လွိုင်ကော်မြို့ လောဓမ္မ ရပ်ကွက်ရှိ ကြိုတင်မဲရုံ၌ ကော်မရှင်အဖွဲ့ဝင်အချို့သည် အငြင်းပွားဖွယ်များ ဆောင်ရွက်သည်ဟုဆိုကာ KySDP ပါတီက တိုင်ကြားသဖြင့် မြို့နယ်ကော်မရှင်က လာရောက်ကြည့်ရှုပြီး ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် ဘိုးဘွားများကို ကူညီခြင်းသာဆောင်ရွက်ရန် ညွှန်ကြားခဲ့ဟုဆို

လွိုင်ကော်မြို့ လောဓမ္မ ရပ်ကွက်ရှိ ကြိုတင်မဲရုံ၌ ကော်မရှင်အဖွဲ့ဝင်အချို့သည် အငြင်းပွားဖွယ်များ ဆောင်ရွက်သည်ဟုဆိုကာ KySDP ပါတီက တိုင်ကြားသဖြင့် မြို့နယ်ကော်မရှင်က လာရောက်ကြည့်ရှုပြီး ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် ဘိုးဘွားများကို ကူညီခြင်းသာဆောင်ရွက်ရန် ညွှန်ကြားခဲ့ဟုဆို
Published 2 November 2020
မခိုင်

ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် ဖွင့်ထားသောမဲရုံ၌ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်အချို့၏ ဆောင်ရွက်မှုများသည် အငြင်းပွားဖွယ်ဖြစ်သည်ဟုဆိုကာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)က တိုင်ကြားသဖြင့် နိုဝင်ဘာ ၂ ရက်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌက မဲရုံသို့ လာရောက်ကြည့်ရှုပြီး ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ဘိုးဘွားများကို ကူညီခြင်းသာဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါရပ်ကွက်ရှိ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်အချို့သည် ကြိုတင်မဲထည့်ရန် တံဆိပ်တုံးထုသည်လျှို့ဝှက်နေရာအနီးတွင်နေခြင်း၊ တံဆိပ်တုံးထုပြီးပါက စာအိတ်များအတွင်း ကူညီထည့်ပေးခြင်း၊ ကော်ကပ်ပေးခြင်း၊ မဲပုံးများအတွင်း ကူညီထည့်ပေးခြင်းများ လုပ်ဆောင်သောကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က လာရောက်သတိပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

ထိုသို့ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်အချို့၏ ဆောင်ရွက်မှုနှင့်ပတ်သက်၍ လာရောက်စစ်ဆေးခဲ့သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသန်းက “ကော်မရှင်အဖွဲ့တွေက သူတို့နားလည်ပြီးသား။ သူတို့သင်တန်းပေးပြီးသား ။ ၂၉ ကနေ ၅ ရက်နေ့ထိ ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်လုပ်ပေးတာနော်။ ကော်မရှင်ရုံးမှာလုပ်ပေးနေတာ။ ၆၊ ၇၊ ၈ ရက်ကျရက်မဲရုံတွေမှာလုပ်မယ်။ အလားတူပဲ။(မဲလက်မှတ်ကိုကူပြီးခေါက်ကာ စာအိတ်ထဲထည့်ပေးသည့်ကိစ္စ) သူတို့ကအမှားတွေရှိနေလို့ တချို့တွေက နားမလည်လို့စစ်ရမယ်လေ။ နောက်မှာမဲရိုက်ပြီးပြီလား။ တံဆိပ်တုံးပါလား မပါလား။ဒါတွေအကုန်လုံးက ကျွန်တော်တို့ကပြောပြရမှာပေါ့နော် ။ ပယ်မဲမဖြစ်အောင်အဓိကလေ။ အဲဒါလေးကိုသူ(ကော်မရှင်အဖွဲ့ဝင်)ပြောပြတာဖြစ်မှာပါ။  သူ့ကိုလည်းကျွန်တော်ပြောပြ ထားပါတယ်။ လုပ်လို့မရပါဘူး။(မဲပေးသူနားတွင်ကပ်နေသည့်ကိစ္စ)ဒါတော့သူက ဆွေမျိုးသားချင်း၊ တကယ့်နားမလည်တဲ့ တုံတုံချိချိဖြစ်နေတဲ့ အဘိုးကြီး၊ အဘွားကြီးတွေ ပုဂ္ဂိုလ်တွေဆိုရင်သူက ကူညီပြီး မဲစာရွက်ကိုခေါက်ပေးလို့ရပါတယ်။ (အခြားသူများနားတွင်ပါ ကပ်နေခြင်း) လုပ်လို့မရပါဘူး။ ကျွန်တော်တို့ညွှန်ကြားထားပြီးပါပြီ '' ဟု ပြောကြားသည် ။

လောဓမ္မရပ်ကွက်မဲရုံသည် လူစည်ကားရာတောင်စျေးအနီးတွင်တည်ရှိပြီး မဲရုံစောင့်ကြည့်လေ့လာရေးအတွက် ဒေသခံပါတီဖြစ်သည့် KySDP ပါတီအပါအဝင် ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီတို့မှ မဲရုံစောင့်ကြည့်သူများ နေ့စဉ် စောင့်ကြည့်မှုများပြုလုပ်နေခြင်းဖြစ်သည်။

''မနေ့က ကျွန်မတို့ရုံးကကောင်လေးတစ်ယောက် စောင့်ပေးတယ် ။ သူ့နာမည် စိုင်းနော်ဂျာလို့ခေါ်တယ် ။ မနေ့က နေ့လည်ခင်းမှာ ဘာထူးခြားမှုရှိလဲမေးတဲ့ချိန်မှာ သူကသက်ကြီးရွယ်အိုတွေကို ခုတုံးလုပ်ပြီးတော့ မဲတွေကိုသူတို့ထည့်ခိုင်းတာထည့်တယ် ။ သူတို့ရိုက်ခိုင်းတာထည့် တယ်လို့ကျွန်မကြားရတယ် ။ သူတို့ဆိုတာက ဒီကော်မရှင်ရုံးကလူ။ သူ့နာမည်ကိုကျွန်မမေးတယ် မပြောဘူး ။ မတရားမှုတွေ များလာမယ်ဆိုပြီး ကျွန်မစောင့်တယ်။ ဒီမနက် ကျွန်မလာစောင့်တော့ သူမနေ့က လုပ်သလိုကျွန်မတွေ့ရတယ်။ မဲပေးတဲ့လူနောက်ကို ကော်မရှင်ကလိုက်တယ် ။ နီးနီးကပ်ကပ်နေတယ် ပြောတယ်။ ပွင့်လင်းမြင်သာမှုမရှိပြောတယ် ။ ကျွန်မဒီမနက်တော်တော်ခံနိုင်ရည်ရှိအောင် ကျွန်မ သည်းခံပြီးနေခဲ့တယ်။ ဘာမှဝင်မပြောခဲ့ဘူး ။ ၉ နာရီကျော်လာတဲ့ခါကျတော့ ကျွန်မသီးခံလို့မရတော့ဘူး ပြောချင်နေပြီးမရတော့ဘူး။ ဝင်ပြောဖို့သွားတယ်။ သွားတော့ခွင့်တောင်းတယ်။ သူတို့ကို ဒီအထဲ ဝင်ခွင့်ပြုပါခွင့်ပေးလို့ဝင်သွားတယ်။ အစ်ကိုရေမဲပေးတဲ့သူနဲ့ နီးနီးကပ်ကပ်မနေသင့်ဘူး။ ကျွန်မပြောတယ် ။  သူက ငါကော်မရှင်ရုံးက နင်ဘာနားလည်လို့လည်း မှားရင်နင်တာဝန်ယူမလားပြောတယ်။ သူ ကျွန်မကို ရန်တွေ့တယ် ။ မှန်ကန်တဲ့နည်းလမ်းမကျလို့ကျွန်မဝင်ပြောတာ ။ ကော်မရှင်ကဆိုလည်း မှန်မှန်ကန်ကန် လုပ်ပေး။ မဲပေးတဲ့သူနဲ့ နီးနီးကပ်ကပ်နေစရာ အကြောင်းကိုမရှိတာ ။ တော်တော်နီးကပ်ကပ်နေတယ်။ မဲစာရင်းစာအိတ်ပုံးထဲထည့်တာတောင် သူကကိုင်တယ် ။ နင်အထဲဝင်ပိုင်ခွင့်မရှိဘူ။  ရန်တွေ့တယ် ။ တခြားပါတီတွေဝင်တယ်။ ခွင့်မတောင်းဘူး ။ ကျွန်မခွင့်တောင်းပြီး ဝင်တယ်။ သူလက်မခံဘူး။ လုံးဝတရားနည်းလမ်း မကျဘူး။ ကျွန်မပြောချင်တာ  '' ဟု  KySDP ပါတီမှစောင့်ကြည့်လေ့လာသူ မသွယ်သွယ်စန်းက သတင်းထောက်များကို ပြောကြားသည် ။

လောဓမ္မရပ်ကွက်သည် ပြည်မမှ ပြောင်းရွေ့အခြေချသူများ အများဆုံးနေထိုင်ရာ ရပ်ကွက်ဖြစ်ပြီး ယခင်က ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီဝင်အများဆုံးရှိသည့် ရပ်ကွက်ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ်သည် မဲရုံ ၈၁ ရုံရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့်နေထိုင်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၀၃၇၂ ဦး ရှိကြောင်းလည်း သိရသည်။

 

Most Read

Most Recent