ရွေးကောက်ပွဲနှင့် လွတ်လပ်မျှတခြင်း

ရွေးကောက်ပွဲနှင့် လွတ်လပ်မျှတခြင်း
Published 21 October 2020

ရွေးကောက်ပွဲများတွင် လွတ်လပ်၍တရားမျှတမှုသည် အရေးကြီးသည်ကို အားလုံးအသိပင်ဖြစ်သည်။ ယင်းစံပေတံဖြင့်ပင် ကျင်းပသမျှရွေးကောက်ပွဲတိုင်း၏ တရားမျှတမှုကို တိုင်းတာလေ့ရှိသည်။ ရွေးကောက်ပွဲအတွက် တာဝန်ယူရသောပုဂ္ဂိုလ်၊ အဖွဲ့အစည်းဟူသမျှသည် ထိုနှစ်ချက်ကို အဓိကလိုက်နာရန်လိုသည်။ ဝေဖန်စောင့်ကြည့်သူများ၊ လေ့လာအကဲဖြတ်သူများနှင့် ပြည်သူများကလည်း ထိုအချက်ကိုကြည့်၍ ရွေးကောက်ပွဲကို တာဝန်ယူရသည့် အာဏာပိုင်အဖွဲ့အစည်းအပေါ် ဝေဖန်ပြစ်တင်တတ်ကြသည်။

ယခုဆိုလျှင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုပါတော့သည်။ ထိုအချိန်တွင် ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အများက စောင့်ကြည့်နေကြသည်။ မကြာမီက ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးခုအပါအဝင် ကချင်၊ ကရင်၊ မွန်၊ ရှမ်းနှင့် ပဲခူးတို့မှ မဲဆန္ဒနယ်အချို့ကို ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ကော်မရှင်က ကြေညာခဲ့သည့်အပေါ် တိုင်းရင်းသားများအကြား ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသည်။ အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များကို ထုတ်ပြန်ရာ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ သဘောထားမှတ်ချက်အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက်များ တောင်းခံ၍ သုံးသပ်ကြေညာခဲ့သည်ဟု UEC အဖွဲ့က ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းကြေညာချက်သည် လုံခြုံရေးအဖွဲ့အစည်းများ၏အကြံပြုချက်အတိုင်း မဟုတ်သကဲ့သို့ ပမာဏအရလည်း ကော်မရှင်၏ကြေညာချက်နှင့် မိမိတို့ အကြံပြုချက်ကွဲလွဲကြောင်း တပ်မတော်ဘက်က ပြောကြားခဲ့ပြန်သည်။ ထိုသို့ကဲ့သို့သောအချင်းရာကြောင့် လူအများကြားတွင် ဝေဖန်ထောက်ပြစရာ ဖြစ်စေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲများတွင် လွတ်လပ်မှုနှင့် တရားမျှတမှုသည် များစွာအရေးကြီးပါသည်။ လွတ်လပ်၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီရှင်သန်ရေးအတွက် မဖြစ်နိုင်ပါ။ တရားဥပဒေစိုးမိုးမှုအားနည်းသည့် နိုင်ငံအများစုတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံတကာစံနှုန်းများဖြစ်သော ‘လွတ်လပ်မှု’ ၊ ‘တရားမျှတမှု’ တို့နှင့် မကိုက်ညီခြင်းဖြစ်တတ်သည်။ အများဆုံးဖြစ်နေကျ အကြောင်းအရာတစ်ရပ်မှာ လက်ရှိအစိုးရက ကြားဝင်နှောက်ယှက်မှုဖြစ်သည်။ လက်ရှိအာဏာရထားသူများကို လူအများစုက ကြိုက်နှစ်သက်မှုမရှိသည့်တိုင် ၎င်းတို့က အာဏာဆက်လက် တည်မြဲစေရန် အုပ်ချုပ်ရေးယန္တရားကို အသုံးပြုကာ သတင်းဖြတ်တောက်ခြင်း၊ ရွေးကောက်ပွဲယန္တရား၏ ရုပ်ပိုင်းဆိုင်ရာအကောင်အထည်ဖော်မှုကို ချယ်လှယ်ခြင်းအစရှိသည့် နည်းလမ်းများဖြင့် အာဏာများကို သုံးစွဲကြသည်။ ရွေးကောက်ပွဲရလဒ်ကြောင့် ပြိုင်ဘက်အင်အားစုတစ်ရပ်ထံ အာဏာလွှဲပြောင်းပေးရမည်ကို ကာကွယ်ထားကြသည်။

