လီဗာပူးလ်နဲ့ မန်စီးတီး နိုင်ပွဲဆက်ပြီး ချန်ပီယံလိဂ်(၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ ရီးယဲလ်

လီဗာပူးလ်နဲ့ မန်စီးတီး နိုင်ပွဲဆက်ပြီး ချန်ပီယံလိဂ်(၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ ရီးယဲလ်
Photos: AP, EPA & Getty Images
Photos: AP, EPA & Getty Images
Published 28 October 2020

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် -၂ ပထမနေ့ ပွဲစဉ်တွေမှာတော့ ပရီးမီးယားကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ နိုင်ပွဲဆက်ခဲ့ပြီး ရီးယဲလ်ကတော့ ချန်ပီယံလိဂ် (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်-မစ်ဂျီလန်းပွဲမှာ လီဗာပူးလ်အသင်းဟာ တိုက်စစ်ကစားသမား (၃)ဦးဖြစ်တဲ့ ဆာလာ၊ မာနေ၊ ဖေမီနိုတို့ကို အရန်ခုံထားခဲ့ပြီး တိုက်စစ်မှာ ယိုတာ၊ ရှာကီရီ၊ အော်ရီဂီတို့ကို ပွဲထုတ်ခဲ့တာပါ။ 

မစ်ဂျီလန်းဟာ ပွဲအစမှာပဲ ဂိုးရဖို့ ကြိုးစားခဲ့ပြီး ဒရိုင်ယာရဲ့ ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်ခဲ့လို့ လီဗာပူးလ်တို့ ဂိုးမပေးခဲ့ရတာပါ။ လီဗာပူးလ်ဟာ ပထမပိုင်းမှာ မစ်ဂျီလန်းအသင်းဘက်ကို ဂိုးပေါက်တည့်ကန်ချက် မရှိတဲ့အထိ ကစားပုံဆိုးရွားခဲ့ပါတယ်။ 

ဒါ့အပြင် ပွဲချိန် (၃၀)မိနစ်မှာ အဓိကကစားသမား ဖာဘင်ညို ဒဏ်ရာရပြီး ထွက်ခွာခဲ့ရတာလည်း လီဗာပူးလ်အတွက် ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စရခဲ့ပါတယ်။ အာနိုးလ် မျောထိုးပေးတာကို ယိုတာက သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ လီဗာပူးလ်အသင်းသမိုင်းမှာ ပြိုင်ပွဲစုံ (၁၀၀၀၀) မြောက်သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

အဲဒီနောက်မှာ လီဗာပူးလ်ဟာ ဆာလာ၊ မာနေ၊ ဖေမီနိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက် လီဗာပူးလ်တိုက်စစ်ပိုင်း ပိုကောင်းလာခဲ့ပေမဲ့ အဆုံးသတ်မသေချာလို့ ဂိုးရဖို့ ခက်နေခဲ့ပြီး နာကျင်အချိန်ပိုမှာ ဒုတိယအနိုင်ဂိုးရခဲ့ပါတယ်။ 

ဆာလာက သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းယူခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ လီဗာပူးလ်က (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

 

မာဆေးလ်-မန်စီးတီးပွဲမှာတော့ မန်စီးတီးအသင်းက မာဆေးလ်ဟာ အဝေးကွင်းမှာ သက်သောင့်သက်သာကစားပြီး မာဆေးလ်ကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ 

မန်စီးတီးတိုက်စစ်မှာ အဓိကတိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဖယ်ရန်တောရက်စ်က အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ဒီဘရိုင်းနား၊ စတာလင်၊ လာပေါ့တ်တို့နဲ့ လူစုံခဲ့ပါတယ်။ 

မန်စီးတီးဟာ ပွဲစကတည်းက ဖိကစားခဲ့ပြီး ပွဲချိန် (၁၈) မိနစ်မှာ မာဆေးလ်နောက်တန်းအမှားကနေ ဒီဘရိုင်းနား ချပေးတာကို ဖယ်ရန်တောရက်စ်က အပိုင်ပိတ်သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီး အခွင့်အရေးထပ်ရခဲ့ပေမဲ့ အသုံးချနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ 

ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ဆက်လက်ဖိကစားခဲ့ပြီး မာဆေးလ်ခံစစ်ကတော့ မန်စီးတီးတိုက်စစ်ကို ထိန်းရင်းနဲ့ ပြိုဆင်းခဲ့တာပါ။ မန်စီးတီးအတွက် နောက်ထပ်ဂိုးတွေကို (၇၆)မိနစ်မှာ ဂွန်ဒိုဂန်၊ (၈၁)မိနစ်မှာ စတာလင်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ပွဲအပြီးမှာ မာဆေးလ်ကို အဝေးကွင်းမှာ (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် (၂)ပွဲဆက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ 

 

မိုချန်ဂလာဘတ်-ရီးယဲလ်ပွဲမှာတော့ ရီးယဲလ်အသင်း ရုန်းကန်ခဲ့ရကာ ကက်စမဲရိုးရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့်သာ (၂-၂)ဂိုးနဲ့ သရေကျပြီး တစ်မှတ်ရခဲ့တာပါ။ 

ပထမပွဲမှာ ရှက်တာဒိုးနက်ကို ရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ်ဟာ ဒီပွဲမှာ ရာမို့စ်၊ ဘန်ဇီမာ၊ အဆန်စီယို၊ တိုနီကရို့စ်တို့နဲ့ လူစုံပွဲထွက်ခဲ့ပေမဲ့ အိမ်ရှင် မိုချန်ဂလာဘတ်ရဲ့ တုံ့ပြန်မှုကြောင့် အခက်တွေ့ခဲ့ရပါတယ်။ မိုချန်ဂလာဘတ်အတွက် အဖွင့်ဂိုး (၃၃) မိနစ်မှာ မားကပ်စ်သူရမ်က သွင်းယူခဲ့ပြီး ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ မိုချန်ဂလာဘတ်က အနိုင်ရနေခဲ့တာပါ။ 

ဒုတိယပိုင်းမှာ ရီးယဲလ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ တကယ်ဂိုးရသွားတာ အိမ်ရှင် မို်ချန်ဂလာဘတ်ပဲ ဖြစ်ပါတယ်။ ပွဲချိန် (၅၈)မိနစ်မှာ မားကပ်စ်သူရမ်ကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာ ဇီဒန်းဟာ ဟာဇက်၊ မိုဒရစ်၊ ရိုဒရီဂိုတို့ကို ထည့်ပြီး တိုက်စစ်အားမြှင့်ခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက် ရီးယဲလ်တိုက်စစ် ပိုအသက်ဝင်လာခဲ့ပြီး ပွဲချိန် (၈၇)မိနစ်မှာ ကက်စမဲရိုး ခေါင်းတိုက်ချပေးတာကို ဘန်ဇီမာက ပိတ်သွင်းပြီး ပထမချေပဂိုး ရယူခဲ့ပါတယ်။ 

ချေပဂိုးတစ်ဂိုးရပြီးနောက် ရီးယဲလ်တို့ ပိုဖိကစားလာခဲ့ပြီး နာကျင်အချိန်ပို (၃)မိနစ်မှာတော့ ဒုတိယချေပဂိုးရခဲ့ပါတယ်။ ရာမို့စ် ဖန်တီးပေးတာကို ကက်စမဲရိုးက သွင်းယူခဲ့တာဖြစ်ပြီး ရီးယဲလ်အနေနဲ့ ချန်ပီယံလိဂ် (၂)ပွဲဆက် ရှုံးမဲ့အခြေအနေကနေ လွတ်မြောက်ခဲ့တာပါ။ 

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ရလဒ်

လိုကိုမိုးတစ်မော်စကို ၁-၂ ဘိုင်ယန်မြူးနစ်

ရှက်တာဒိုးနက် ၀-၀ အင်တာမီလန်

အက်သလက်တီကို ၃-၂ ဆာလ်ဇ်ဘာ့ဂ်

မိုချန်ဂလာဘတ် ၂-၂ ရီးယဲလ်မက်ဒရစ်

ပေါ်တို ၂-၀ အိုလံပီယာကော့စ်

မာဆေးလ် ၀-၃ မန်စီးတီး

လီဗာပူးလ် ၂-၀ မစ်ဂျီလန်း

အတ္တလန်တာ ၂-၂ အေဂျက်စ်

Most Read

Most Recent