ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၁ သိန်းကျော်အနက် ကြိုတင်မဲ ၈၆၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌပြောကြား

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၁ သိန်းကျော်အနက် ကြိုတင်မဲ ၈၆၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌပြောကြား
Published 9 November 2020
ကြည်နိုင်၊အောင်မျိုးသန့်၊သီဟအောင်၊မျိုးထက်ပိုင်၊ မျိုးထွန်း

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၁ သိန်းကျော်အနက် ကြိုတင်မဲ ၈ သိန်း ၆ သောင်းကျော် ရရှိခဲ့ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က နိုဝင်ဘာ ၉ ရက်က မဲရလဒ်များ ကြေညာရာတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာများမှာ ပြည်သူ့လွှတ်တော် ၄၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၉၀ နေရာ၊ တိုင်းရင်းသား နှစ်နေရာ စုစုပေါင်း ကိုယ်စားလှယ်စုစုပေါင်းနေရာ ၁၄၉ နေရာရှိကြောင်း သိရသည်။

အဆိုပါ နေရာ ၁၄၉ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၈၀၁ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၁၁ ဦး စုစုပေါင်း ၈၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က “ ရန်ကုန်တိုင်းမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၁၃၆၅၄၆ ဦး ရှိပါတယ်။ အဲဒီမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီစုစုပေါင်း ၄၂ ပါတီ ရှိပါတယ်။ တစ်သီးပုဂ္ဂလက ၃၂ ဦး ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် နေရာကတော့ ပြည်သူ့လွှတ်တော်အပါ ၄၅ နေရာ ရှိပါတယ်။ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာ ရှိပါတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာ ၉၀ ရှိပါတယ်။ တိုင်းရင်းသား နှစ်နေရာ ရှိပါတယ်။ အဲလိုရှိတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း စုစုပေါင်း ၈၀၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ တိုင်းရင်သားကိုယ်စားလှယ် ၁၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ အဲလိုယှဉ်ပြိုင်တဲ့နေရာမှာ ကြိုတင်မဲကတော့ ၈၆၂၈၇၈ ဦး ကြိုတင်မဲရရှိခဲ့ပါတယ် ” ဟု မီဒီယာများအား ပြောကြားခဲ့သည်။

ရန်ကုန်တိုင်ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ ရွေးကောက်ပွဲ မဲရလဒ်များကို နံနက် ၉ နာရီမှ စတင်ကာ နေ့လည် ၃ နာရီ၊ မွန်းလွဲ ၃ နာရီ၊ ညနေ ၆ နာရီ၊ ည ၉ နာရီနှင့် ည ၁၂ နာရီ သုံးနာရီခြားတစ်ခါ မြို့နယ်များကုန်သည်အထိ နေ့စဉ်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent