အောင်လအန်ဆန်နှင့် ဒီရစ်ဒါ ယှဉ်ပြိုင်ထိုးသတ်မည့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ စင်ကာပူနိုင်ငံ၌ ယနေ့ ကျင်းပမည်

အောင်လအန်ဆန်နှင့် ဒီရစ်ဒါ ယှဉ်ပြိုင်ထိုးသတ်မည့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ စင်ကာပူနိုင်ငံ၌ ယနေ့ ကျင်းပမည်
Photos: ONE Championship
Photos: ONE Championship
Published 30 October 2020

မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ (၃၀) ရက် (ယနေ့) မြန်မာစံတော်ချိန် ည (၇) နာရီတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ချန်ပီယံဖြစ်ပြီးနောက်ပိုင်း (၄)ပွဲမြောက်ထိုးသတ်ရသည့် ချန်ပီယံကာကွယ်ပွဲဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ (၃)ပွဲကို မြန်မာနိုင်ငံတွင် (၂)ပွဲ၊ ဂျပန်နိုင်ငံတွင် (၁)ပွဲထိုးသတ်ထားပြီး ယခုပွဲကို စင်ကာပူနိုင်ငံ၌ ထိုးသတ်ရခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်ကတည်းက ONE ပွဲများကို ပြည်ပနိုင်ငံများတွင်သာ ထိုးသတ်နေရပြီး (၃)ပွဲဆက်တိုက် ပြည်ပနိုင်ငံများတွင် ထိုးသတ်ရခြင်းဖြစ်သည်။ ဒီရစ်ဒါနှင့် ထိုးသတ်မည့်ပွဲမှာ အောင်လအန်ဆန် အတွက်  ကစားသမားဘဝတစ်လျှောက် စင်ကာပူနိုင်ငံ၌ ပထမဆုံး ထိုးသတ်ရခြင်းဖြစ်ပြီး ယခင်ပွဲများကို အမေရိကန်၊ တရုတ်၊ အင်ဒိုနီး ရှားနှင့် ဂျပန်နိုင်ငံ၌သာ ထိုးသတ်ခဲ့ဖူးသည်။

    

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဖြစ်လာပြီး ၂၀၁၈ ခုနှစ်တွင် ချန်ပီယံ ကာကွယ်ပွဲ (၂)ပွဲ၊ ၂၀၁၉ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲ (၁)ပွဲ ထိုးသတ်ထားသည်။ အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲများအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် (၂)ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် (၁)ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး (၃)ပွဲစလုံး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားသည်။ 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်နေခြင်းဖြစ်ပြီး ဧပြီတွင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုမှ ထိုးသတ်ရခြင်းဖြစ်သည်။  အောင်လအန်ဆန်၏ပြိုင်ဘက် ဒီရစ်ဒါသည် MMA ကစားသမားဘဝ (၁၂) ပွဲဆက်တိုက် အနိုင်ရထားပြီး ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရရှိခဲ့ ခြင်းဖြစ်သည်။ 

ဒီရစ်ဒါသည် ONE Championship နှင့် ပြီးခဲ့သည့်နှစ်ကမှ လက်တွဲခဲ့ ခြင်းဖြစ်သည်။ ယနေ့ကျင်းပမည့် Inside The Matrix ဟု အမည်ပေးထားသည့်ပြိုင်ပွဲတွင် ချန်ပီယံ လုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲ(၂)ပွဲ ပါဝင်မည်ဖြစ်ပြီး မြန်မာပရိသတ်များအနေဖြင့် Sky Net ရုပ်သံလိုင်းမှ ကြည့်ရှုအားပေးနိုင်မည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်ပြီး စိန်ခေါ်ပွဲများအဖြစ် လိုက်ဝိတ်တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးစိန်ခေါ်ပွဲအဖြစ် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

Most Read

Most Recent