အစိုးရရဲ့ထောက်ပံ့ကြေး ကျပ် ၄၀၀၀၀ နဲ့ စီမံခန့်ခွဲမှုအလွဲများ

အစိုးရရဲ့ထောက်ပံ့ကြေး ကျပ် ၄၀၀၀၀ နဲ့ စီမံခန့်ခွဲမှုအလွဲများ
တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်တွင် အစိုးရကထောက်ပံ့သည့် ကျပ်လေးသောင်းရရှိရန် စောင့်ဆိုင်းနေသူများကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-တာမွေမြို့နယ် ပြည်သူ့ကွန်ရက် Facebook)
တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်တွင် အစိုးရကထောက်ပံ့သည့် ကျပ်လေးသောင်းရရှိရန် စောင့်ဆိုင်းနေသူများကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-တာမွေမြို့နယ် ပြည်သူ့ကွန်ရက် Facebook)
Published 15 November 2020
ဇော်မင်းနိုင်

ဖြစ်စဉ် (၁)

“ပိုက်ဆံလေးသောင်းက ဘယ်လို ပေးတာလဲ”

“ပိုက်ဆံလေးသောင်းကို ကျွန်တော်တို့မရဘူးဗျ”

“ပိုက်ဆံလေးသောင်းမရလို့ ရပ်ကွက်ရုံးမှာ လူတွေအများကြီး ရောက်နေကြတယ်”

အထက်ပါ စကားသံတွေကတော့ Eleven Media Group ရဲ့ ဖုန်းကိုဝင်လာတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီး စကားသံတွေပဲ ဖြစ်ပါတယ်။

သူတို့မေးမြန်းစုံစမ်းတဲ့အကြောင်းကတော့ နိုဝင်ဘာ ၁၂ ရက်ကစပြီး အစိုးရက အိမ်ထောင်စုတစ်စုကို ကိုဗစ်ကာလထောက်ပံ့ကြေး ကျပ်လေးသောင်းပေးတယ်ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။

“ တစ်ရက်ကို ဖုန်းကောလ်က ရှစ်ကောလ်အထက်မှာရှိတယ်။ လာသမျှဖုန်းတွေက အဲဒီအကြောင်းတွေကိုပဲ မေးတာ” လို့ ဖုန်းလက်ခံဖြေကြားခဲ့တဲ့ ကိုကျော်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကစပြီး အစိုးရက ထောက်ပံ့ကြေးပေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး အငြင်းပွားမှုတွေ ဖြစ်လာတဲ့နောက်မှာတော့ မေးမြန်းစုံစမ်းတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ် (၂)

ရုံးစားပွဲပေါ်မှာရှိတဲ့ စာရွက်စာတမ်းတွေကိုကြည့်ပြီး ကိုအောင်အောင်တစ်ယောက် သက်ပြင်းတစ်ခုကို မှုတ်ထုတ်လိုက်ပါတယ်။

သူ့ရှေ့မှာရှိတဲ့ စာရွက်စာတမ်းတွေထဲမှာတော့ အစိုးရထောက်ပံ့ကြေးရတဲ့သူတွေရဲ့စာရင်းပဲဖြစ်ပါတယ်။ အစိုးရထောက်ပံ့ကြေးပေးတယ်ဆိုတာ ကောင်းတဲ့အလုပ်တစ်ခုဖြစ်ပေမဲ့ ကိုအောင်အောင်အတွက်ကတော့ ရင်ဆိုင်ရမယ့်အခက်အခဲတွေ အများကြီးပါပဲ။

ကိုအောင်အောင်ဆိုတာက ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ်က ရပ်ကွက်တစ်ခုရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

“ ပေးရမယ့်စာရင်းနဲ့ တကယ်လာတောင်းတဲ့စာရင်းတွေက တော်တော်ကွာနေတယ်။ ဘယ်လိုရှင်းရမှန်းတောင် မသိဘူး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားချိန်ကတည်းကစပြီး အစိုးရက ဝင်ငွေနည်းအခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးမှုအစီအစဉ် စတင်ခဲ့ပါတယ်။

ပထမဆုံးထောက်ပံ့မှုကတော့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းကဖြစ်ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန်စတဲ့ ရိက္ခာငါးမျိုးကိုစတင် ထောက်ပံ့ခဲ့ပါတယ်။ အဲဒီအတွက် လူဦးရေ ၅ ဒသမ ၃ သန်းကို ထောက်ပံ့ပေးခဲ့ပြီးတော့ကုန်ကျငွေ ကျပ် ၇၁ ဒသမ ၁၀၃ ဘီလျံရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရိက္ခာငါးမျိုးထောက်ပံ့မှုအစီအစဉ် ရပ်ဆိုင်းခဲ့ပြီး ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို စတင်ခဲ့ပါတယ်။

ထောက်ပံ့ကြေးငွေကျပ်လေး သောင်းမပေးမီအချိန်အထိ အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုက ကျပ်နှစ်သောင်းစီနဲ့ သုံးကြိမ်ရှိခဲ့ပါတယ်။

ငွေကြေးထောက်ပံ့မှုမှာတော့ အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်း အတွက် ကျပ်နှစ်သောင်းစီ ထောက်ပံ့ခဲ့ရာမှာ စုစုပေါင်းကုန်ကျငွေ ကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလျံရှိခဲ့ပါတယ်။ တတိယအကြိမ် ကျပ်နှစ်သောင်းကို ထောက်ပံ့ရာမှာတော့ အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်း ရှိပြီးတော့ ကုန်ကျငွေ ကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလျံရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရအနေနဲ့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ စားသောက်ကုန်ငါးမျိုး ထောက်ပံ့တာ၊ ငွေကြေးထောက်ပံ့တာအပါအဝင် စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံအထိ ကျခံသုံးစွဲခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ကျပ်လေးသောင်းကျပ် ဘယ်လိုပေးတာလဲ

အစိုးရရဲ့ ငွေကြေးထောက်ပ့ံမှု အစီအစဉ် လေးကြိမ်မြောက်မှာတော့ ကျပ်လေးသောင်းကို တိုးမြှင့်ပေးတာဖြစ်ပါတယ်။

အဲဒီထဲမှာ ကျပ်လေးသောင်းကို အကျိုးခံစားခွင့်ရှိတဲ့သူတွေက အခြေခံလူတန်းစားတွေဖြစ်တဲ့ ကျပန်းလုပ်သား၊ ပုံမှန်အလုပ်မရှိတဲ့သူ၊ စတဲ့သတ်မှတ်ချက်တွေရှိပါတယ်။ သတ်မှတ်ချက် ရှစ်ခုနဲ့ ကိုက်ညီသူကို ပေးတာဖြစ်ပြီးတော့ အဓိကကတော့ ဝင်ငွေပုံမှန်မရှိတဲ့သူကို ဦးစားပေးပါတယ်။

ရိက္ခာငါးမျိုးပေးဝေတာနဲ့ ကျပ်နှစ်သောင်း ပေးတုန်းကရခဲ့တဲ့သူတွေကတော့ ဦးစားပေးစာရင်းထဲမှာ ပါခဲ့ပြီးတော့ ကျပ်လေးသောင်းအတွက် စာရင်းကောက်ခံရာမှာတော့ ထပ်တိုးစာရင်းတွေ တင်ခွင့်ပြုတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က ဆိုပါတယ်။

“ အရင်စာရင်းမှာပါတဲ့သူတွေကတော့ အရင်အတိုင်းပဲ။ အခုလေးသောင်းမပေးခင် စာရင်းတွေ ထပ်တောင်းတော့ ထပ်တိုးကို ခွင့်ပြုတယ်” လို့ ဒဂုံအရှေ့မြို့နယ်က ရပ်ကွက်တစ်ခုရဲ့ အုပ်ချုပ်ရေးမှူး ကိုအောင်အောင်က ပြောပါတယ်။

အဲဒီအတွက်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူ့အပိုင်ထဲမှာရှိတဲ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့သူတွေကို စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

“ လမ်းမှူးတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို စာရင်းကောက် ခိုင်းရတာပေါ့။ တချို့ကျတော့လည်း သူနဲ့ နီးစပ်တဲ့သူတွေလည်းပါတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲကဆိုတော့ အုပ်ချုပ်ရေးပိုင်းကလူတော်တော်များများက သိပါတယ်။ အချောသတ်ကျတော့ စားနိုင်သောက်နိုင်တဲ့သူတွေကို မထည့်တော့ဘူး” လို့ ကိုအောင်အောင်က သူလုပ်ကိုင်ခဲ့တဲ့အခြေအနေကို ရှင်းပြပါတယ်။

ရပ်ကွက်ထဲက နောက်တိုးစာရင်းတွေကို တင်ခွင့်ပြုတဲ့အတွက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တင်လိုက်ပါတယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးက ပြန်ကျလာတဲ့စာရင်းတွေမှာ အပယ်ခံရတာတွေရှိလာပါတယ်။

“ နောက်တိုးစာရင်းကို ဥပမာ လူ ၁၅၀ တင်လိုက်ပြီဆို ပြန်ကျလာတာက ၅၀ လောက်ပဲရှိတယ်။ ကျန်တာ ပါမလာဘူး။ ပြဿနာက အဲဒီမှာတင်စတာ” လို့ ကိုအောင်အောင်က ပြောပါတယ်။

ကျပ်လေးသောင်း အငြင်းအခုံ

ရွေးကောက်ပွဲအပြီး လေးရက်မြောက်နေ့မှာ စတင်ခဲ့တဲ့ အခြေခံလူတန်းစားများကို စတုတ္ထအကြိမ် ထောက်ပံ့မှု ကျပ်လေးသောင်းပေးတာကို နိုဝင်ဘာ ၁၂ ရက်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အငြင်းပွားမှုတွေ စတင်ခဲ့တယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။

“စာရင်းတော့လာကောက်သွားတယ်။ အခုထောက်ပံ့ကြေးမရလို့ လာမေးတာ” လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ရပ်ကွက် အပိုင် (၃) မှာ အိမ်ထောင်စုက ၁၈၀၀ လောက်ရှိတယ်။ အဲဒီလောက်ရှိတာကို မရတဲ့လူတွေများတော့ ရုံးကို သွားပြောတော့ ရုံးမှာစာရင်းတင်တာက ၉၀၀ ကျော်ပဲရှိတယ်။ ကျန်တဲ့စာရင်းက ပျောက်နေတာပေါ့။ အုပ်ချုပ်ရေးမှူးကို သွားပြောတော့ အုပ်ချုပ်ရေးမှူးကလည်း ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ တင်ပေးတဲ့အတိုင်း သူက တင်ပေးတယ်ပေ့ါ။ ပါတဲ့ လူရမယ်၊ မပါတဲ့လူမရဘူးပေါ့။ အဲဒီလိုဆိုတော့ ပြန်လာပြီး ရာအိမ်မှူးဆီသွားတာပေါ့။ သွားတော့ ရာအိမ်မှူးက ဘယ်လိုပြောလဲဆိုတော့ သူတို့က စာရင်းအကုန်တင်ပေးလိုက်တယ်တဲ့။ အုပ်ချုပ်ရေးမှူးဆီမှာ ဘယ်လိုဖြစ်လဲ မသိဘူးတဲ့။ အဲဒီတော့ ဟိုပုတ်ဒီပုတ်ပုတ်နေတာပေ့ါ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်နိုင်က ပြောပါတယ်။

အချို့ရပ်ကွက်တွေမှာတော့ အခြေခံလူတန်းစားနည်းတဲ့အတွက်ကြောင့် မူလစာရင်းအတိုင်းပဲ ပြန်ကျလာပေမယ့် တချို့ရပ်ကွက်တွေ မှာက ထပ်တိုးစာရင်းတင်ခွင့်ပြုတဲ့ အချိန်မှာ ပါသွားတဲ့သူတွေက မရတဲ့ အချိန်မှာ အငြင်းပွားမှုတွေ စလာတာဖြစ်ပါတယ်။

အငြင်းပွားမှုတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဖြေရှင်းနိုင်တဲ့အခြေအနေရှိသလို မဖြေရှင်းနိုင်ဘဲ ဒီကနေ့အထိ ငွေကြေးထောက်ပံ့မှု မပေးနိုင်သေးတဲ့ ရပ်ကွက်တွေလည်း ရှိပါသေးတယ်။

“ ရတဲ့ဟာနဲ့ ကိုယ့်ရပ်ကွက်ထဲက စာရင်းကို ပြန်ကြည့်နေရတယ်။ တင်ထားတာရဲ့ တစ်ဝက်လောက် ပါမလာတော့ ရတဲ့ Amount နဲ့ ပေးရမယ့်လူစာရင်းကို ပြန်အချိုးချနေရတယ်” လို့ ကိုအောင်အောင်က ဆိုပါတယ်။

အဲဒီအတွက်ကြောင့် အစိုးရထောက်ပံ့ကြေး ကျပ်လေးသောင်းကို ရပ်ကွက်အချို့မှာ အပြည့်မရတော့ပါဘူး။ အိမ်ထောင်စုအပေါ်ကိုလိုက်ပြီး သုံးသောင်းပဲရတဲ့ အိမ်ထောင်စုရှိသလို နှစ်သောင်းခွဲပဲရတဲ့ အိမ်ထောင်စုလည်း ရှိပါတယ်။ အဲဒီလို ခွဲပေးခဲ့ပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကြောက်ရတဲ့အခြေအနေတစ်ခုလည်းရှိပါတယ်။ အဲဒီအကြောင်းကတော့ ကျပ်လေးသောင်း အပြည့်မရရင် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးကို တိုင်ကြားနိုင်တယ်ဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်။

“ ခွဲခြမ်းရေးသာ လုပ်နေရတာ။ အဲဒါကိုလည်း ကြောက်ရသေးတယ်။ အခုတော့ ရပ်ကွက်တာဝန်ရှိတဲ့သူတွေနဲ့ ညှိပြီး ဝေခြမ်းရေးလုပ်နေတယ်။ တိုင်ချင်လည်း တိုင်ပါစေ” လို့ ကိုအောင်အောင်က ပြောပါတယ်။

အငြင်းပွားမှုဖြစ်နေတာက ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာ တင်မဟုတ်ဘဲ ကျန်တဲ့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှာလည်း ဖြစ်ပွားလျက်ရှိပါတယ်။

“ ကျပ်လေးသောင်းမရတဲ့ရွာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ရွာအပါအဝင် ရွာတွေအများကြီးပါ။ ထောက်ပံ့ကြေးမရပါဘူး။ ရွာမှာရတဲ့သူတွေကျတော့လည်း တစ်အိမ်ကို ကျပ်ခုနစ်ထောင်ပဲရတယ်။ လေးသောင်းမဟုတ်ဘူး လားမေးတော့ လေးသောင်းက ကိုဗစ်ဖြစ်တဲ့ရွာတွေကိုပဲ ပေးတာတဲ့။ ရွာမှာဖြစ်တဲ့သူမရှိလို့ ခုနစ်ထောင်ပဲပေးတာလို့ ပြောတယ်” လို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ နေထိုင်တဲ့သူတစ်ဦးက Weekly Eleven သတင်းဂျာနယ်ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

တချို့နေရာတွေမှာတော့ အိမ်ပိုင်ရှိတဲ့သူ၊ ဆိုင်ပိုင်ရှိတဲ့သူတွေက ထောက်ပံ့ကြေးရတဲ့စာရင်းထဲမှာပါပေမဲ့ အမှန်တကယ်ဝင်ငွေမရှိတဲ့ သူတွေကတော့ ထောက်ပံ့ကြေးမရခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။

“ ကျွန်တော့်လမ်းထဲမှာဆိုရင် အိမ်ဆိုင်လေးဖွင့်ထားတဲ့သူတစ်ယောက်က ထောက်ပံ့ကြေးရပေမဲ့ အလုပ်နားထားရတဲ့ ကျွန်တော်က ထောက်ပံ့ကြေးမရဘူး။ အလုပ်က ကိုဗစ်ဖြစ်ကတည်းက နားနေရတာ” လို့ သန်လျင်မြို့နယ်မှာနေထိုင်တဲ့ ကိုသူရအောင်က ဆိုပါတယ်။

ကိုသူရအောင်လိုအဖြစ်မျိုးတွေက နေရာတိုင်းနီးပါးမှာဖြစ်ပွားနေပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေပြည်သူတွေ အငြင်းအခုံဖြစ်နေတာတွေကတော့ မဆုံးနိုင်သေးတဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။

တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်တွင် အစိုးရကထောက်ပံ့သည့် ကျပ်လေးသောင်းရရှိရန် စောင့်ဆိုင်းနေသူများကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-တာမွေမြို့နယ် ပြည်သူ့ကွန်ရက် Facebook)

ကျပ်လေးသောင်းလား၊ နှစ်သောင်းလားနဲ့ အငြင်းပွားမှုများရဲ့ နောက်ကွယ်

ပထမအကြိမ် ရိက္ခာငါးမျိုး ထောက်ပံ့မှုပေးတဲ့စာရင်းကို အခြေခံထားတဲ့အတွက်ကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်နေတယ်လို့ ဆိုရမှာပါ။

ရိက္ခာငါးမျိုးထောက်ပံ့ဖို့ ရပ်ကွက်နေပြည်သူတွေကို စာရင်းကောက်တဲ့အချိန်က နာရီပိုင်းလေးသာ ရှိပါတယ်။

“ ရက်ကိုတော့ မမှတ်မိတော့ဘူး။ အစည်းအဝေးရှိလို့ဆိုပြီး မြို့နယ်က ၁၀ နာရီလောက်လာခဲ့ပါဆိုပြီး ခေါ်တော့ သွားကြတာပေါ့။ ဟိုကျတော့ တော်ရုံနဲ့ အစည်းအဝေး မစနိုင်ဘူး။ သူ့စောင့်ငါ့စောင့်နဲ့ ၁၁ နာရီ နီးနီးလောက်မှ လုပ်ဖြစ်တယ်။ အဲဒါနဲ့ အစည်းအဝေးမှာ ရပ်ကွက်ထဲက အခြေခံလူတန်းစားစာရင်းတွေ ကောက်ပေးပါ၊ နေ့လယ် ၁ နာရီကို လိုချင်ပါတယ်တောင်းရော။ စဉ်းစားကြည့်လေ။ အဲဒီအချိန်ပိုင်းလေးနဲ့ ဘယ်သူမှ အဆင်မပြေဘူး။ အဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အချိန်တိုးတောင်းတယ်။ ၆ နာရီ အပြီးပေးမယ်ဆိုတော့ မရဘူးတဲ့။ အဲဒါနဲ့ ညှိကြရင်းနဲ့ နောက်ဆုံး ၄ နာရီကို စာရင်းအပြီးသတ်ပေးဖို့ သဘောတူခဲ့ကြတယ်” လို့ ကိုအောင်အောင်က ပြောပါတယ်။

စာရင်းကောက်ရတဲ့အချိန်က မွန်းလွဲပိုင်းဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အခက်တွေ့ခဲ့တာအများကြီး ကြုံခဲ့ရပါတယ်။

“ အဲဒီတုန်းက အလုပ်တွေကလည်း မပိတ်သေးတော့ အလုပ်သွားတဲ့သူနဲ့ တခြားနေရာကို သွားတဲ့သူနဲ့ ဆိုတော့ အိမ်ပေါက်စေ့မရလိုက်ဘူး။ ဘေးအိမ်တွေကို မေးတော့လည်း သေချာမပြောနိုင်ကြဘူး။ အဲဒါနဲ့ရတဲ့ စာရင်းတင်လိုက်တာပေါ့” လို့ ကိုအောင်အောင်က ဆက်ပြောပါတယ်။

ရိက္ခာငါးမျိုးကို ဝေတဲ့အချိန်မှာတော့ သိပ်အခက်အခဲမရှိခဲ့ပါဘူး။ ဘာလို့ဆိုတော့ တချို့ရတဲ့သူတွေကလည်း သူတို့ထက် နွမ်းပါးပြီးစာရင်းထဲမှာ မပါတဲ့သူတွေ၊ စာရင်းထဲပါပေမဲ့ လူများတဲ့အိမ်ထောင်စုတွေကို ပြန်ခွဲဝေပေးတာတွေနဲ့ အဆင်ပြေခဲ့ကြပါတယ်။ ထို့အတူပဲ ကျပ်နှစ်သောင်းထောက်ပ့ံငွေရတဲ့အချိန်မှာလည်း ပြဿနာ သိပ်မထွက်ခဲ့ပါဘူး။

ဒါပေမဲ့ ကျပ်လေးသောင်းပေးတဲ့အချိန်မှာတော့ ပြဿနာတစ်ခုက စပါပြီ။ ကျပ်လေးသောင်း ထောက်ပံ့ကြေး မပေးခင်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို ထပ်တိုးစာရင်းဆိုပြီး လိုက်ကောက်ခိုင်းပါတယ်။ ထပ်တိုးစာရင်းကောက်ခိုင်းတဲ့အတွက်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း လိုက်ကောက်ပြီး မြို့နယ်အဆင့်ကို တင်ပါတယ်။ ဒါပေမဲ့ပြန်ကျလာတဲ့အချိန်မှာ ထပ်တိုးစာရင်းရဲ့ တစ်ဝက်လောက်ပဲ ကျတာတို့၊ သုံးပုံတစ်ပုံလောက်ပဲ စာရင်းထဲပါလာတာတို့ ဖြစ်လာပါတယ်။

“ပထမပေးတာတွေတုန်းကတော့ အဆင်ပြေတယ်။ အခုပေးတာကျတော့ လေးသောင်းဆိုတော့ လူတွေက နည်းနည်းမြင်လာပြီ။ စာရင်းတော့ လာကောက်သွားတယ်။ အခုပေးတာကျတော့ ဘာလို့ပါမလာတာ လဲဆိုတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အများဆုံးအမေးခံရတဲ့မေးခွန်း” လို့ ကိုအောင်အောင်က သူတို့ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပါတယ်။

စာရင်းကောက်တဲ့အချိန်မှာ ပါပြီး ဝေစုပေးတဲ့အချိန်မှာမပါတဲ့ သူတွေအတွက်ကလည်း အုပ်ချုပ်ရေးပိုင်းအပေါ်ကို အမြင်စောင်းလာတဲ့အခြေအနေဖြစ်ပါတယ်။

“ သူတို့( ထောက်ပံ့မှုမရတဲ့သူ) ရဲ့ သဘောက ထောက်ပံ့ကြေးရရင်လည်း သူတို့ကြိုက်တာလုပ်ကြမယ်။ ပြန်လှူတာတွေလည်းရှိတယ်။ စာရင်းနဲ့တော့ ကိုက်တယ်။ ဒါပေမဲ့ လောလောဆယ် အကူအညီမလို အပ်သေးတဲ့အချိန်ဖြစ်တော့ ဒီလေးသောင်းရရင် ပြန်လှူကြမယ့်သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့က စာရင်းထဲမှာ ပါမလာတော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကပဲ ဖြတ်ထားသလိုလို အထင်ခံရတာ” လို့ ကိုအောင်အောင်က ပြောပါတယ်။

အဲဒီလိုပြဿနာတွေ ဖြစ်လာတဲ့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာတင်ထားတဲ့ဖြစ်စဉ်တွေလည်းရှိနေပါပြီ။

“ အစ်ကိုတို့ မြို့နယ်မှာဆို နှစ်ယောက်ရှိတယ်။ နုတ်ထွက်စာတင်ထားတာ။ စာတော့ပြန်မကျသေးဘူး” လို့ ကိုအောင်အောင်က ဆိုပါတယ်။

ရရှိတဲ့ထောက်ပံ့ကြေးကိုအချိုး ကျခွဲဝေနိုင်ဖို့ စီစဉ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရှိသလို မည်သူတွေကို ပေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမပြောနိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ရှိပါတယ်။

“ ဒီဘက်မှာဆိုရင် လူစာရင်း က ၄၃၇ ယောက်ပေါ့။ အဲဒါကို ဘယ်သူတွေကို ပေးလိုက်သလဲ။ စည်းကမ်းချက်တွေကို ကိုက်သလားဆိုတာကို မေးတော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက စာရင်းသေချာမပြနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ကလိုချင်လို့ ပြောတာမဟုတ်ဘူး။ အဲဒီစာရင်းကို အပြည့်ရသလား။ ဒါမှမဟုတ် ဘယ်လိုပုံစံပေးရသလဲဆိုတာ သိချင်တာ” လို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် လေးထောင့်ကန်ရပ်ကွက်မှာ နေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ အစိုးရက ထောက်ပံ့တာ တစ်နိုင်ငံလုံးအနေနဲ့ အိမ်ထောင်စုတစ်စုကို ကျပ်နှစ်သောင်းထောက်ပံ့တာဖြစ်ပြီးတော့ Stay at Home မြို့နယ်တွေကိုတော့ ကျပ်လေးသောင်း ပေးအပ်တာလို့ ပြည်တွင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

“ လေးသောင်းလားနှစ်သောင်းလားဆိုတာကို ဝန်ကြီးရုံးကို မေးကြည့်လိုက်တယ်။ တစ်နိုင်ငံလုံးကို တစ်အိမ်ထောင်ကို နှစ်သောင်းထပ်ပေးတာပါတဲ့။ လေးကြိမ်မြောက်အနေနဲ့။ တချို့ရန်ကုန်က Home Stay နေရာတွေကိုတော့ လေးသောင်းပေးပါတယ်တဲ့” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက MNTV သတင်းဌာနကို ဖြေကြားထားပါတယ်။

အငြင်းပွားမှုတွေဖြစ်နေတာကတော့ သက်ဆိုင်ရာဒေသမှာ တာဝန်ပေးထားတဲ့သူတွေ စာရင်းကောက်ယူမှုအပေါ်မှာ မူတည်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။

“ အဓိကက သူတို့စာရင်းဇယားတွေ ကောက်ယူတဲ့အပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျ။ အစိုးရပေးတာကတော့ တစ်နိုင်ငံလုံးကို နှစ်သောင်းပါပဲ” လို့ ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေက ကိုကိုးကျွန်းက လွဲရင် ကျန်တဲ့မြို့နယ်တွေဖြစ်ပါတယ်။ ထို့အတူပဲ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးစတဲ့ ဒေသတွေမှာလည်း Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေရှိပါတယ်။ အဲဒီဒေသတွေမှာတော့ အိမ်ထောင်စုတစ်စုကို ကျပ်လေးသောင်းရမှာ ဖြစ်ပြီးတော့ ကျန်တဲ့နေရာဒေသတွေကတော့ ကျပ်နှစ်သောင်းစီပဲရရှိမှာ ဖြစ်ပါတယ်။

အငြင်းပွားမှုတွေဖြစ်နေတဲ့ ကျပ်လေးသောင်းကိစ္စကတော့ မဆုံးသေးပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးက တင်ပြတဲ့ စာရင်းကို မြို့နယ်က ဖြတ်ချလိုက်တဲ့အခါမှာတော့ လူတွေရဲ့ ကြားထဲမှာ ထင်ယောင်ထင်မှားဖြစ်စေတာက အဓိကအချက်ပဲဖြစ်ပါတယ်။

ယခင်က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့ လက်အောက်ခံဌာနအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ မြို့နယ်၊ ခရိုင်၊ အဆင့်ဆင့်မှာ အစိုးရက ထောက်ပံ့ခြင်းအစီအစဉ်ကို အဲဒီဌာနက တင်ပြလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပေးဝေမှုတွေ ဆောင်ရွက်ပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရရဲ့ ထောက်ပံ့ခြင်းအစီအစဉ်က အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

“ ရသလောက်တော့ ခွဲဝေပေးရမှာပဲ။ သက်ဆိုင်တဲ့ လမ်းတာဝန်ရှိတဲ့သူတွေကိုလည်း ခေါ်ထားတယ်။ ပိုက်ဆံတွေကိုတော့ မဝေရသေးဘူး။ အခုပုံစံအရဆိုရင်တော့ တစ်အိမ်ထောင်ကို လေးသောင်းတော့ မရတော့ဘူးပေါ့” လို့ ကိုအောင်အောင်က စားပွဲရှေ့မှာရှိနေတဲ့ စာရင်းစာရွက်တွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။

Most Read

Most Recent