ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ကျေးရွာနှင့် ရပ်ကွက်အချို့တွင် ကြိုတင်မဲပေးရာ၌ မဲထုသည့် တံဆိပ်တုံးများတွင် UEC တံဆိပ် မပါခြင်း၊ ဆန္ဒမဲ လက်မှတ်များတွင် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးသည့်ဖြစ်စဉ်များ ရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထား

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ကျေးရွာနှင့် ရပ်ကွက်အချို့တွင် ကြိုတင်မဲပေးရာ၌ မဲထုသည့် တံဆိပ်တုံးများတွင် UEC တံဆိပ် မပါခြင်း၊ ဆန္ဒမဲ လက်မှတ်များတွင် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးသည့်ဖြစ်စဉ်များ ရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထား
Published 4 November 2020

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ကျေးရွာနှင့် ရပ်ကွက်အချို့တွင် ကြိုတင်မဲပေးရာ၌ မဲထုသည့် တံဆိပ်တုံးများတွင် UEC တံဆိပ်မပါခြင်း၊ ဆန္ဒမဲလက်မှတ်များတွင် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးသည့်ဖြစ် စဉ်များရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးဝင်းနိုင်ဦးက ပြောကြားသည်။

ကြိုတင်မဲ စတင်ပေးသည့် အောက်တိုဘာ ၂၉ ရက်တွင် အတွေ့အကြုံမရှိသည့် ရပ်ကျေးကော်မရှင်အချို့က ကြိုတင်ဆန္ဒမဲပေးရာတွင် ဆန္ဒမဲလက်မှတ်၌ တံဆိပ်တုံးထုရမည့်အစား ဘောလ်ပင်နှင့် အမှန်ခြစ်ပေးခိုင်း ဖြစ်စဉ်များရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ကြိုတင် မဲပေးတဲ့အခြေအနေကတော့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေနဲ့တော့ မတူဘူး။ ၂၀၁၅ မှာက သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်တဲ့သူတွေကိုပဲ ကောက်တယ်။ အခု ကိုဗစ်ကြောင့် လူစုလူဝေးကို လျှော့ချတဲ့အနေနဲ့ အသက် ၆၀ အထက်ကို ကြိုတင်မဲ ကောက်ရမယ့်စာရင်းမှာ ထည့်ထားတော့ သူတို့လည်း လုပ်ရကိုင်ရ အခက်အခဲရှိမယ်နဲ့ တူပါတယ်။ အဲဒါမှာ အဆင်မပြေမှုတွေ တွေ့တယ်။ အဲဒီမှာ တချို့ရပ်ကျေးကော်မရှင်တွေက အတွေ့အကြုံမရှိတဲ့အခါမှာ တံဆိပ်တုံး ထုရမယ့်နေရာမှာ ဘောပန်နဲ့ အမှန်ခြစ်တယ်။ ပထမ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပါတီကိုယ်စားလှယ်တွေနဲ့ အငြင်းအခုန် ဖြစ်ကြတယ်။ ဒါဟာ တရားဝင်လား မဝင်ဘူးလား။ ပယ်မဲလား ခိုင်လုံမဲလား စောဒက တက်ကြတယ်။ ဒါကို ကျွန်တော်တို့ကလည်း ကော်မရှင်ကိုပြောတော့ သူတို့လည်း အဆင့်ဆင့်ပြောပုံရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အမှန်ခြစ်တဲ့ဟာကို UEC ကလည်း အတည်ပြုထားတယ်။ အဲဒါက ပထမအခက်အခဲ ၂၉ ရက်နေ့ မဲစကောက်တဲ့နေ့ကပေါ့” ဟု ဦးဝင်းနိုင်ဦးက ပြောကြားသည်။

ထို့ပြင် မာန်အောင်မြို့ပေါ်ရပ်ကွက်အချို့တွင် ကြိုတင်မဲပေးရာ၌ ဆန္ဒမဲလက်မှတ်တွင် ထုရမည့် တံဆိပ်တုံး၌ UEC တံဆိပ် မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ခုက မြို့ပေါ်ရပ်ကွက်ထဲက အနောက်စုတို့မှာ တချို့အိမ်တွေမှာ တံဆိပ်တုံးထုတဲ့ဟာမှာ တံဆိပ်တုံးတော့ ပါတယ်။ UEC ဆိုတဲ့ စာလုံးမပါတဲ့အခါကျတော့ ပထမတော့ ရပ်ကျေးကော်မရှင်က မြို့ပေါ်က ကော်မရှင်ကို မေးတော့ သူတို့ကလည်း ပထမရက်တော့ ဝန်ခံတယ်။ အဲဒါကို ဘယ်လိုလုပ် မလဲ ခိုင်လုံမဲလုပ်မလား၊ ပယ်မဲလုပ်မလား ဆိုပြီး တခြားပါတီ ကိုယ်စားလှယ်တွေက စောဒကတက်ကြတော့ ၃၀ ရက်ကျတော့ သူတို့ထုတ်ပေးထားတဲ့ တံဆိပ်တုံးမှာ UEC စာလုံးပါတယ်ဆိုပြီးတော့ ကော်မရှင်က ငြင်းတယ်။ ကိုယ်စားလှယ်လောင်းတွေက သွားပြီးတော့ မြို့နယ်ကော်မရှင်ကို စောဒကတက်ကြတဲ့အခါကျတော့ အဲဒါကိုဖြေရှင်းဖို့ အတွက် အဖြေအတိအကျ မသိရသေးဘူး။ ခိုင်လုံမဲ သတ်မှတ်မလား၊ ပယ်မဲ သတ်မှတ် မလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်” ဟု ဦးဝင်းနိုင်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ခြောက်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပြီး ဝင် ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၉ ဦးရှိသည်။

မာန်အောင်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်ရှိပြီး ANP ပါတီ၊ ALD ပါတီ၊ AFP ပါတီ၊ NLD ပါတီ၊ USDP ပါတီ တို့မှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။