ကမ္ဘာတစ်ဝန်း လူတစ်သန်းကျော်သေဆုံးခဲ့သည့် ကပ်ရောဂါနှင့် COVID-19 ကာကွယ်ဆေး မျှော်လင့်ချက်

ကမ္ဘာတစ်ဝန်း လူတစ်သန်းကျော်သေဆုံးခဲ့သည့် ကပ်ရောဂါနှင့် COVID-19 ကာကွယ်ဆေး မျှော်လင့်ချက်
COVID စောင့်ကြည့်လူနာများထားရှိသည့် Quarantine စင်တာများတွင် ကူညီပေးနေသော စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
COVID စောင့်ကြည့်လူနာများထားရှိသည့် Quarantine စင်တာများတွင် ကူညီပေးနေသော စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 15 November 2020
အိသဥ္ဇာကျော် (REF:AFP)

နိုဝင်ဘာ ၁၄ ရက်၌ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၃ သန်းကျော်ရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း၏ လေးပုံတစ်ပုံမှာ ပြီးခဲ့သည့် ရက် ၃၀ ခန့်က ကူးစက်မှုဒုတိယလှိုင်းအတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာန၏ စာရင်းဇယားတွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်ခုနစ်ရက်က ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပျမ်းမျှ ၅၄၀,၀၀၀ ကျော် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်လာခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင်လူ ၁ ဒသမ ၃ သန်းကျော် သေဆုံးခဲ့သည်။

ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်ချိန်တွင် Pfizer ဆေးကုမ္ပဏီ၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ထိရောက်မှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် ဆေးကုမ္ပဏီကြီး Pfizer က ၎င်း၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ထိရောက်ကြောင်း တွေ့ရှိခဲ့ပြီး စျေးကွက်အတွင်း ဖြန့်ချိ၍ ကပ်ရောဂါ အခြေအနေဆိုးကြီးကို အဆုံးသတ်စေရန် မျှော်လင့်ထားကြောင်း နိုဝင်ဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ သန်းအပါအဝင် ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၅၀ ကျော်မြင့်တက်နေသည့်အချိန်တွင် Pfizer ဆေးကုမ္ပဏီကြီးက ၎င်း၏ဗိုင်းရပ်စ်ကာကွယ်ဆေးကို လူလေးသောင်းကျော် စမ်းသပ်ရာ၌ ရာခိုင်နှုန်း ၉၀ ထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပြီး ယင်းရလဒ်သည် အရေးပါသည့် အောင်မြင်မှုမှတ်တိုင်တစ်ရပ်ဖြစ်သည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတွင် ပထမဆုံးပေါ်ပေါက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် တင်းကျပ်သည့် ကန့်သတ်ချက်စည်းမျဉ်းများ ထုတ်ပြန်ခဲ့ကြပြီးနောက် ယင်းသေစေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်မှုသံသရာကို တားမြစ်နိုင်ရန် ထိရောက်သည့် ကာကွယ်ဆေးတစ်ရပ်ထွက်ပေါ်လာရေးသည် အကောင်းဆုံး မျှော်လင့်ချက်တစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက ရှုမြင်ထားကြသည်။

ဥရောပတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန် လူ ၁၀ သန်းကျော် အသွားအလာကန့်သတ်ချက် ထုတ်ပြန်မှုအောက်၌ နေထိုင်ကြရပြီး သန်းနှင့်ချီသည့် စီးပွားရေးလုပ်ငန်းရှင်များမှာ ၎င်းတို့၏ လုပ်ငန်းများကို ပိတ်ထားရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ယင်း ကန့်သတ်ချက်စည်းမျဉ်းများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသော်လည်း ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ၎င်းတို့၏ ပြည်သူများကို ကာကွယ်ပေးနိုင်ရန် ကာကွယ်ဆေး ထွက်ရှိလာမည့်အချိန်ကို မျှော်လင့်နေကြသည်။

“ ကပ်ရောဂါ အခြေအနေဆိုးကြီးက လွတ်မြောက်ပြီး ကမ္ဘာတစ်ဝန်းက လူတွေကို ကူညီဖို့အတွက် ကာကွယ်ဆေးစမ်းသပ်မှုဟာ အောင်မြင်ဖို့နီးစပ်လာပါပြီ” ဟု Pfizer ဥက္ကဋ္ဌ Albert Bourla က ပြောကြားခဲ့သည်။

ဂျာမနီဆေးကုမ္ပဏီ BioNTech နှင့် ပူးပေါင်းထုတ်လုပ်သည့် ယင်းကာကွယ်ဆေးသည် ကမ္ဘာတစ်ဝန်း အလားအလာရှိသည့် ကာကွယ်ဆေး ၄၀ ကျော်တွင် တစ်ခုအပါအဝင်ဖြစ်သော်လည်း အခြားကာကွယ်ဆေးများမှာ ၎င်းတို့၏ ထိရောက်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ အလားတူထုတ်ပြန်ထားခြင်း မရှိသေးပေ။ အမေရိကန်တွင် ယခုလကုန်ပိုင်း၌ ကာကွယ်ဆေးထွက်ရှိနိုင်ရန် နောက်ဆုံးအခက်အခဲကို ကျော်ဖြတ်နိုင်ဖွယ်ရှိပြီး ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးအလုံးရေ သန်း ၅၀ အထိ ထောက်ပံ့သွားနိုင်ပြီး လာမည့်နှစ်တွင် ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၃ ဘီလျံအထိ ထောက်ပံ့ပေးနိုင်မည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

အမေရိကန်သိပ္ပံအဖွဲ့အစည်းကလည်း ယင်းကာကွယ်ဆေးနှင့် ပတ်သက်၍ ထောက်ခံပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်သိုနီဖော်စီကလည်း ၎င်းကာကွယ်ဆေးရလဒ်များမှာ အလွန်ထူးခြားကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကုမ္ပဏီများဖြစ်သည့် Pfizer နှင့် BioNTech တို့မှ ထွက်ရှိလာမည့် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ဝယ်ယူမည့်စာချုပ်ကို လက်မှတ်ရေးထိုးရန် အလွန်နီးစပ်နေသည်ဟု နိုဝင်ဘာ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။

ဥရောပဆေးဘက်ဆိုင်ရာ အေဂျင်စီ (EMA) က Ofizer မှ ကာကွယ်ဆေးကို အတည်ပြုရန် ယင်းကာကွယ်ဆေးစမ်းသပ်မှု အချက်အလက်များကို ယခုအချိန်အထိ လက်ခံရရှိခြင်းမရှိသေးပေ။ သို့သော် ဘရပ်ဆဲလ်သည် ကာကွယ်ဆေးထွက်ရှိနိုင်ဖွယ်ရှိသော ကုမ္ပဏီ အများအပြားမှ သန်းပေါင်းရာချီ ကာကွယ်ဆေးအလုံးရေများ မှာယူထားပြီး Pfizer နှင့် BioNTech ဆေးကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဟု ဆိုခဲ့သည်။ ကာကွယ်ဆေးအလုံးရေသန်း ၃၀၀ အထိမှာယူရန် လက်မှတ်ရေးထိုးသွားမည် ဖြစ်ပြီး ကာကွယ်ဆေး မရခင်အချိန်အတော အတွင်း ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ကြရန် ဗွန်ဒါလီယန်က တွစ်တာတွင် သတိပေးထုတ်ပြန်ခဲ့သည်။  

အလားတူ ရုရှား၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sputnik V သည်လည်း ရာခိုင်နှုန်း ၉၀ ကျော် ထိရောက်မှုရှိကြောင်း အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုမှ စုဆောင်းရရှိသော အချက်အလက်များကို ကိုးကားပြီး ရုရှားကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားထားသည်။

အမေရိကန်ဆေးကုမ္ပဏီကြီး Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့က ၎င်းတို့၏ စမ်းသပ်ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ကျော် ထိရောက်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ရုရှား၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လူအများကို ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံခဲ့ကြသော နိုင်ငံသားများကို စောင့်ကြည့်ပြီး ဆေး၏ထိရောက်မှုကို လေ့လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ သုတေသနဌာနမှ ဒါရိုက်တာ အော့ဆာနာဒရက်ကီနာက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေပြီး နိုဝင်ဘာ ၉ ရက်က ကူးစက်မှုအသစ် ၂၁,၇၉၈ အထိ စံချိန်တင်တွေ့ရှိခဲ့သည်။ အချို့ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် တင်းကျပ်သော အရေးယူဆောင်ရွက်မှုများ ချမှတ်ရန် အာဏာပိုင်များက တောင်းဆိုထားသည်။

အမေရိကန်တွင် နိုဝင်ဘာ ၁၀ ရက်က တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နှစ်သိန်းအထိ စံချိန်တင်ခဲ့ပြီးနောက် ကာကွယ်ဆေး အရေးတကြီးလိုအပ်မှုကို ထင်ရှားစေခဲ့သည်။

ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် တင်းကျပ်သော ထိန်းချုပ်ကန့်သတ်မှုများ ပြဋ္ဌာန်းထားချိန်၊ အမေရိကန်တွင် တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် ၁,၅၃၅ ဦး သေဆုံးချိန်တွင် ဆေးကုမ္ပဏီကြီး Pfizer ၏ ကာကွယ်ဆေးက ရာခိုင်နှုန်း ၉၀ ထိရောက်မှုရှိကြောင်း ထုတ်ပြန်ချက်သတင်းက ကမ္ဘာကို အနည်းငယ် သက်သာရာရစေခဲ့သည်။

ရန်ကုန်တိုင်းအတွင်းမှ ပြန်လည်ထွက်ခွာမည့် အဝေးပြေးကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 ရှိ မရှိ စစ်ဆေးရန် စာရင်းသွင်းနေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

အမေရိကန် ဆေးကုမ္ပဏီကြီး Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့က ၎င်းတို့၏ စမ်းသပ်ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ထိရောက်ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့ပြီးနောက် ကမ္ဘာသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်ဟု မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။

ယမန်နှစ်က တရုတ်တွင် ဗိုင်းရပ်စ် စတင်ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် တင်းကျပ်သော ထိန်းချုပ်မှုများ ချမှတ်ဆောင်ရွက်ခြင်း၊ ဗိုင်းရပ်စ်ကူးစက်မှု ကျယ်ပြန့်နေခြင်းတို့ကို ရပ်တန့်ရန်အတွက် ကာကွယ်ဆေးက အကောင်းဆုံးက အခွင့်အရေးဟု ရှုမြင်ထားကြသည်။

ကာကွယ်ဆေးအတွက် ခွင့်ပြုချက်များ ရရှိပါက ယခုနှစ်အတွင်း သန်း ၅၀ အထိနှင့် ရှေ့နှစ်တွင် ၁ ဒသမ ၃ ဘီလျံအထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း Pfizer နှင့် BioNTech တို့က ပြောကြားခဲ့သည်။

Pfizer ၏ကာကွယ်ဆေး စမ်းသပ်မှုသည် ဆောင်ရွက်နေဆဲဖြစ်ပြီး ကာကွယ်ဆေးကို အထူးအေးခဲ သေတ္တာများနှင့် သိမ်းဆည်းရန် လိုအပ်ခြင်းကြောင့် ဖြန့်ဖြူးရေးအတွက် ကြီးမားသောအဆင့်များ လိုအပ်နိုင်သော်လည်း သိပ္ပံပညာ ပညာရပ်ဝန်းက ကာကွယ်ဆေးကို အပြုသဘောနှင့် လက်ခံခဲ့ကြသည်။

နောက်ဆုံးအဆင့် စမ်းသပ်မှုကို ဆောင်ရွက်နေသော ကာကွယ်ဆေး ၁၀ မျိုးကျော်အနက် Pfizer ၏ကာကွယ်ဆေးက အစွမ်းထိရောက်မှုကို ပြသနိုင်ခဲ့သော ဆေးဖြစ်ခဲ့ပြီး အခြားကာကွယ်ဆေးများက အလားတူ ကြေညာချက် မထုတ်ပြန်သေးပေ။

ဘရာဇီးနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တတိယ အဆင့်စမ်းသပ်မှုကို နှစ်ရက်ကြာ ဆိုင်းငံ့ခဲ့ပြီးနောက် ပြန်လည်လုပ်ဆောင်ရန် အစိုးရကျန်းမာရေး အာဏာပိုင်များက နိုဝင်ဘာ ၁၁ ရက်၌ ခွင့်ပြုချက်ထုတ်ပြန်ခဲ့သည်။

CoronaVac ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်ခံတစ်ဦးတွင် ဆိုးရွားသည့်အခြေအနေ ကြုံတွေ့ခဲ့ပြီးနောက် စမ်းသပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ယင်းအခြေအနေနှင့်ပတ်သက်သည့် အချက်အလက် အသေးစိတ်ကို လက်ခံရရှိခဲ့သည်ဟု ဘရာဇီးအစိုးရ ကျန်းမာရေး စုံစမ်းထောက်လှမ်းရေးအေဂျင်စီ Anvisa က ထုတ်ပြန်ခဲ့သည်။ ကာကွယ်ဆေးကို ပြန်လည်စမ်းသပ်ခွင့်ပြုရန် လုံလောက်သည့် သတင်းအချက်အလက်များ ရရှိခဲ့သည်ဟု ၎င်းက ဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ Sinovac Biotech ဆေးကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို လူတစ်သောင်းနီးပါးနှင့် စမ်းသပ်နေပြီး ဆော်ပိုလိုပြည်နယ်က ယင်းကာကွယ်ဆေး ၄၆ သန်း ဝယ်ယူရန် Sinovac ကုမ္ပဏီနှင့် သဘောတူထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးရရှိသည်နှင့် ထိုးနှံနိုင်ရန် အိန္ဒိယ၊ ရုရှား၊ တရုတ်နိုင်ငံတို့နှင့် သံတမန်နည်းလမ်းအရ ချိတ်ဆက်ထားပြီး ကျန်းမာရေးဝန်ထမ်းများ အပါအဝင် အန္တရာယ်ရှိသည့် လူအုပ်စုများကို ဦးစားပေးထိုးနှံရန် ပြင်ဆင်ထားကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကာကွယ်ဆေးရရှိလာပါက မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် အန္တရာယ်ရှိသည့် လူအုပ်စုများကို ဦးစားပေးထိုးနှံရန် ကြိုတင်ဆောင်ရွက်ထားသည်ဟု သိရသည်။ ထို့ကြောင့် ယင်းအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် ကျန်းမာရေးဝန်ထမ်းစာရင်းကို ကောက်ခံလျက်ရှိပြီး ကာကွယ်ဆေးရောက်ရှိလာလျှင် ထိုးနှံနိုင်ရေး အဆင်သင့်ဖြစ်စေရန်ရည်ရွယ်ထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် COVAX အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ကို WHO, GAVI, EPI အစီအစဉ်ဖြင့် နိုင်ငံ၏ ထည့်ဝင်ငွေအနည်းငယ်ဖြင့် ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ကာကွယ်ဆေးရရှိသည်နှင့် ထိုးနှံနိုင်ရန်အတွက် အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် သံတမန်နည်းလမ်းအရ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း COVID-19 ကာကွယ်ဆေးရရှိရန် နိုင်ငံတကာမှ စမ်းသပ်နေမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်တို့ စောင့်ကြည့်လေ့လာနေသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသား အဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ (NIT AG) နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ COVID-19 ကာကွယ်ဆေးများ စမ်းသပ်နေမှု သတင်းအခြေအနေများကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကာကွယ်ဆေး အမျိုးမျိုးကိုလည်း စမ်းသပ်လျက်ရှိပြီး မည်သည့်ကာကွယ်ဆေးမျှ Phase-3 Clinical Trial ကို ပြီးမြောက်ခြင်းမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

COVAX Facility ၏ COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသောစျေးနှုန်းဖြင့် အချိုးကျ ဝယ်ယူနိုင်မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အကျုံးဝင် ပါဝင်ကြောင်း၊ ၊ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေးရရှိစေရေး ပံ့ပိုးမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ်ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးရရှိရေးအလေးထား ဆွေးနွေးထားသည်ဟု နိုဝင်ဘာ ၁၁ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှု ဗဟိုအဆင့်အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိလာပါက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee-CNCC)၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (NITAG) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group) များကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များထံမှ အကြံပြုချက်များရယူကာ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရာနှုန်းပြည့် အာမခံချက်ရှိပြီး အတည်ပြုချက်ရှိသည့် COVID-19 ကာကွယ်ဆေး မပေါ်သေးသော်လည်း ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများက အပြိုင်အဆိုင်ဝယ်ယူရန် အားခဲထားကြသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးရွေးချယ်ရာတွင် ရောဂါကာကွယ်နိုင်စွမ်းရည် ထက်မြက်မှု၊ အရည်အသွေးပြည့်ဝမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စသည့်အချက်များကို သိပ္ပံနည်းကျ အထောက်အထား ခိုင်လုံမှုရှိစွာဖြင့် လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

Most Read

Most Recent