၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်၌ တတိယအကြိမ် ပြုလုပ်သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးခဲ့ကြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်၌ တတိယအကြိမ် ပြုလုပ်သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးခဲ့ကြ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအနှံ့မှ ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအနှံ့မှ ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
Published 8 November 2020
ဆန်းမိုးထွန်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်၌ တတိယအကြိမ်ပြုလုပ်သည့်  ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။ 

ယခုရွေးကောက်ပွဲသည် ဒီမိုကရေစီ အစိုးရ (ခေါ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက တာဝန်ယူကျင်းပပေးသည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID ကပ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေသော်လည်း ပြည်သူများအနေဖြင့် ကပ် ရောဂါကာလအတွင်း စိတ်ဝင်တစားဖြင့် လာရောက်မဲပေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအနှံ့မှ ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်

နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နံနက် ၆ နာရီမှစ၍ မဲရုံများဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံအနှံ့တွင် မဲဆန္ဒရှင်ပြည်သူများက မဲပေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ မဲပေးသူများထဲတွင် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် မဲဆန္ဒရှင်ပြည်သူများက လာရောက်မဲပေးကြသည်ကို တွေ့ရှိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအနှံ့မှ ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်

နေပြည်တော် ဇေယျာသီရိမြို့ အနော်ရထာရပ်ကွက်ရှိ မဲရုံအမှတ် (၁) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာရောက်၍ ဆန္ဒမဲပေးခဲ့သည်။

ထိုသို့ ဆန္ဒမဲလာရောက်ပေးရာတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒနှင့် ထွက်ပေါ်လာသည့်ရလဒ်ကို လက်ခံရမည်ဖြစ်ပြီး နိုင်ငံသားများ ခံစားနေရသည့် သောကနှင့် ဒေါသများကို ဖြေသိမ့်နိုင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်က ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ် လာတဲ့ရလဒ်ကို လက်ခံရမှာပဲ။ ဒါက ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ လက်ခံရမှာ။ နောက် နိုင်ငံသူနိုင်ငံသားတွေရဲ့ ခံစားရတဲ့ သောက၊ ဒေါသတွေကို ဘယ်လိုဖြေသိမ့်၊ ဖြေသိမ့်ဖို့ အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လို ပါလိမ့်မယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်၊ နိုင်ငံသူနိုင်ငံသားတွေ ခံစားနေတဲ့ သောကတွေ၊ ဒီသောက တွေကို ဖြေသိမ့်နိုင်ဖို့ အရေးကြီးပါတယ်”  ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

ထို့ပြင် အမျိုးဘာသာ၊ သာသနာ၊ ပညာကို အလေးထားသည့်ပါတီ၊ တပ်မတော်နှင့် လက်တွဲလို့ရသည့် ပါတီကို ဆန္ဒမဲပေးခဲ့ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ကျွန်တော် ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အတူတကွ မဲပေးချင်လို့ ဒါကြောင့် ဒီနေ့မှ မဲလာပေးတာပါ။ ကျွန်တော် ကတော့ အမျိုးဘာသာ၊ သာသနာ၊ ပညာ ဒီ အပေါ်မှာ အလေးထားတဲ့ပါတီ၊ နောက်တစ်ခါ ဒီတာဝန်အရေးသုံးပါးကို အရေးထားတဲ့ ပါတီ၊ ကျွန်တော် အမြဲတမ်းပြောတယ်။ ကျွန်တော်တို့ တပ်မတော်နဲ့ လက်တွဲပြီး လုပ်လို့ရတဲ့ပါတီမျိုးကို ကျွန်တော်ရွေးချယ်ပြီး မဲပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မယ်လို့လည်း ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဆန္ဒမဲပေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့်  နယ်စပ်ရေးရာဝန်ကြီး အစရှိသည့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကလည်း မဲပေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအနှံ့မှ ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်

ထို့ပြင် နိုင်ရေးပါတီအသီးသီးမှ ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကလည်း သက်ဆိုင်ရာ မဲရုံများတွင် လာရောက် မဲပေးခဲ့ကြသည်။

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးအနေဖြင့် ရန်ကုန်မြို့ တောင်ဥက္ကလာပမဲဆန္ဒနယ်တွင် နိုဝင်ဘာ ၈ ရက်က လာရောက်၍ ဆန္ဒ မဲပေးခဲ့သည်။ ဦးကိုကိုကြီးသည် တောင်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းလည်း ဖြစ်သည်။

မဲရုံဖွင့်ချိန်တွင် ဦးကိုကိုကြီးအနေဖြင့် တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက် မဲရုံ အမှတ် (၃) ၌ ရပ်ကွက်နေ မဲဆန္ဒရှင်များနှင့် အတူ တန်းစီ၍  မဲပေးခဲ့သည်။

ထို့အတူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကလည်း ကမာရွတ်မြို့နယ် အ.ထ.က (၁) ကျောင်းတွင် နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲခန့်က လာရောက်၍ ဆန္ဒမဲပေးခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါက်တာသက်သက်ခိုင်သည် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ဝင် ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း အဆိုပါကျောင်းရှိ မဲရုံတွင်ပင် ဆန္ဒမဲပေးခဲ့ ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအနှံ့မှ ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်

သို့သော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့မှာမူ အောက်တိုဘာ ၂၉ ရက်တွင် ကြိုတင်မဲပေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် COVID-19 အခြေအနေ ကြောင့် နေရပ်ပြန် မဲမပေးနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ(၁၅) ဖြင့် ကြိုတင်ဆန္ဒ မဲပေးခွင့် လျှောက်ထား၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲပေးခဲ့ကြခြင်း ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာမူ ဗဟန်းမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ မူလတန်းလွန်ကျောင်း မဲရုံအမှတ်(၂)တွင် ကြို တင်မဲ လာရောက်ပေးခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်သည် COVID ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း ကျင်း ပရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲရုံများကို COVID စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့ သော်လည်း အချို့မဲရုံများမှာမူ COVID စည်းကမ်းချက်နှင့်အညီ လုပ်ဆောင်နိုင်မှု အားနည်းကြောင်းကို တွေ့ရှိရသည်။

ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံလေးရုံ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးရန်လာရောက်စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ထို့ပြင် မဲရုံများတွင် COVID စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ရ သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးရာ၌ အချိန်မကြာမြင့်သော်လည်း မဲပေးရန် စောင့်ဆိုင်းရသည့်အချိန်မှာ တစ်နာရီမှ နှစ်နာရီအထိ ကြာမြင့်သည့်အတွက် မဲ ဆန္ဒရှင်များမှာ အဆင်မပြေမှုအချို့ရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပချိန်သည် COVID ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် လာရောက်မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ လျော့နည်းနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသော်လည်း တကယ်လက်တွေ့မဲပေးသည့်နေ့တွင်မူ နံနက် ၄ နာရီခန့်ကပင် အချို့မြို့နယ် မဲရုံများ၌ မဲထည့်ရန် လာရောက်စောင့်ဆိုင်းနေကြ သည့် မဲဆန္ဒရှင်များ ရှိခဲ့သည်။

ထို့ပြင် နံနက် ၆ နာရီ မဲရုံဖွင့်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ မဲရုံများ၌ မဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်များမှာ တစ်စထက်တစ်စ ပိုမိုများပြားလာခဲ့သည်ကို သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ဆန္ဒမဲလာရောက်ပေးသူ နည်းသွားနိုင်ကြောင်း သုံးသပ်မှုများရှိနေ သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ တိုင်းနှင့်ပြည်နယ်တစ်ခုလျှင် မဲဆန္ဒနယ် ၁၂ နယ်စီ သတ်မှတ်၍ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်း သို့မဟုတ် ပြည် နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီသတ်မှတ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ ခုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒ နယ် ၂၉ နယ်အဖြစ် သတ်မှတ်ထားကြောင်း ကြေညာခဲ့သည်။ သို့သော် ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်နှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မြို့နယ်ခြောက်ခု၊ မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက်ကျေးရွာအုပ်စု ၁၄၀ ကျော်တွင်လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ၊ သံတောင်ကြီး၊ မြဝတီမြို့နယ် များရှိ ကျေးရွာအုပ်စု အချို့တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာ အုပ်စုတွင်လည်းကောင်း၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ရှိ ကျေးရွာအုပ်စု ၄၂ စုတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်သည့်အပြင် စစ်တွေ၊ တောင်ကုတ်၊ အမ်းနှင့် ကျောက်ဖြူမြို့နယ်များရှိ ရပ်ကွက်၊ အုပ်စု ၁၅၀ ခန့်တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ကော်မရှင်၏ အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

ထို့အတူ ကချင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲမကျင်းပမည့် နေရာများတွင် ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု တစ်အုပ်စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ်စု ၃၀၊ မချမ်းဘောမြို့နယ်မှ  ကျေးရွာအုပ်စု ၁၅ စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ မိုး မောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ အုပ်စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စုကိုးအုပ်စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ကိုးအုပ်စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စုရှစ်အုပ်စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စုနှစ်အုပ်စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ အုပ်စု နှင့် အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ခြောက်အုပ်စု ပါဝင်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် နံနက်ပိုင်းက မဲပေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးသု တေသီများနှင့် နိုင်ငံရေးပါတီများက ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိခဲ့သည်။

ထိုသို့ ဝေဖန်မှုအများအပြားထွက်ပေါ်ပြီးနောက် ချင်းပြည်နယ်ရှိ ပလက်ဝမဲဆန္ဒနယ်အချို့ကို ပြန်လည်ပယ်ဖျက်၍  ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ ခုတွင် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ၍ ရွေး ကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ကော်မရှင် ကြေညာချက်တွင် ပါဝင်ခဲ့သည်။

ထိုသို့သော အခြေအနေများကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကဲ့သို့ မဲလာရောက် ပေးမည့် မဲဆန္ဒရှင်နည်းသွားနိုင်ကြောင်း သုံး သပ်နေခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ရှိသည့် အနက် ၃၂၃ နေရာကျင်းပနိုင်သည့်အတွက် ရွေးကောက်ပွဲ ရာခိုင်နှုန်း ၉၇ ဒသမ ၈၈ ရာ ခိုင်နှုန်းရှိကြောင်း၊ အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ် ၁၆၈ နေရာရှိသည့်အနက် ၁၆၈ နေရာကျင်းပနိုင်သည့်အတွက် ရွေးကောက်ပွဲ ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၇၃ နေရာရှိ သည့်အနက် ၆၅၉ နေရာကျင်းပနိုင်သည့် အတွက် ရွေးကောက်ပွဲ ရာခိုင်နှုန်း ၉၇ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၅ ရွေးကောက်ပွဲ အကျဉ်းချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆန္ဒမဲပေးမှုအခြေအနေတွင် ပြည်သူ့ လွှတ်တော်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၄၂၉၅၃၃၄ ဦးရှိသည့်အနက် ဆန္ဒမဲပေးသူ ဦးရေ ၂၃၉၁၁၇၈၄ ဦးရှိသည့်အတွက် ၆၉ ဒသမ ၇၂ ရာခိုင်နှုန်းရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၄၂၉၅၃၃၄ ဦးရှိသည့်အနက် ဆန္ဒမဲပေးသူ ဦးရေ ၂၃၉၄၆၇၀၉ ဦးရှိသည့်အတွက် ၆၉ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်းနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈၀၁၅၈၈၀ ဦးရှိသည့်အနက် ဆန္ဒမဲပေးသူ ၂၆၃၆၈၄၆၇ ဦးရှိသည့်အတွက် ၆၉ ဒသမ ၃၆ ရာခိုင်နှုန်း ရှိခဲ့သည်။ 

ထို့ကြောင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၄၂၉၅၃၃၄ ဦးအနက် လာရောက်ဆန္ဒမဲ ပေးသူ ၂၃၉၄၆၇၀၉ ဦးရှိသဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၆၉ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၂၀၁၅ ရွေးကောက်ပွဲ အကျဉ်းချုပ် အစီရင်ခံစာတွင် ပါရှိသည်။

၂၀၂၀ ရွေး​ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းခန့်ရှိပြီး မဲရုံ ၄၀,ဝဝဝခန့် အသုံးပြုသွားမည်ဟု ရွေးကောက်ပွဲကော် မရှင်က မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါမဖြစ်ပွားခင်က ယခုနှစ်အတွင်း ကြေညာခဲ့ဖူးသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမှုရာခိုင်နှုန်း ၆၉ ဒသမ ၈၂ ရာခိုင် နှုန်းရှိခဲ့သော်လည်း လက်ရှိ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင်မူ COVID ကပ်ရောဂါဖြစ်ပွားနေခြင်း၊ တိုင်းနှင့်ပြည်နယ် ခုနစ်ခုမှ မဲဆန္ဒနယ်မြေအချို့တွင် ရွေးကောက် ပွဲကျင်းပနိုင်မှုမရှိခြင်း စသည့်အချက်များကြောင့် ဆန္ဒမဲပေးမည့်ရာခိုင်နှုန်း ကျဆင်းသွားမည်လားဆိုသည်မှာ စိတ်ဝင်စားဖို့ ကောင်းသည်။ ယခုဆောင်းပါးရေးသားချိန်တွင် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းသာ ရှိသေးသည့်အတွက် ဆန္ဒမဲမည်မျှ လာပေးသည် ကို ခန့်မှန်း၍ မရသေးပေ။ သို့သော် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးခဲ့ကြသည်မှာ မလွဲဧကန်ပင် ဖြစ်ပါလိမ့်မည်။                                      

Most Read

Most Recent