အုပ်ချုပ်ရေးဆိုင်ရာ မမျှတမှုအဖြစ် မဲဆန္ဒနယ်၏နယ်နိမိတ်ကို ပြောင်းလဲထားခြင်း၊ အတိုက်အခံ ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲဥပဒေနှင့်မညီဟု အကြောင်းပြကာ ကိုယ်စားလှယ်လောင်းများအဖြစ်မှ ပယ်ဖျက်ခြင်းတို့လည်းရှိနိုင်ပြီး ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အောက်ခြေအဆင့်များကို မတရားသဖြင့် စီမံထားခြင်းသည်လည်း မသမာသည့် လုပ်နည်းလုပ်ဟန်များထဲ၌ ပါဝင်သည်။ ရွေးကောက်ပွဲတစ်ခု၏ အခင်းအကျင်းသည် သီးသန့်ပါတီတစ်ခု သို့မဟုတ် သီးသန့်ကိုယ်စားလှယ်လောင်းတစ်ဦးအား အရေးပေးထားခြင်းကြောင့် ပြောင်းလဲသွားနိုင်သည်။ ထိုအခြင်းအရာများမှာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ၌ တွေ့ရလေ့ရှိသော အာဏာပိုင်အဖွဲ့အစည်းနှင့် အာဏာရပါတီတို့၏ အသာစီးယူမှု၊ မမျှမတလုပ်လေ့ရှိသည့် အကြောင်းအရာအချို့ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ၌ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် စစ်အစိုးရဟုခေါ်သည့် နအဖက အရပ်သားတစ်ပိုင်းအစိုးရဟုခေါ်ကြသည့် သမ္မတဟောင်းဦးသိန်းစိန်ထံ အာဏာလွှဲပြောင်းခဲ့သည်။ ဦးသိန်းစိန်က ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ခဲ့သည့် NLD အစိုးရသို့ အာဏာထပ်မံလွှဲပြောင်းခဲ့ရသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရများအနေဖြင့် အဆင့်ဆင့်အာဏာလွှဲပြောင်း၍ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲများမှတစ်ဆင့် မိမိတို့ ကြိုက်နှစ်သက်သောအစိုးရနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ပိုင်ခွင့်ရှိကြပေသည်။ ယင်းသည် ဒီမိုကရေစီအလေ့အထလည်းဖြစ်သည်။

ကိုဗစ်ကြောင့် မြန်မာအပါအဝင် ကမ္ဘာနှင့်အဝှမ်း ဒုက္ခသုက္ခများနှင့် ရင်ဆိုင်နေရသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် အချို့သောနိုင်ငံများ၌ အထွေထွေရွေးကောက်ပွဲများကလည်း ရှိနေသည်။ အချို့ကလည်း ရွှေ့ဆိုင်းထားကြသည်။ မြန်မာတွင်လည်း အစိုးရက နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ကြေညာထားပြီး ရွှေ့ဆိုင်းဖွယ်မရှိတော့ပေ။ သို့ဖြစ်ရာ ရွေးကောက်ပွဲများ၌ လွတ်လပ်မှုနှင့် မျှတမှုစံနှုန်းနှစ်ရပ်ကို တာဝန်ယူ လုပ်ဆောင်မည့်သူများအနေဖြင့် မိမိတို့၏သမိုင်းမှတ်တမ်းအတွက် ဂရုပြုအလေးထားလုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 အောက်တိုဘာ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent