အင်းတော်မြို့နယ် မော်လူးဒေသ မလူးရွာ မဲရုံတာဝန်ကျကျောင်းအုပ်ဆရာမကြီးတစ်ဦး ၎င်း၏ ဆရာဆရာမများကို ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ ဘောလ်ပင်များ ပေးဝေခဲ့သောကြောင့် မဲရုံမှူးတာဝန်မှ ရပ်စဲခံရ

အင်းတော်မြို့နယ် မော်လူးဒေသ မလူးရွာ မဲရုံတာဝန်ကျကျောင်းအုပ်ဆရာမကြီးတစ်ဦး ၎င်း၏ ဆရာဆရာမများကို ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ ဘောလ်ပင်များ ပေးဝေခဲ့သောကြောင့် မဲရုံမှူးတာဝန်မှ ရပ်စဲခံရ
ပြည်ခိုင်ဖြိုးတံဆိပ်ပါ ဘောလ်ပင်ကို တွေ့ရစဉ် (Photo:Mya Khaing)
ပြည်ခိုင်ဖြိုးတံဆိပ်ပါ ဘောလ်ပင်ကို တွေ့ရစဉ် (Photo:Mya Khaing)
Published 4 November 2020
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ မလူးရွာမဲရုံ တာဝန်ကျ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ၎င်း၏ ဆရာဆရာမများကို ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ ဘောလ်ပင်များ ပေးဝေခဲ့သောကြောင့် မဲရုံမှူးတာဝန်မှ ရပ်စဲလိုက်ကြောင်း အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်လှိုင်၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထို့ပြင် ယင်းကိစ္စကို ပါတီကလည်း ကန့်ကွက်လာသည့်အတွက် အဆိုပါ ကျောင်းအုပ်ဆရာမကြီးကို မဲရုံမှူးတာဝန်မှ အနားပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဖြစ်စဉ်ကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲပါ။ အဲဒီကိစ္စကို တိုင်တဲ့သူက တိုင်ကြတယ်။ ကန့်ကွက်တဲ့ပါတီက ကန့်ကွက်၊ အငြင်းပွားနေတော့ သူ့ကို မဲရုံမှူးတာဝန်ကနေ အနားပေးလိုက်တာပါ။ အဲဒီနေရာမှာ သူ့ကိုဆက်ထားရင် သူ့အတွက် အန္တရာယ်ပိုများမှာလေ။ ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူဖို့ကတော့ ဘာမှမရှိပါဘူး။ မဲရုံမှူးလဲပေးလိုက်တော့ တိုင်တဲ့ပါတီကလည်း ကျေနပ်ပါတယ်တဲ့။ တိုင်တဲ့ပါတီကလည်း အရေးယူပေးဖို့ တိုင်တာမဟုတ်ပါဘူးတဲ့။ ညှိနှိုင်းပေါင်းစပ်ပေးဖို့ ရာအတွက်ဖြစ်ပါတယ်တဲ့” ဟု အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။

မကြာမီ ပြုလုပ်တော့မည့် အထွေထွေရွေးကောက်ပွဲတွင် အင်းတော်မြို့နယ်၌ နိုင်ငံရေးပါတီငါးခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီငါးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

ကသာခရိုင် အင်းတော်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၃၆၃၂ ဦးရှိပြီး မဲရုံပေါင်း ၈၄ ရုံရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent