၂၀၂၃ နှင့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်နိုင်ငံများအား ထပ်မံအတည်ပြုခဲ့ပြီး ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် အားကစားနည်း ၃၂ မျိုးကျင်းပရန် လျာထား

၂၀၂၃ နှင့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်နိုင်ငံများအား ထပ်မံအတည်ပြုခဲ့ပြီး ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် အားကစားနည်း ၃၂ မျိုးကျင်းပရန် လျာထား
Photos : AFF
Photos : AFF
Published 22 November 2020

 

ဆီးဂိမ်းစ်အဖွဲ့ချုပ် ကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်ခဲ့ပြီး  ၂၀၂၃ နှင့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံများအား ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်အဖွဲ့ချုပ် ကောင်စီအစည်းအဝေးကို Video Conferencing ဖြင့်ပြုလုပ်ခဲ့ပြီး ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ အတည်ပြုခဲ့သလို ၃၂ ကြိမ်မြောက် ပြိုင်ပွဲနှင့် ၃၃ ကြိမ်မြောက်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံများကိုလည်း ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။ 

၂၀၂၃ ခုနှစ် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ ၏ တာဝန်ရှိသူများက ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပရန် လျာထားသည့် အားကစားနည်းများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပြီး အားကစားနည်း ၃၂ မျိုး ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပရန်လျာထားပြီး ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသည့်နေရာများ၊ အားကစားကွင်းနှင့် အားကစားရုံတည်ဆောက်ထားမှုများကိုလည်း ဆီးဂိမ်းစ်အဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့် ၁၀ နိုင်ငံမြောက် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများအနက် တီမောတစ်နိုင်ငံတည်းသာ အိမ်ရှင်အဖြစ် မကျင်းပနိုင်သေးခြင်းဖြစ်သည်။ 

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန်   ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး လိုအပ်သည့် ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အအုံများကိုလည်း တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲအိမ်ရှင် ထိုင်းနိုင်ငံမှာမူ ခုနစ် ကြိမ်မြောက်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင် အာရှနိုင်ငံများအနက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အကြိမ်အများဆုံး လက်ခံကျင်းပခွင့်ရသည့်နိုင်ငံဖြစ်လာပြီး ၁၉၅၉၊ ၁၉၆၇၊ ၁၉၇၅၊ ၁၉၈၅၊ ၁၉၉၅၊ ၂၀၀၇ ခုနှစ် တွင် လက်ခံကျင်းပခဲ့ဖူးသည်။

ထိုင်းနိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ်အများဆုံးရယူနိုင်သည့် နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ထားပြီး ကျင်းပပြီးစီးသွားသည့် အကြိမ် ၃၀ တွင် ရွှေတံဆိပ် ၁၈၈၅ ခု၊ ငွေတံဆိပ်၁၉၃၀ ခု၊ ကြေးတံဆိပ် ၁၉၄၃ ခုဖြင့် ဆုတံဆိပ်စုစုပေါင်း ၅၇၅၈ ခု ဆွတ်ခူးရရှိထားကြောင်း မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent