Treaty ကိုလုပ်လိုက်ရင်  ဒီ Treaty ထဲမှာပါတဲ့နိုင်ငံတွေဟာ တစ်ဦးနဲ့တစ်ဦး မျှတတဲ့ကောင်းမွန်တဲ့ ဘုံအကျိုးကျေးဇူးတွေရမယ်ဆိုတဲ့ဟာရှိတယ်။ ဒါပေမဲ့ ဒီစာချုပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေထဲမှာတော့ ကျွန်တော်တို့ တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ဟာတော့ အသေးစိတ်ပါချင်မှပါလိမ့်မယ်။ မပါတဲ့အခါ ကျွန်တော်တို့လိုနိုင်ငံအတွက်ကတော့ အဓိကဖြစ်နေတာအဲဒါ ဖြစ်နေတာ။ အဲဒီတော့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းရေးမှာလည်း ကျွန်တော်တို့က RCEP ရဲ့ အနှစ်သာရဖြစ်တဲ့ နှစ်နိုင်ငံကုန်သွယ်ဖက် မြှင့်တင်ရေးကိစ္စမှာ တရုတ်နိုင်ငံက RCEP မှာ အကောက်ခွန်ကို လျှော့ချပေးတာလောက်ပဲပါမှာ။ သို့သော်လည်း မပါသေးတာက အကောက်ခွန်မဟုတ်တဲ့ တခြားအတားအဆီးတွေနဲ့ ပတ်သက်တဲ့ကိစ္စဆိုရင်တော့ ဒီဟာရဲ့ အနှစ်သာရကိုအခြေခံပြီးတော့ အမြန်ဆုံးညှိနှိုင်းသင့်ပါတယ်ဆိုတာ ကျွန်တော်တို့ရဲ့ထိပ်ပိုင်းက နိုင်ငံတော်အကြီးအကဲတွေက တရုတ်နိုင်ငံကို တောင်းဆိုသင့်တယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံကမူ တရုတ်၏ စျေးပေါသည့် ကုန်စည်များ ဝင်ရောက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိခဲ့သဖြင့် ပြီးခဲ့သည့်နှစ်တွင် သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး  နိုဝင်ဘာ ၁၅ ရက်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေ။

“ အိန္ဒိယရဲ့စိုးရိမ်ချက်ပေါ့။ သူ့ရဲ့လယ်ယာကဏ္ဍအပေါ် အားနည်းချက်တွေကို RCEP က မဖြည့်ဆည်းနိုင်တဲ့အနေအထားမှာ ကျွန်တော်တို့မှာလည်း အလားတူအားနည်းချက်တွေရှိနေတယ်။ အဲဒါကို ကျွန်တော်တို့က ဒီ RCEP ထဲမှာပါတဲ့ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံတစ်ခုအနေနဲ့ တရုတ်နိုင်ငံနဲ့ သီးခြားပေါ့နော်။ ဘယ်လိုဆောင်ရွက်ခွင့်ရမလဲဆိုတာကိုလည်း မဟာဗျူဟာတစ်ရပ်ကို သေသေချာချာချမှတ်ပြီး ဆောင်ရွက်လို့ရတာပေါ့နော်” ဟု ဒေါက်တာဇော်ဦးက သုံးသပ်ပြောကြားသည်။

COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာကျဆင်းလျက်ရှိနေချိန်တွင် RCEP က COVID-19 အလွန် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများ စီးပွားရေးပြန်လည်ဦးမော့လာစေရန် မည်မျှအထောက်အကူပြုနိုင်မည်လဲ ဆိုသည့်အပေါ် စိတ်ဝင်စားမှုများရှိနေသည်။ စာချုပ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက် COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များအတွက် ပိုမိုကျယ်ပြန့်သည့် စျေးကွက်ကိုရရှိစေမည်ဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားခဲ့သည်။

Most Read

Most Recent