လွတ်လပ်မှန်ကန်မျှတသည့် ဒီမိုကရေစီအတွက် အစဉ်အလာဆိုးများ နောင်ရွေးကောက်ပွဲများအထိ ဓလေ့စရိုက်ဆိုးများအဖြစ်ပါ သွားမည်စိုး၍ ကန့်ကွက်နေရခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

လွတ်လပ်မှန်ကန်မျှတသည့် ဒီမိုကရေစီအတွက် အစဉ်အလာဆိုးများ နောင်ရွေးကောက်ပွဲများအထိ ဓလေ့စရိုက်ဆိုးများအဖြစ်ပါ သွားမည်စိုး၍ ကန့်ကွက်နေရခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား
ဓာတ်ပုံ - Khin Yi Facebook
ဓာတ်ပုံ - Khin Yi Facebook
Published 14 November 2020
ပြည့်ဖြိုးအောင်

လွတ်လပ်မှန်ကန်မျှတသည့် ဒီမိုကရေစီအတွက် အစဉ်အလာဆိုးများ၊ နောင်ရွေးကောက်ပွဲများအထိ ဓလေ့စရိုက်ဆိုးများအဖြစ် ပါသွားမည်စိုး၍ ကန့်ကွက်နေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်က ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးအပေါ် ခြုံငုံသုံးသပ်၍ ပြောကြားရာတွင် ဦးခင်ရီက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်အတွက်၊ ပြည်သူအတွက် လွတ်လပ်မှန်ကန်မျှတတဲ့ ဒီမိုကရေစီအတွက် အစဉ်အလာဆိုးတွေ နောင်အနာဂတ် ရွေးကောက်ပွဲတွေအထိ ဓလေ့စရိုက်ဆိုးတွေအနေနဲ့ ပါသွားမှာဆိုးလို့ ကျွန်တော်တို့ ကန့်ကွက်နေရတာပါ။ အမှားလုပ်ရပ်တွေကို ကျွန်တော်တို့က မဆန့်ကျင်ရင် ဘယ်သူတွေက ဆန့်ကျင်မှာလဲ။ နိုင်ငံရေးပါတီတွေက မဆန့်ကျင်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက ဆန့်ကျင်ကြမှာလဲ။ အတိုက်အခံပါတီလို့ သတ်မှတ်ထားတဲ့ကျွန်တော်တို့ကမှ ထောက်မပြရင် ဘယ်လိုလူတွေက အဓိကတာဝန်ယူပြီးတော့ ထောက်ပြသွားကြမှာလဲ။ ဒါတွေ ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ အဲဒီတော့ ပါတီကို တစ်ဖက်ကလည်း အနစ်နာခံ၊ ကိုယ်ကျိုးစွန့်အားပေးခဲ့ကြတဲ့ ၀ိုင်းရံပေးခဲ့ကြတဲ့သူတွေ၊ အမှန်တရားလိုလား မြတ်နိုးကြတဲ့ မိဘပြည်သူတွေအားလုံးကိုလည်း လေးစားပါတယ်။ အဲဒီလို မမှန်တဲ့ တရားမဲ့ ပြုကျင့်မှုကို မလိုလားတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုး၊ အကျင့်ဆိုး၊ လုပ်ရပ်ဆိုးတွေကို မလိုလားသူတိုင်း ကျွန်တော်တို့ စောစောက ပြောခဲ့တဲ့အတိုင်း အမှန်တရားကိုမြတ်နိုးကြတဲ့ မိဘပြည်သူတွေအားလုံးဟာလည်း ဒီစနစ်ဆိုးတွေကို ကျွန်တော်တို့နိုင်ငံမှာ အဆုံးသတ်သွားနိုင်အောင် ကျွန်တော်တို့ကို ၀ိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ၊ ကျွန်တော်တို့ကလည်း ဒီစနစ်ဆိုးတွေ၊ စရိုက်ဆိုးတွေကို ကျွန်တော်တို့ရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ ရွေးကောက်ပွဲစနစ်မှာ ကျန်ရှိမနေစေဖို့အတွက် အစွန်းဆုံးအထိရောက်အောင် ရေဆုံးမြေဆုံး ကျွန်တော်တို့ ရှင်းလင်းဆောင်ရွက်ပေးပါ့မယ်လို့ ကတိပြုပြောကြားလိုပါတယ်” ဟု ဦးခင်ရီက ပြောကြားသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးနှင့်ပက်သက်ပြီး ရှုထောင့် အမျိုးမျိုးအမြင်အမျိုးမျိုးမှ ပြောဆိုဝေဖန်ထောက်ပြမှုများ ကြားနေရကြောင်း၊ အထူးသဖြင့် မိမိပါတီနှင့်ပတ်သက်ပြီး အရှုံးကို လက်မခံနိုင်ဘူူးဟု စသဖြင့် အမြင်ရှုထောင့်မျိုးက ပြောနေခြင်းများ ကြားရကြောင်း ၎င်းက ပြောကြားသည်။

“၂၀၁၅အခြေအနေကို ပြန်ကြည့်မယ်ဆိုပါစို့။ ၂၀၁၅ ရဲ့ရွေးကောက်ပွဲရလဒ်အပေါ်မှာ ကျွန်တော်တို့ပါတီအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်တို့ခံယူတယ်။ ယူဆတယ်။ ဒါကြောင့် UEC ကိုရော ပါတီကိုရော ဘာမှစောဒကတက်ခဲ့တာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီကာလတုန်းက မဲစာရင်းစစ်ဆေးမှုတွေ၊ မဲစာရင်းဖြန့်ဝေမှုတွေ၊ မဲစာရင်းစာရွက်တွေရဲ့ Quality အရည်အသွေးတွေ၊ တန်းတူညီမျှမှုရှိတဲ့ ပါတီစည်းရုံးရေး လုပ်ငန်းတွေကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယူဆတယ်။ ဒါကြောင့်မို့လို့ တကယ့်ကိုတည် ငြိမ်အေးချမ်း သိက္ခာရှိ မှန်ကန်တဲ့ သမိုင်းဝင်အစိုးရအဖွဲ့ အလွှဲအပြောင်းတစ်ရပ်ကို သေသေချာချာဆောင်ရွက်ခဲ့တာ အားလုံးအသိပါ။ ဒါသိပ်မဝေးလှသေးတဲ့ အတိတ်သမိုင်းကြောင်းမှာ ရှိနေဆဲပါ” ဟု ဦးခင်ရီက ပြောကြားသည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်ထွန်းပေါ်ပေါက်လာရန် Key Player အနေဖြင့် ပါဝင်ရမည့်နိုင်ငံရေးပါတီများနှင့် သမာသမတ်ရှိသည့် ဒိုင်အဖြစ် ဆောင်ရွက်မည့် UEC နှင့် မည်မျှတွေ့ခွင့်ရခဲ့သည်၊ မည်မျှ ပွင့်ပွင့်လင်းလင်းတင်ပြခွင့်ရခဲ့ကြသည်၊ မည်မျှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်၊ မြေပြင်တွင်ဖြစ်နေသည့် အခြေအနေမှန်များအပေါ် UEC အနေဖြင့် မည်မျှဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်နှင့် မည်မျှအထိ ကျေနပ်နှစ်သက်မှုရှိခဲ့သည်ဆိုသည်ကို စဉ်းစားကြည့်၍ရကြောင်း ၎င်းက ဆိုသည်။

“ နောက်တစ်ချက်က ဒီ ၂၀၂၀ မှာ မဲ လက်မှတ်တွေဆိုပါစို့၊ မဲလက်မှတ်ရိုက်နှိပ်မှုနဲ့ပတ်သက်ပြီးတော့ ထုံးတမ်းအစဉ်လာအတိုင်း ရန်ကုန်မှာ နှစ်နေရာမှာ ရိုက်တယ်။ နေပြည်တော်မှာ နှစ်နေရာမှာရိုက်တယ်။ အရင် ၂၀၁၅ တုန်းကတော့ Jimmy Carter Foundation လို နာမည်ကြီး Foundation မျိုးက စောင့်ကြည့်တယ်၊ အခြားသော NGO တွေ၊ နိုင်ငံရေးပါတီများလည်း ပါတယ်။ ယနေ့ဘယ် NGO မှမပါဘူး၊ ဘယ်နိုင်ငံရေး ပါတီမှမပါဘူး၊ ဘယ်လောက်ရိုက်လည်း ကျွန်တော်တို့ မသိဘူး။ Distribution ပေါ့။ ဖြန့်ဖြူးခြင်းနဲ့ပတ်သက်ပြီး တိုင်းကို ဘယ်လောက်ပေးသလဲ။ တိုင်းကနေ ခရိုင်ကို ဘယ်လောက်ပေးသလဲ။ ခရိုင်ကနေမြို့နယ်ကို ဘယ်လောက်ပေးသလဲ စသည်ဖြင့် ဒါတွေ ကျွန်တော်တို့မသိဘူး။ အဲဒီတော့ မဲဘယ်လောက်ပိုရိုက်သလဲ။ ပျောက်ပျက်အတွက် ပျက်ဆီးဆုံးရှုံးတဲ့နှုန်း ဘယ်လောက်ထားသလဲ။ တကယ်ရိုက်တာနဲ့ အခုရိုက်တဲ့ လက်ကျန်ဘယ်လောက်လဲ။ ဒါတွေကျွန်တော်တို့ မသိဘူး။ အဲဒီတော့ ပွင့်လင်းမြင်သာမှုအပိုင်းနဲ့ ကြည့်လို့ ရှိရင် ဒါအားနည်းတယ်။ ဒါအရေးကြီးတဲ့အလှည့်အပြောင်းတစ်ရပ်အတွက် မသိမဖြစ်ကိစ္စရပ်တွေကို ကျွန်တော်တို့ မသိခဲ့ရဘူး” ဟု ဦးခင်ရီက ပြောကြားသည်။

မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်ပြီး COVID-19 ကာလဖြစ်၍ Stay at Home နေရာများတွင် မဲဆွယ်စည်းရုံးရေး အခွင့်အရေးအပြည့်အဝမရခဲ့ဘဲ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အာဏာရပါတီအနေဖြင့် မြေပြင်တွင် လုပ်ပိုင်ခွင့်အများအပြားရှိပြီး နိုင်ငံတော်ထောက်ပံ့ငွေများကို အချို့မဲဆွယ်စည်းရုံးများတွင် တစ်ဖက်လှည့်ဖြင့် ဆောင်ရွက်မှုများကို လူမှုကွန်ရက်များတွင် ရှိခဲ့ကြောင်း၊ ထို့ပြင် မဲစာရင်းထုတ်ပြန်မှုများကို မစစ်ဆေးနိုင်သည့်အတွက် မဲပေးသူမည်မျှရှိကြောင်း မသိရှိရဘဲ ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့ရကြောင်း ဦးခင်ရီက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရဲစခန်းကိုတိုင်ထားသည့် မတရားမဲ့ပြုကျင့်မှု ၈၀ ကျော်နှင့် UEC သို့ တိုင်ထားမှု ၅၅၀ ကျော်ခန့်ရှိကြောင်း ဦးခင်ရီက ပြောကြားသည်။

Most Read

Most Recent