အာဆီယံနှင့် နိုင်ငံတော်လုံခြုံရေးသဘောတရား

အာဆီယံနှင့် နိုင်ငံတော်လုံခြုံရေးသဘောတရား
Published 12 November 2020

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သည့် တင်းမာမှုများကို ဖြေရှင်းရန်နှင့် အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှု မြင့်တက်ခဲ့သည့် ဒေသတွင်း ကပ်ရောဂါအလွန် စီးပွားရေးနာလန်ထူရေးတို့အတွက် အရှေ့တောင်အာရှခေါင်းဆောင်များသည် အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်သည့် အာဆီယံအစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်က စတင်ပြုလုပ်ခဲ့သည်။ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့တွင် စိန်ခေါ်မှုများကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် တည်ငြိမ်မှု ပျက်ပြားသွားမည်မဟုတ်ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ပြုလုပ်သည့် ၃၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးတွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဟွမ်ဖုက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

“ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်ကစပြီး ရာစုနှစ်တစ်ခုရဲ့ လေးပုံသုံးပုံ ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့လည်း ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အမှန်တကယ် ထိန်းမထားနိုင်သေးပါဘူး” ဟု ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရသည့် ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ “ဒီနှစ်မှာတော့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ မခန့်မှန်းနိုင်လောက်တဲ့ လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်တွေရဲ့ ရလဒ်ကြောင့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ ပိုပြီး ခြိမ်းခြောက်ခံနေရပါတယ်” ဟု ငုယင်ဟွမ်ဖုက ပြောကြားခဲ့သည်။ အစည်းအဝေးအစီအစဉ်အရ တရုတ်နှင့် ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုများ မြင့်တက်နေသည့် တောင်တရုတ်ပင်လယ်အရေးသည် အဓိကဆွေးနွေးမည့် အကြောင်းအရာ ဖြစ်နေသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အထူးသီးသန့်စီးပွားရေးဇုန်၊ ပါရာဆဲကျွန်းများနှင့် စပရက်တလေ ကျွန်းများအပါအဝင် တောင်တရုတ်ပင်လယ်၏ ရာခိုင်နှုန်း ၈၀  ကို ၎င်းက ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အထူးသီးသန့် စီးပွားရေးဇုန်များကိုလည်း တရုတ်က လွှမ်းမိုးထားသည်။ သြဂုတ်လအတွင်းက အမေရိကန်သည် တောင်တရုတ် ပင်လယ်သို့ စစ်သင်္ဘောများ စေလွှတ်ခြင်းဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တောင်တရုတ် ပင်လယ်အတွင်း စစ်ရေးအရ အသုံးပြုနေသည့် ကျွန်းတုများတည်ဆောက်မှုတွင် ပါဝင်မှုဖြင့် တရုတ်အဖွဲ့အစည်း ၂၄ ခုကို အမည်ပျက်စာရင်း သွင်းခဲ့သည်။

အာဆီယံခေါင်းဆောင်များသည် နိုဝင်ဘာ ၁၅ ရက်တွင်လည်း ဒေသတွင်း ပြည့်စုံသော စီးပွားရေးမိတ်ဖက်ဆက်ဆံရေး ကုန်သွယ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားပြီး ယင်းစာချုပ်သည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက် ဖြစ်လာမည်ဖြစ်သည်။ ယင်းစာချုပ်လက်မှတ်ရေးထိုးမှုသည် အမေရိကန်တွင် သမ္မတရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး တင်းမာမှုများဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဒေသတွင်း အမေရိကန်အစိုးရ၏ ပါဝင်ပတ်သက်မှုအပေါ် မေးခွန်းများထွက်ပေါ်ခဲ့ပြီး အရှေ့တောင်အာရှ၊ ဂျပန်၊ ကိုရီးယားတို့နှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံမှု အားကောင်းနေသည့် တရုတ်နိုင်ငံ၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေဖွယ်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံတော်လုံခြုံရေး သဘောတရားက လွန်စွာအရေးပါသည်။ အစိုးရအဖွဲ့တစ်ရပ်အနေဖြင့် လွှတ်တော်များနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားများကို နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအစရှိသော သြဇာအာဏာအမျိုးမျိုးမှတစ်ဆင့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အကျပ်အတည်းများနှင့် ပဋိပက္ခ အမျိုးအစားအားလုံးမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရမည်မှာ နိုင်ငံတော်လုံခြုံရေး သဘောတရားဖြစ်သည်။ ယင်းသဘောတရားသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အားလုံးတွင် စတင်ဖွံ့ဖြိုးလာသည့် သဘောတရားဖြစ်သည်။ အစောပိုင်းတွင် စစ်အင်အားအပေါ်၌သာ အဓိကထားသော်လည်း ယခုအခါ အတိုင်းအတာ ကျယ်ပြောလှသည့် မျက်နှာစာအသီးသီး ပါဝင်၍လာသည်။ စစ်ရေးမဟုတ်သော မျက်နှာစာ၌ နိုင်ငံတော်စီးပွားရေးလုံခြုံမှုနှင့် တစ်မျိုးသားလုံးက ထောက်ခံအားပေးထားသော စံတန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရေးလည်း ပါဝင်သည်။

နိုင်ငံတော်လုံခြုံရေးကို ပိုင်ဆိုင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးလုံခြုံမှု၊ စွမ်းအင်လုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှု အစရှိသည်တို့ကို ပိုင်ဆိုင်ရန် လိုအပ်သည်။ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများထဲတွင် အခြားနိုင်ငံများကဲ့သို့သော အစဉ်အလာအားဖြင့် ရှိနေသည့် ရန်သူများအပြင် နိုင်ငံအနေဖြင့်မဟုတ်သော အကြမ်းဖက်များ၊ မူးယစ်ဆေးဂိုဏ်းများ၊ နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့များနှင့် အစိုးရမဟုတ်သည့် အဖွဲ့များလည်း ပါဝင်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည့် သဘာဝဘေးအန္တရာယ်များနှင့် ဖြစ်ရပ်များသည်လည်း ခြိမ်းခြောက်မှုများထဲ၌ ပါဝင်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ပတ်သက်မှုများစွာရှိနေသော နိုင်ငံဖြစ်သည်။ တောင်တရုတ်ပင်လယ်အရေး၌ တရုတ်နှင့် အငြင်းပွားနေသော နိုင်ငံများထဲ၌ အာဆီယံနိုင်ငံများစွာ ပါဝင်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်များသည် မြန်မာနိုင်ငံအပေါ်သို့လည်း ကြီးမားသည့် ရိုက်ခတ်ချက်များ ရှိလာနိုင်သည်ကို သတိပြုရန်လိုအပ်ပါကြောင်းနှင့် မည်သည့်အခြေအနေ၌မဆို မိမိတို့နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး သဘောတရားအပေါ်တွင်သာ အခြေပြု ရပ်တည်ရမည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent