နီးစပ်လာသည့် ကာကွယ်ဆေး

နီးစပ်လာသည့် ကာကွယ်ဆေး
Published 19 November 2020

အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ၉၅ ရာခိုင်နှုန်း အောင်မြင်မှုရှိပြီး ဘေးထွက်ဆိုးကျိုးပြင်းပြင်းထန်ထန် မရှိဟု နောက်ဆုံးရလဒ်ထုတ်ပြန်ခဲ့ပြီးနောက် လာမည့်လတွင် အမေရိကန်နှင့် ဥရောပအာဏာပိုင်များ၏ အရေးပေါ်အသုံးပြုရေးခွင့်ပြုချက် ရရှိလာနိုင်သည်ဟု ဆေးကုမ္ပဏီများက နိုဝင်ဘာ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် အသက်အရွယ်မျိုးစုံနှင့် လူမျိုးအမျိုးမျိုးတို့အတွက် ထိရောက်မှု ရှိကြောင်း တွေ့ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်သည် အသက်အရွယ်ကြီးသူများနှင့် လူမည်းများအပါအဝင် လူမျိုးနွယ်စုအချို့ကို ပို၍ ထိခိုက်မှုရှိသည် ဆိုသည့်အချက်နှင့်ပတ်သက်၍ ယင်းကာကွယ်ဆေးသည် အလားအလာကောင်းသည့် သဘောသက်ရောက်နေသည်။

အမေရိကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ FDA က ယင်းကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ဒီဇင်ဘာလလယ်ပိုင်းတွင် ခွင့်ပြုနိုင်သည်ဟု BioNTech အမှုဆောင်အရာရှိချုပ်  ဝီဂါဆာဟင်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ၏ ခွင့်ပြုချက်ကို ဒီဇင်ဘာ ဒုတိယလဝက်ခန့်တွင် ရရှိနိုင်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ “အားလုံး အဆင်ပြေသွားပြီဆိုရင် ဒီဇင်ဘာ ဒုတိယလဝက်လောက်မှာ ကျွန်တော်တို့ အတည်ပြုချက် ရရှိနိုင်ပြီး ခရစ္စမတ်မတိုင်ခင် စတင်ဖြန့်ချိနိုင်ပြီဆိုပေမဲ့ အားလုံးအဆင်ပြေပြေဖြစ်သွားပြီဆိုရင် တကယ်အကောင်အထည်ဖော်နိုင်ပါပြီ” ဟု ဝီဂါဆာဟင်က ပြောကြားခဲ့သည်။

Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ကျန်းမာရေးအာဏာပိုင်များ ယုံကြည်လက်ခံနိုင်သည့် အတိုင်းအတာထက် အောင်မြင်မှုပိုမိုရရှိနေပြီး ယင်းအောင်မြင်မှုသည် ကပ်ရောဂါကို အဆုံးသတ်စေသည့် ပြိုင်ပွဲတွင် သိသာထင်ရှားသည့် အောင်မြင်မှုတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ Pfizer ၏ ကာကွယ်ဆေးစမ်းသပ်မှုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀ အပါအဝင် လူ ၄၃၀၀၀ ကျော် ပါဝင်ပြီး ကာကွယ်ဆေးအစစ် မဟုတ်ဘဲ အသွင်တူ၍ အာနိသင်မရှိသော ဆေးစမ်းသပ်ခံရသူ ၁၆၂ ဦး ရှိပြီး ယင်းစမ်းသပ်မှုရလဒ်များအရ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ ကာကွယ်ဆေး စမ်းသပ်ခံသူများတွင် ၁၀ ဦးသည် ဗိုင်းရပ်စ်ကို ပြင်းပြင်းထန်ထန် ခံစားနေရသူများဖြစ်သည်။

“လူသားသမိုင်းမှာ ပထမဆုံးဖြစ်ရပ်တစ်ခုပါ။ တစ်နှစ်မပြည့်သေးတဲ့ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုအတွက် နည်းပညာသစ်တစ်ရပ်လုံးကိုအခြေခံပြီး ကြီးမားတဲ့ ကာကွယ်ဆေးစမ်းသပ်မှုကြီးဖြစ်ပါတယ်” ဟု ဖီလာဒဲလ်ဖီးယားပြည်နယ်ရှိ Temple တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် အန်ရီကိုဘူချီက ပြောကြားခဲ့သည်။ အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက် EUA ကို နိုဝင်ဘာ ၂၀ ရက်တွင် လျှောက်ထားမည်ဟု ဝီဂါဆာဟင်က ပြောကြားခဲ့ပြီး FDA က တစ်စုံတစ်ရာ မှတ်ချက်ပြု ထုတ်ပြန်ထားခြင်းမရှိပေ။

Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကူးစက်မှုမရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းအပါအဝင် မေးခွန်းထုတ်စရာများစွာ ထွက်ပေါ်နေသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် မကြာမီအချိန်ကာလအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ကာကွယ်ဆေးများကို အတည်ပြုရန် သေချာနေသည့်အပြင် အတည်ပြုပြီးနောက် အများအပြားထုတ်လုပ်ဖြန့်ချိရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ “အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်ကုန်မှာ နိုင်ငံတိုင်းရဲ့လူဦးရေ ရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေ အများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်၌ အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိကာ အများနည်းတူ ကာကွယ်ဆေးများရရှိနိုင်ရေးကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

နိုဝင်ဘာ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent